Friday, February 13, 2015

" တယောက်နှင့်တယောက်ဆက်ဆံရေး "

" တယောက်နှင့်တယောက်ဆက်ဆံရေး "

ကိုယ့်ဘဝ အခြေအနေ တိုးတက်လာချင်ရင် ကိုယ့်စိတ်ထားကို မြှင့်ရမယ်၊၊ ကိုယ့် လုပ်ရည်ကိုင်ရည်ကို မြှင့်ရမယ်၊၊

မိတ်ဆွေကောင်းတွေ များအောင် စိတ်ထားကောင်းကောင်းနဲ့ လူတွေကို ဆက်ဆံရမယ်၊၊ တတ်နိုင်သလောက် ကိုယ့်ကြောင့် လူတွေ စိတ်ချမ်းသာအောင် လုပ်ရမယ်၊၊ အဆင်ပြေအောင် လုပ်ရမယ်၊၊

အဲဒီလို လုပ်နိုင်ရင် ကိုယ့်ဘဝအခြေအနေတွေ ပိုကောင်းလာမယ်၊၊ ကိုယ့်မှာရှိတဲ့ အကောင်းအဆိုး နှစ်မျိုးလုံးကို သေသေချာချာ မြင်ပြီးတော့ အကောင်းကို လက်ခံနိုင်သလို အဆိုးကိုလည်း လက်ခံနိုင်ဖို့ အရေးကြီးတယ်၊၊ အဆိုးကို လက်ခံနိုင်မှသာ အဲဒီအဆိုးဟာ အကောင်းဖက်ကို တဖြည်းဖြည်း ပြောင်းသွားမယ်၊၊ လက်မခံနိုင်သေးသ၍၊ ဖုံးကွယ်ထားသ၍ အကောင်း ဖြစ်မလာနိုင်ဘူး၊၊

ဖုံးကွယ်ထားပြီး မရှိဟန် ဆောင်နေရင် ပြုပြင်နိုင်တဲ့အဆင့်ကို မရောက်နိုင်ဘူး၊၊ ဒါဟာသဘာဝပဲ၊၊ အမှန်အတိုင်း မဖုံးကွယ်ပဲ လက်ခံလိုက်မှသာ ပြင်နိုင်မယ်၊၊ သူတပါးလဲ ကိုယ့်လိုပဲ ကောင်းတာနဲ့ဆိုးတာ ရောနေတယ်ဆိုတာကို လက်ခံရမယ်၊၊

သူတပါးရဲ့ အမှားကိုမြင်ရင် ပြစ်တင်ရှုတ်ချတာမျိုး မလုပ်ပဲနဲ့၊ အရှက်ခွဲတာမျိုး မလုပ်ပဲနဲ့၊ ကိုယ်ချင်းစာပြီးတော့ လေးစားတဲ့စိတ်၊ တန်ဖိုးထားတဲ့စိတ်နဲ့ သူ့ရဲ့ချို့ယွင်းချက်ကို လက်ခံနိုင်ရင် တဖက်လူဟာ သူ့ကိုယ်ကိုသူ အကာအကွယ်ပေးတဲ့အနေနဲ့ ဖုံးကွယ်နေစရာ မလိုတော့ပဲ သူ့ချို့ယွင်းချက်ကိုသူ တဖြည်းဖြည်း ပြုပြင်နိုင်တဲ့စိတ်ကို ရမယ်၊၊

ဖြစ်ပေါ်လာတဲ့ အခြေအနေမှာ အချိန်တိုင်း အချိန်တိုင်းကို သတိနဲ့ ကိုယ်က ရင်ဆိုင်မယ်ဆိုရင်၊ တတ်နိုင်သလောက် စိတ်ကို အေးအေးထားမယ်၊ တတ်နိုင်သလောက် လက်ခံမယ်ဆိုရင် ဒါကို ဖြစ်အောင်လုပ်မယ် ဆိုတဲ့စိတ်ရှိရင် ကိုယ့်ရဲ့ ဂုဏ်သိက္ခာ ရိုးသားမှု မျှတမှုကို တန်ဖိုးထားပြီး၊ ကိုယ့်ရဲ့စိတ်မှာ ဘက်လိုက်မှု မရှိဘဲ၊ ချစ်ခြင်းမုန်းခြင်း မရှိဘဲ နေမယ်ဆိုရင် အသစ်ဖြစ်တဲ့ ပိုပြီးတော့ (harmonious) ညီညွတ်မျှတတဲ့ အဖြေဟာ ကိုယ်လိုအပ်တဲ့အခါမှာ စိတ်ထဲမှာ ပေါ်လာမယ်၊၊ မျှတတဲ့သဘောထားရှိရင် မှန်ကန်တဲ့အဖြေကို ရနိုင်ပါတယ်၊၊

ခန္ဓာကိုယ်နဲ့ စိတ်မှာ မကျန်းမာတဲ့အခါ ကောင်းကောင်းမွန်မွန် ပြုစုကုသပေးရင် ပြန်ပြီးတော့ ကျန်းမာလာနိုင်သလို ဒဏ်ရာတွေ အနာတွေ ပျောက်သွားနိုင်သလို၊ တယောက်နဲ့ တယောက် ဆက်ဆံရေးဟာလည်း ကောင်းအောင် ပြုစုပေးရင် နဂိုက ဒဏ်ရာတွေဟာ ပျောက်ကင်းနိုင်ပါတယ်၊၊ သဘောထားမှန်မှန်နဲ့ ပြေပြေလည်လည် ပြောဆိုနိုင်ရင် ဒီအနာကလေးက ပြန်ကျက်သွားနိုင်ပါတယ်၊၊ အဲဒါကို သဘောပေါက်ဖို့ လိုတယ်၊၊

တခါတရံ စိတ်ဆိုးတာ၊ ရန်ဖြစ်တာနဲ့ပဲ တသက်လုံး ရန်သူကြီးလို သဘောမထားသင့်ဘူး၊၊

ဆရာတော်ဦးဇောတိက

Credit to စိတ်ပြူတင်းပေါက်
K.K(ကနောင်)


No comments:

Post a Comment