Monday, February 16, 2015

" လောက်ကိုင်မြေသို့ စာလေးတစ်ဆာင် "

လောက်ကိုင်နယ်မြေမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သတင်းတွေမျိုးစုံကြားနေရပါတယ်။ အွန်လိုင်းမှာရော၊ ရုပ်မြင်သံကြား မှာပါ မြင်နေရတယ်။ ဂျာနယ်တွေ သတင်းစာတွေမှာလည်း ဖတ်ရတယ်။ ဖုန်ကြားရှင် ဦးစီးတဲ့ ကိုးကန့် (တိမ်းရှောင်) အဖွဲ့က လောက်ကိုင်မြို့ကို သိမ်းဖို့လုပ်လာတဲ့အတွက် တပ်မတော်က အသက်ပေါင်းများစွာ စတေးပြီး ကာကွယ်ခဲ့ရတာလို့ သိရပါတယ်။ ပြည်သူတစ်ရပ်လုံးကလည်း အဲဒီအဖွဲ့ကို အမြစ်ဖြုတ်တိုက်ထုတ်ဖို့ ဆန္ဒတွေ ရှိနေကြတယ်။ တိုင်းပြည် ဆူပူအုံကြွအောင် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးအောင် လုပ်လာရင်တော့ တပ်မတော်တင်မဟုတ်ပါဘူး။ ဘယ်ပြည်သူကမှလည်း လက်ခံမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။

အဲဒီတိုက်ပွဲတွေမှာ ကျဆုံးသွားတဲ့ တပ်မတော်သားတွေအတွက် မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရတာအမှန်ပါပဲ။ ဒါပေမယ့် အသက်စွန့်ပြီး ကာကွယ်ပေးရဲတဲ့ သတ္တိနဲ့ စိတ်ဓာတ်ကိုတော့ တကယ်ကိုပဲလေးစား ဂုဏ်ယူမိပါတယ်။ လက်ရှိတိုက်ပွဲဝင်နေတဲ့ တပ်မတော်သားအပေါင်းကို ဘေးမသီရန်မခစေကြောင်း ဆုတောင်းပြီး အားပေးနှစ်သိမ့်တဲ့ စာတွေလည်း ရေးပို့နေကြတာတွေ့ပါတယ်။ ကျွန်တော်လည်း အဲဒီလို စာလေးတစ်စောင် ရေးပို့လိုက်ပါတယ်။

အနုပညာရှင်ဖြစ်တဲ့ ရဲအောင်၊ ပိုင်ဇေရဲထွန်း၊ မိုးယံဇွန်၊ မေသန်းနု၊ ခိုင်သင်းကြည်၊ ဇင်ဇင်ဇော်မြင့် တို့ရဲ့ စာတွေကို အွန်လိုင်းမှာ ဖတ်ရတယ်။ ဇာဇာထက်ရဲ့ ဂုဏ်ပြု ဓာတ်ပုံတွေလည်း တွေ့ရတယ်။ အဲဒီလိုပဲ ကျွန်တော်လည်း ရှေ့တန်းစစ်မြေပြင်ရောက် တပ်မတော်သားများအတွက် အားပေးစာတစ်စောင် ရေးဖြစ်ခဲ့ပါတယ်။ တပ်မတော် သားအပေါင်း ဘေးမသီရန်မခပါစေနဲ့လို့ ဦးစွာ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

တိုက်ပွဲတွေကြားမှာ အသက်ကို စွန့်လွှတ်ပေးဆပ်ထားပြီး ရန်သူကို တိုက်ခိုက်နေတာဟာ ကြီးမြတ်တဲ့လုပ်ရပ် ဖြစ်ပါတယ်။ အမိမြေကို ကျူးကျော်လာတဲ့ ရန်သူကို အပြီးတိုင်ချေမှုန်းနိုင်ပါစေလို့လည်း အားပေးပါတယ်။ တကယ်တော့ တိုက်ပွဲတွေ စဖြစ်တုန်းက လောက်ကိုင်နယ်မြေအတွက် စိုးရိမ်ခဲ့သေးတယ်။ လောက်ကိုင်မြေကို ရန်သူတွေ သိမ်းပိုက်သွားမလား ဆိုပြီးတွေးခဲ့မိသေးတယ်။ ဒါပေမယ့် တပ်မတော်သားတွေရဲ့ ရဲစွမ်းသတ္တိကို သူတို့တွေ မယှဉ်နိုင်ခဲ့ပါဘူး။

အခုဆိုရင် တပ်မတော်က လောက်ကိုင်နယ်မြေကို တည်ငြိမ်အေးချမ်းအောင် တဖြည်းဖြည်းထိန်း
ချုပ်နိုင်ပြီဖြစ်ပါတယ်။ တပ်မတော် ဘက်က ၄၇ ယောက် ကျဆုံးတယ်လို့ ကြေညာတုန်းက ကျွန်တော်ဖြင့် မျက်ရည်တောင်ကျခဲ့ရတယ်။ ရဲတပ်ဖွဲ့ဝင်တွေလည်း ကျတယ် ကြားတော့ ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် ကိုးကန့် (တိမ်းရှောင်) အဖွဲ့ဘက်က ၂၆ ယောက် ကျ တယ်ပြောတော့ ဒီထက်မက ရအောင်တိုက်ပါလို့ အားပေးလိုက်ချင်ပါတယ်။

အဲဒီအဖွဲ့ကြောင့် တပ်မတော် အရာရှိ၊ အခြားအဆင့် စစ်သည်တွေရဲ့ အသက်တွေ ပေးခဲ့ရတယ်။ ကျန်ရစ်သူ မိသားစုတွေရဲ့ မျက်ရည်တွေကို ကိုယ်ချင်းစာမိပါတယ်။ သူတို့တွေရဲ့ ရင်ထဲမှာ ၀မ်းနည်းပူဆွေးနေပေမယ့် သူတို့ရဲ့ ယောင်္ကျား၊ သူတို့ရဲ့ ဖခင်တွေ အတွက် အမြဲတမ်းဂုဏ်ယူနေတယ်ဆိုတာ ယုံပါတယ်။ ကျွန်တော်ကလည်း ထာဝရ လေးစားခြင်းများစွာဖြင့် ကျဆုံးအရာရှိ စစ်သည် များကို ဦးညွှတ်အလေးပြုပါတယ်။

လောက်ကိုင်မြေကို ရောက်ရှိနေတဲ့ တပ်မတော်သားတွေကိုလည်း အမြဲတမ်းဂုဏ်ယူလျက်ပါ။ ကျဆုံးသွားသော တပ်မတော် သားများအတွက် ကလဲ့စားချေပေးပါ။ တိုင်းပြည်အတွက် ဖုန်ကြားရှင်အဖွဲ့ကို အမြစ်ပြုတ်အောင် တိုက်ခိုက်ပေးပါလို့ တောင်းဆို ချင်ပါတယ်။ အောင်ပွဲတွေ အလီလီရပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် ထာဝရ ကာကွယ်စောင့်ရှောက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ရှေ့တန်းရောက် စစ်သည်၊ အရာရှိအပေါင်းအား အစဉ်လေးစားလျက် ……

ဇော်မြင့်ဦး


No comments:

Post a Comment