Monday, March 9, 2015

" ကုန်းဘောင်အနွယ်တော်များ မန္တလေးနန်းတွင်းတွင် ပထမဆုံးအကြိမ် ဆွမ်းကပ်လှူဒါန်း "

" ကုန်းဘောင်အနွယ်တော်များ မန္တလေးနန်းတွင်းတွင် ပထမဆုံးအကြိမ် ဆွမ်းကပ်လှူဒါန်း "

သီပေါမင်းပါတော်မူပြီးနောက် နှစ်ပေါင်း ၁၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကုန်းဘောင်အနွယ်တော်များက မန္တလေးနန်းတွင်း၌ ဆွမ်းကပ်ကာ ဆွေတော်မျိုးတော်များကို အမျှအတန်း ပေးဝေခဲ့ကြောင်း သတင်းရရှိသည်။ ကုန်းဘောင်အနွယ်တော်များသည် မတ်လ ၉ ရက်က မန္တလေး မြနန်းစံကျော် ရွှေနန်းတော်အတွင်း သံဃာတော် ၁၁ ပါးအား ဆွမ်းကပ်လှူခဲ့ပြီး ဆွေတော်မျိုးတော်တို့ကို အမျှအတန်းပေးဝေခဲ့သည်ဟု သီပေါမင်း၏ မြစ်တော် ဦးစိုးဝင်းက ပြောသည်။

‘‘ကုန်းဘောင်အနွယ်တော်တွေဖြစ်တဲ့ မင်းတုန်းမင်း၊ ကနောင်မင်းသား၊ သီပေါမင်းတို့ရဲ့ အနွယ်တော်တွေအပြင် ဘိုးတော်ဘုရား အနွယ်တော်တွေတောင် ပါသေးတယ်။ အနွယ်တော် တစ်ရာကျော်လောက် တက်ရောက်ခဲ့တယ်’’ ဟု ဦးစိုးဝင်းကပြောသည်။

မန္တလေးနန်းတော်တွင် ပထမဆုံးအကြိမ် ဆွမ်းကပ်လှူခြင်းဖြစ်ပြီး ယင်းသို့ဆောင်ရွက်ရန် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းဆွေက ဦးဆောင်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

‘‘ပါတော်မူပြီးကတည်းက အနွယ်တော်များက နန်းတွင်းနဲ့ အဆက်အသွယ် ပြတ်နေတာ။ လွတ်လပ်ရေးရတော့လည်း ဒီအတိုင်းပဲ။ ခုလို ကုန်းဘောင်အနွယ်တွေ ပထမဆုံးအကြိမ်တွေ့ဆုံပြီး ဆွမ်းကပ်ခွင့်ရတော့ ဂုဏ်ယူဖို့ ကောင်းတာပေါ့။ ဒီလိုလုပ်ချင်နေတာတော့ဟကြာပြီ’’ ဟု ဦးစိုးဝင်းက ပြောသည်။

ထို့အပြင် ဆွေတော်မျိုးတော်များအတွက် လှူဒါန်းပွဲများကို နောက်ပိုင်းတွင် ဆက်လက်လုပ်ဆောင်သွားမည် ဟုလည်း သိရသည်။ ယင်းသို့ ကုန်းဘောင်အနွယ်တော်များ တွေ့ဆုံရန် ပြီးခဲ့သည့် နှစ်က စတင်စုစည်းခဲ့ခြင်း ဖြစ်သည်ဟု ကနောင်မင်းသားကြီး၏ အနွယ်တော်တစ်ဦးဖြစ်သော တော်ဘုရားနောင်က ပြောသည်။

ယခင်က သီပေါမင်းအနွယ်တော်များကသာ ပါတော်မူနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိနေပြီး ယခုကဲ့သို့ ကုန်းဘောင်အနွယ်များ စုပေါင်းပြီး ဆောင်ရွက်သည့် လှူဒါန်းပွဲကို ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။


Credit : 7day Daily


No comments:

Post a Comment