" စိတ်ဓာတ်အင်အား ကြီးမားတဲ့သူဟာ သူများကို အနိုင်မကျင့်ဘူး "
“နိုင်လိုသူကို အရှုံးပေး နှလုံးအေးတဲ့ ဆေး” လို့ ပြောတာ ကြားဖူးတယ်၊၊ ဒ်ီစကားဟာ နားထောင်လို့ တော်တော် ကောင်းတယ်နော်၊၊ လုပ်ကြည့်ဖူးတဲ့သူ ဘယ်သူရှိသလဲ၊၊ တသက်လုံး ကိုယ့်ကို နိုင်ချင်တဲ့သူ မှန်သမျှကို အရှုံးပေးပြီး နေရခြင်းအားဖြင့် တကယ်ပဲ စိတ်ချမ်းသာမှု ရသလား၊ တကယ်ပဲ စိတ်ကျေနပ်မှု ရသလား၊၊ ကိုယ်က တဖက်လူကို သူပြောတာ လက်မခံနိုင်ဘူး။
သူခိုင်းတာ မလုပ်နိုင်ဘူး၊ သူတောင်းတာ မပေးနိုင်ဘူး ဆိုတဲ့ ငြင်းပယ်တဲ့ စကားကို ပြောရတော့မယ်လို့ သိနေရင် အဲဒီလို ငြင်းပယ်တာကိုပဲ သူ့ကို တနည်းအားဖြင့် အနိုင်ယူလိုက်ရတဲ့ လက်နက်အဖြစ်နဲ့ မသုံးပဲ ပြေပြေပြစ်ပြစ် ပြောလို့ရတဲ့ နည်းကို လေ့ကျင့်ရမယ်၊၊ ကိုယ်က တဖက်သားကို လေးစားတဲ့အကြောင်းနဲ့ သူ့ရဲ့ လိုအပ်ချက်ကိုလည်း အလေးအနက်ထားကြောင်း အသိအမှတ်ပြုကြောင်းကို တနည်းနည်းနဲ့ ပြောသင့်တယ်၊၊ နင်မကောင်းဘူး၊ နင်မှားတယ် ဆိုတဲ့ အပြစ်တင်တဲ့ စကားထက် ကိုယ့်ခံစားချက်၊ ကိုယ့်အမြင်ကို ပြောပြတဲ့ စကားက ရေရှည် ဆက်ဆံရေးမှာ ပိုပြီး ထိရောက်တယ်၊၊
အနိုင်လိုချင်တဲ့သူက တဖက်သားကို အားနဲသွားအောင် လုပ်ချင်တယ်၊၊ သူ့အမှား သေးသေးလေးကို အမှားကြီးကြီး ဖြစ်သွားအောင် လုပ်ချင်တယ်၊၊ သူ့ကို မမှား မှားအောင် တခါတလေ ချောင်ပိတ်လိုက်ချင်တယ်၊၊ တဖက်သား ရှုံးနိမ့်သွားမှသာ ကိုယ်က အားကြီးတဲ့သူ အနိုင်ရတဲ့သူ ဖြစ်မယ်လို့ ထင်နေတယ်၊၊ သူနိမ့်မှ ကိုယ်မြင့်မယ်လို့ သဘောထားတာဟာ အင်မတန်သေးသိမ်တဲ့ သဘောထား ဖြစ်တယ်၊၊
ကိုယ့်ကိုယ်ကို သေးသိမ်သွားအောင် လုပ်ချင်သလား၊၊ ကိုယ့်ကို အောက်တန်းကျတဲ့သူ ဖြစ်သွားအောင် သူများ လုပ်လို့ မရပါဘူး၊၊ ကိုယ့်ဟာကိုယ်ပဲ လုပ်လို့ရတယ်၊၊ တချို့ လူတွေကျတော့လည်း သူတို့ရဲ့ စိတ်ထဲမှာ လုံခြုံမှု မရှိတာကြောင့် အနိုင်ရမှ ကြိုက်တယ်၊ အနိုင်ရမှ နေသာထိုင်သာ ရှိတယ်၊၊ အဲဒါကြောင့် ရောက်လေရာမှာ တွေ့ရာလူကို အနိုင်ယူဖို့ပဲ ကြိုးစားတယ်၊၊ အနိုင်ရနေမှ နေသာထိုင်သာဖြစ်တဲ့သူဟာ အတွင်းစိတ်ထဲမှာ တော်တော် ပျော့ညံ့တဲ့သူပဲ၊၊ စိတ်ဓာတ်အင်အား ကြီးမားတဲ့သူဟာ သူများကို အနိုင်မကျင့်ဘူး၊၊
ဆရာတော်ဦးဇောတိက
Credit to စိတ်ပြူတင်းပေါက်
K.K(ကနောင်)
No comments:
Post a Comment