" နိုင်ငံတော်သမ္မတဦးသိန်းစိန် ဟားခါးချင်းရိုးရာ အက ၀င်ရောက်ကပြ "
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ချင်းပြည်နယ် ဟားခါးမြို့ ၀မ္မသူမောင် အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် ချင်းအမျိုးသားနေ့၌ ဟားခါး ချင်းတိုင်းရင်းသားတို့ ရိုးရာ ဒီရ်မွန်လာမ်း အကဖြင့် မိနစ် ၂၀ ကြာ ၀င်ရောက်ကပြခဲ့ကြောင်း သတင်းရရှိသည်။
ဒီရ်မွန်လာမ်းအကသည် ဟားခါးရိုးရာအကတစ်ခုဖြစ်ပြီး မြန်မာဘာသာဖြင့် မတ်တတ်ရပ်အက ဟူ၍ခေါ်သည်။ တစ်ဦးနှင့် တစ်ဦး ချစ်ကြည်ရင်းနှီးမှု ရစေရန် ရည်ရွယ်၍ တစ်ဦးလက်တစ်ဦး ချိတ်ကာ ရိုးရာဓလေ့များကို ဖော်ကျူးသည့်အနေဖြင့် ပွဲလမ်းသဘင်များ၌ ထည့်သွင်းကကြခြင်းဖြစ်သည်။ ချင်းအမျိုးသားနေ့ ဖေဖော်ဝါရီ ၂၀ ရက်တွင် လာရောက်ခဲ့သော သမ္မတဦးသိန်းစိန်အား ဧည့်ခံဖျော်ဖြေသည့်အနေဖြင့် ကပြနေချိန်တွင် ၀င်ရောက်ကပြခဲ့ခြင်းဖြစ်သည်။
‘‘သမ္မတကိုယ်တိုင် ၀င်ရောက်ကပြတာ တွေ့ရတဲ့အတွက် ချင်းတိုင်းရင်းသားတွေအပေါ် အလေးအနက် ထားပါလားဆိုပြီး ၀မ်းသာဂုဏ်ယူမိပါတယ်’’ ဟု ဒီရ်မွန်လာမ်းအက ကပြခဲ့သည့် ဟားခါးမြို့ခံ ကိုဗန်အုပ်က ပြောသည်။
သမ္မတဦးသိန်းစိန်သည် ချင်းအမျိုးသားနေ့ အခမ်းအနား တက်ရောက်ရန် ဟားခါးမြို့သို့ ဖေဖော်ဝါရီ ၂၀ ရက် နေ့လယ်က ရောက်ရှိလာခဲ့သည်။ ထို့နောက် ဟားခါးသားတို့၏ ရိုးရာဖြစ်သည့် အောင်နိုင်ခြင်း တိုင်စိုက်ထူခြင်း အခမ်းအနားကို ကိုယ်တိုင်ဝင်ရောက်စိုက်ထူခဲ့ပြီး ရိုးရာအကကို လက်ချင်းချိတ်ကာ ၀င်ရောက် ကပြခဲ့ခြင်း ဖြစ်သည်။
7Day Daily
ချင်းအမျိုးသားနေ့အခမ်းအနားတွင် သမ္မတဦးသိန်းစိန် ပါဝင်ဆင်နွှဲနေစဉ် (ဓာတ်ပုံ−ကိုစိုင်း)
No comments:
Post a Comment