Monday, February 16, 2015

နားလည်နိုင်ပါ့မလား

ရှင်သိနိုင်ပါ့မလား..
ရှင်ပြောသမျှ ရှင့်ဆန္ဒဆို အမြဲခေါင်းညိတ်တတ်ခဲ့ပေမယ့်
တခါတရံမှာ ကျမမှာလဲ ရှင့်ကို ပြောပြချင်တဲ့စကားတွေ ရှိနေခဲ့တယ်ဆိုတာ...

ရှင်သိနိုင်ပါ့မလား..
ကိုယ့်ကိုယ်ကိုယ်ထက်အမြဲရှင့်ကို ပိုဂရုစိုက်တတ်ခဲ့ပေမယ့်
တခါတရံမှာ ကျမအလိုအပ်ဆုံးက ရှင့်ရဲ့ကြင်နာဂရုစိုက်မှုတွေဖြစ်နေခဲ့တယ်ဆိုတာ..

ရှင်သိနိုင်ပါ့မလား..
မာနဆိုတဲ့အရာကို ရှင်နဲ့ပတ်သက်လာတိုင်း အမြဲလျစ်လျူရှုထားတတ်ခဲ့ပေမယ့်
ရှင့်အတွက်ကျမရဲ့ ဖြစ်တည်မှုဆိုတာကိုတော့ ရှင့်ကို တန်ဖိုးထားတတ်စေချင်ခဲ့တယ်ဆိုတာ..

ရှင်သိနိုင်ပါ့မလား..
ထပ်တူညီတဲ့တန်ပြန်ပေးဆပ်မှုကို မမျှော်လင့်ခဲ့ပေမယ့်
ဒီပေးဆပ်ခြင်းတွေကို နည်းနည်းလောက်တော့ စာနာနားလည်တတ်စေချင်ခဲ့တယ်ဆိုတာ..

ရှင်နားလည်နိုင်ပါ့မလား..
ကျမဟာ စဉ်းစားဆင်ခြင်ဥာဏ်မရှိတဲ့စက်ရုပ်တစ်ရုပ်လို ကိုယ့်အတွက်ဆို ဘာဆိုဘာမှမတွေးပဲ ရှင့်အနားရှိချင်ခဲ့တယ်ဆိုပေမယ့် ဒါဟာ ကျမနှလုံးသားထဲက အချစ်ဆိုတဲ့အရာ တစ်ခုတည်းသက်သက်ကြောင့်ဆိုတာ.....

ကျေးဇူးပြုပြီး..
ကျမကိုပဲ မပေးဆပ်စေချင်ပါနဲ့..

တချိန်ချိန်..
ကျမမှာ ပေးဆပ်နိုင်စရာ မရှိနိုင်တော့တဲ့တချိန်..
နာကျင်ထိခိုက်ရပါများလွန်းလို့ ကျမမောပန်းနွမ်းနယ်လာတဲ့တချိန်..
ကျမစိတ်နှလုံးသားတွေ ပြန်ဆက်မရနိုင်တော့လောက်အောင် ကြေမွကွဲကြေသွားတဲ့တချိန်
အဲဒီ တချိန်ချိန်ကိုရောက်လာခဲ့တဲ့အခါ
ကျမ ရှင့်ကို မမုန်းနိုင်ပေမယ့်
ကျမ ရှင့်ကို ထားသွားနိုင်ခဲ့မှာကို
ကျမ စိုးရိမ်ပူပန်နေမိလို့ပါပဲ...

-- ဆုဝေဖြိုး -


No comments:

Post a Comment