လူငယ်၊ ပညာနှင့်အလုပ်အကိုင် အခွင့်အလမ်း
=================================
ဒီနေ့ခေတ်မှာ ယခင်ကထက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ထွန်းလာပြီဖြစ်သည်။ သို့သော်လည်း အလုပ်အကိုင်မရှိသော လူငယ်များစွာလည်းရှိနေသည်။ မြို့ပြဒေသများတွင် အလုပ်အကိုင်များ စွာရှိနေသောကြောင့် မြို့ပြနေလူငယ်များအဖို့ အလုပ်အကိုင်မရှားလှသည်ကို တွေ့ရသည်။ သို့သော်လည်း မြန်မာနိုင်ငံမှာ မြို့ပြထက် ကျေးလက်ဒေသများမှာ ပိုမိုနေထိုင်ကြသည်ဖြစ်၍ အများစုသော ကျေးလက်နေလူငယ်များစွာမှာ အလုပ်အကိုင်ရှားပါးလျက်ရှိသည်။
အများစုသော လူငယ်များစွာအဖို့ (အထူးသဖြင့် ကျေးလက်မှလူငယ်များအဖို့) အလုပ်အကိုင် ရှားပါးရခြင်းမှာ နေထိုင်ရာဒေသနှင့် သက်ဆိုင်သကဲ့သို့ လစာကောင်းမွန်သော အလုပ်အကိုင်များအတွက် အခြေခံလိုအပ်ချက်အတတ်ပညာများ မရှိသောကြောင့်လည်းဖြစ်သည်။ ယေဘုယျအားဖြင့် လစာ ကောင်းမွန်သော အလုပ်အကိုင်တစ်ခုရရှိနိုင်ရန် ဘွဲ့လက်မှတ်တစ်ခုတည်းနှင့်ပင် မရရှိနိုင်ဘဲ အခြားသော ကျွမ်းကျင်မှုများဖြစ်သည့် အင်္ဂလိပ်စာ၊ တရုတ်စာ၊ ဂျပန်စာ စသည့် ဘာသာစကားအနည်းဆုံး တစ်ခုခုကျွမ်းကျင်မှ အတတ်ပညာတစ်ခုခုနှင့် ပတ်သက်သော Professional Certificate တစ်ခုခု (ဥပမာ LCCI, ACCA, DMA, CCNA, MCSA) ရှိမှရရှိနိုင်မည် ဖြစ်သည်။
သို့မဟုတ် Photoshop, Auto CAD, Video Editing စသော အတတ်ပညာများ တတ်မြောက်လျှင်လည်း ဝင်ငွေကောင်းကောင်းဖြင့် အလုပ်အကိုင်များ ရရှိနိုင်မည်ဖြစ်သည်။ ငွေကြေးတတ်နိုင်သူများအဖို့တော့ ပညာရပ်များကို လွယ်လင့်တကူ သင်ကြားနိုင်မည်ဖြစ်သော်လည်း အများစုအဖို့တော့ လက်လှမ်းမမီနိုင်ကြသေးဘဲ ခက်ခဲလျက် ရှိနေသေးသည်။
ကျွန်တော်ကြားဖူးတာတစ်ခုရှိသည်။ အမေရိကန်မှာ လူတိုင်းဟာဘဝကို အချိန်မရွေးပြန်စနိုင်သည်တဲ့။ လမ်းဘေးကလူကလည်း သန်းကြွယ်သူဌေး ဖြစ်နိုင်သလို ပညာရှင်လည်းဖြစ်နိုင်သည်။ အဘယ်ကြောင့်ပါနည်း။ ကျန်းမာသန်စွမ်းလျှင် အလုပ်အကိုင်များစွာရှိနေပြီး လေ့လာလိုသော ပညာရပ်များကို လွယ်လင့်တကူ လေ့လာနိုင်သောကြောင့် ဖြစ်သည်။
စာကြည့်တိုက်များစွာရှိသကဲ့သို့ မိမိတို့ဝါသနာပါ ရာပညာရပ်ကို ဆုံးခန်းတိုင်လိုက်စားနိုင်သည်။ ထူးချွန်၍လုပ်ချင်သည့် စိတ်သာရှိမည်ဆိုလျှင် ထောက်ပံ့ပေးမည့် အဖွဲ့အစည်းများစွာက အရန်သင့်ရှိသည်။ ဒါကတော့ အမေရိကန်နိုင်ငံလို ကမ္ဘာ့ထိပ်တန်း နိုင်ငံဖြစ်သောကြောင့်ဟု ဆိုကောင်းဆိုနိုင်ပေမည်။ ကျွန်တော်တို့နိုင်ငံမှာလည်း လိုချင်စိတ်သာရှိမည် ဆိုလျှင် ဖြစ်နိုင်ပေမည်။ ကျွန်တော်တို့သည် ခေတ်၊ စနစ်ကို အပြစ်တင် ဝေဖန်နေ၍ မလုပ်လျှင် မိမိတို့ သာအရှုံးပေမည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျောင်းသားအများစု အမှတ်မှားကြသည်မှာ မြန်မာပြည်မှဘွဲ့ဖြင့် ပြည်ပနိုင်ငံများရှိ နာမည်ကျော်တက္ကသိုလ်ကြီးများတွင် ဆက်လက်ပညာသင်ကြားနိုင်ခြင်း မရှိဟု ယူဆထားကြသည်။ ထို့ကြောင့် အချို့က ပေါ့ပေါ့တန်တန် သဘောထားကာ အမှတ်နည်းနည်းဖြင့် အောင်မြင်ကြသည်ဖြစ်သောကြောင့် ပြည်ပနိုင်ငံများမှာ မဟာဘွဲ့ ဆက်လက်တက်ရောက်ဖို့ အခက်အခဲ ကြုံတွေ့ခါမှ နောင်တရကြသည်။ တကယ်တော့ ပြည်ပနိုင်ငံများကို ခဏဘေးဖယ်ထားပြီး ပြည်တွင်းတွင်ပင် မဟာဘွဲ့ရယူမည်ဆိုပါက အစိုးရအလုပ်အကိုင်များမှာ ရာထူးတက်ဖို့ (သို့မဟုတ်) ပြန်တမ်းဝင်အရာရှိ စာမေးပွဲအောင်မြင်ဖို့ ပိုမိုအခွင့်အလမ်း ရမည်ဖြစ်သည်။
ထို့ကြောင့်ပင်လျှင် အစိုးရအလုပ်ဝင်ပြီးမှ တစ်ဖန်ပြန်လည်ပြီး မဟာဘွဲ့ ဆက်လက်တက်ရောက်ကြသူများစွာ ရှိနေခြင်းဖြစ်သည်။ အနီးစပ်ဆုံးဥပမာပြရလျှင် ကုမ္ပဏီကြီးများ၌ စီမံခန့်ခွဲမှု တာဝန်ယူထားသူများအဖို့ လစာပိုမိုကောင်းမွန်ကာ ရာထူးပိုမိုကြီးမားသော နေရာသို့ ရောက်ရှိရန်အတွက် အလုပ်ထွက်ကာ MBA ကိုတက်ရောက်ကြသည်။ အချို့က အလုပ်တစ်ဖက်နှင့် EMBA တက်ရောက်ကြသည်။
ဆိုလိုသည့်သဘောက ကျွန်တော်တို့အနေဖြင့် ဘွဲ့လက်မှတ်များကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ကြဘဲ အလုပ်အကိုင်၊ ရာထူးများနှင့် တိုက်ရိုက်ပတ်သက်နေသောကြောင့် အလေးအနက်ထားကာ ကြိုးစားရယူထားကြရမည် ဖြစ်သည်။ အထူးသဖြင့် အဝေးသင်ဖြင့် ကျောင်းပြီးသူများအဖို့ ငါတို့အဝေးသင်က ဘာမှလုပ်လို့မရဘူးဆိုပြီး စိတ်လျှော့ကာပညာရေးကို လမ်းခွဲလိုက်ကြတာများသည်။ တကယ်တော့ ဘွဲ့လက်မှတ်တစ်ခုရလျှင် ဆက်လက်တက်ရောက်နိုင်သော ဘွဲ့လွန်ဒီပလိုမာ သင်တန်းများစွာ ရှိနေသည်။ စီးပွားရေးတက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်များမှာ ဖွင့်လှစ်သင်ကြားလျက်ရှိသော ဘွဲ့လွန်သင်တန်းများစွာ ရှိနေသည်။ သို့မဟုတ်ပါကလည်း ပြင်ပသင်တန်းများ တက်ရောက်ပြီး နိုင်ငံတကာ ဒီပလိုမာများနှင့် အတတ်ပညာများကို လေ့လာသင်ကြားနိုင်ကြသည်။
တကယ်တော့ လူငယ်များအဖို့ မိမိတို့နဲ့ပတ်သက်တဲ့ ပညာရပ်တွေကို ဆယ်တန်းအောင်ကတည်းက တစိုက်မတ်မတ် လေ့လာဆည်းပူးကြမယ်ဆိုလျှင် အလုပ်အကိုင်ကောင်းတွေကို လွယ်လင့်တကူ ရရှိကြမှာမလွဲပါပဲ။ အထူးသဖြင့်တော့ အင်္ဂလိပ်စာကို အထူးကျွမ်းကျင်အောင် တစိုက်မတ်မတ် လုပ်ဆောင်သင့်သည်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးကတည်းက ဘွဲ့ရသည်အထိဆိုလျှင် လေးငါးနှစ်တော့ အချိန်ရသည်။ အဆိုပါအချိန်ကာလသည် တကယ်တမ်း လုပ်ဆောင်မည်ဆိုပါလျှင် လုံလောက်သော အချိန်ဖြစ်သည်။ မြို့ကြီးပြကြီးများမှာတော့ အင်္ဂလိပ်စာသင်တန်း များစွာရှိသောကြောင့် လွယ်လင့်တကူ တက်ရောက်နိုင်ကြပေမယ့် နယ်မှလူငယ်များအဖို့တော့ သင်တန်းတက်ရောက်ရန် အခက်အခဲ ရှိနိုင်ပေမည်။ သို့သော် မိမိကိုယ်တိုင် ဆည်းပူးလေ့လာလျှင်လည်း ဖြစ်နိုင်ပေသည်။ စာအုပ်စာတမ်းများစွာ ဝယ်ယူဖတ်ရှုပြီး လေ့လာနိုင်သလို ကွန်ပျူတာဝယ်ယူကာ Learning CD များ၊ အင်တာနက်များမှ လေ့လာနိုင်မည်ဖြစ်သည်။ သို့မဟုတ် စမတ်ဖုန်း၊ တက်ဘလက်များဖြင့်လည်း Learning Apps များတင်ကာ လေ့လာနိုင်မည်ဖြစ်သည်။ အထူးသဖြင့် အင်တာနက်ချိတ်ဆက်မှုမှာ နယ်များအထိမိုဘိုင်းဖုန်း များထံမှ ရောက်ရှိဖြန့်ကြက်နေပြီဖြစ်သောကြောင့် အဆိုပါအခွင့်အရေးကို အသုံးချကာလေ့လာနိုင်ကြ မည်ဖြစ်သည်။
စာရေးသူအနေဖြင့် အိုင်တီနဲ့ဂျီတီစီမှာ တက်ရောက်ခဲ့ပါတယ်။ ကျောင်းတက်စဉ်က အိုင်တီနဲ့ပတ်သက် တဲ့သင်တန်းတွေကို အပြင်မှာသိပ်မတက်ဖူးပါဘူး။ သို့သော်လည်း ကျောင်းပြီးလို့ကွန်ပျူတာတက္က သိုလ်ကအိန္ဒိယ၊ ဂျပန်တို့နဲ့ပူးတွဲဖွင့်လှစ်တဲ့ ဘွဲ့လွန်ဒီပလိုမာ ၆ လ သင်တန်းတက်ရောက်တဲ့အခါ လုပ်ငန်းခွင်ဝင်ရောက်ဖို့ လုံလောက်တဲ့ပညာရပ်တွေကို တတ်မြောက်ခဲ့ပါတယ်။ ကျောင်းတွေမှာက စာတွေ့ ဦးစားပေး သင်ကြားသောကြောင့် မိမိတို့ဘာမှမတက်ဖူးဟု ပြောဆို၍မရနိုင်ပါ။ လိုအပ်သော မွမ်းမံသင်တန်းများလည်း တက်ရောက်ဖို့ လိုအပ်သေးသည်ကို သတိချပ်သင့်ပေသည်။
နည်းပညာအပြောင်းအလဲအလွန်များသော ဒီနေ့ခေတ်ကြီးထဲမှာ သင်ကြားခြင်းကို ရပ်တန့်လိုက်လို့ မရနိုင်ပေ။ ကျောင်းပြီးတာနဲ့ ပြီးပြီဟူသော အတွေးအခေါ်ကို မိမိတို့ခေါင်းထဲမှ မောင်းထုတ်ပစ်ရပေမည်။ ခုထိစာတွေသင်တုန်းပဲလား ဟူသော အရပ်ထဲမှာစကားကို လျစ်လျူရှုရပေမည်။ သို့သော်လည်း အလုပ်မလုပ်ဘဲ မိဘငွေကြေးဖြင့် ခေတ်ရေစီးကြောင်းဖက်ရှင်အလိုက် သင်တန်းပေါင်းစုံ ပတ်တက်နေလျှင်လည်း နေရာမကျသေးဘူးဟု ဆိုရပေမည်။ ဘဝဆိုတာက ဖြစ်လာသည့် အခြေအနေများကို အလိုက်သင့်လိုက်လျောညီထွေစွာ စဉ်းစားသုံးသပ်လုပ်ကိုင်ကြရမည်ဖြစ်သည်။ တစ်ခါတစ်ရံမှာ မိမိလုပ်ချင်သည့် လမ်းကြောင်းပေါ် မရောက်သေးခင် အဆင်ပြေရာတစ်ခုခုကိုတော့ လုပ်ကိုင်နေရပေမည်။ မိမိတို့ဖြစ်လိုသည့် လမ်းကြောင်းကိုမူ အပျောက်မခံဘဲ လိုအပ်သည်များကို ဖြည့်ဆည်းနေရမည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် ပညာသည်သာအခရာဖြစ်သော ယနေ့ခေတ်ကြီးမှာ လူငယ်များအဖို့ အဖိုးမဖြတ်နိုင်သော အရာကို မိမိတို့လက်ဝယ် ပိုင်ဆိုင်ထားကြောင်း သတိပြုစေချင်ပါသည်။ အဲဒါကတော့ အချိန်ပါပဲ။ အဆိုပါအချိန်များကို ကံ၊ ဉာဏ်၊ ဝီရိယလက်နက်များဖြင့် အောင်မြင်သောဘဝတစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ကြုံတွေ့နေရသော အခြေအနေများကို စိတ်မပျက်ဘဲ ထက်သန်သော လုံ့လဝီရိယဖြင့် အားထုတ်ကြပါလျှင် ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဆီးကြိုလင့်နေမှာ အမှန်ပဲဖြစ်ပါတယ်။ ။
Credit : ကြေးမုံသတင်းစာ
Tuesday, February 17, 2015
" လူငယ်၊ ပညာနှင့်အလုပ်အကိုင် အခွင့်အလမ်း "
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment