" အတင်းပြောခြင်းကို စနစ်တကျ အသုံးပြုတတ်လျင် စိတ်ကျန်းမာရေးအတွက် ကောင်းမွန် "
အတင်းပြောရတာ သိပ်အရသာ ရှိပါတယ်။ အထူးသဖြင့် မိန်းကလေးတွေ အတွက်ပေါ့။ မိန်းကလေးတွေဟာ အခုမှ သိကြပေမယ့်လည်း တစ်ယောက်ယောက်က အတင်းစပြောလိုက်ရင် တစ်ကယ့် ငယ်သူငယ်ချင်းတွေလို ချက်ခြင်းကြီး ခင်သွားတတ်ကြပါတယ်။ စိတ်နှောက်ကျိရှုပ်ထွေးပြီး မျက်နှာလေး ညိုနေတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ သူငယ်ချင်းတွေ အိမ်လာလည်ပြီး အတင်းတွေ ထိုင်ပြောလိုက်ရတဲ့အခါ ပြန်လည်အားပြည့်လန်းဆန်း သွားတာကို အကြိမ်ကြိမ် တွေ့ခဲ့ဖူးပါတယ်။ တစ်ကယ်တော့ အတင်းပြောခြင်းဟာ စိတ်ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ စိတ်ပညာရှင်များက ထောက်ခံထားပါတယ်။
အတင်းပြောခြင်းဟာ အားကိုးတဲ့ သတင်းရင်းမြစ်လည်း ဖြစ်နေတတ်ပါတယ်။ ဟုတ်လို့ကျော်၊ ပုပ်လို့ပေါ်ဆိုတဲ့ စကားပုံအတိုင်း အတင်းစကားတွေ ထွက်လာတယ်ဆိုတာ တစ်ခုခုတော့မှန်နေလို့  ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် လူမှုဆက်ဆံရေး ကျွမ်းကျင်သူတွေဟာ ကိုယ့်အကြောင်းကို ဘယ်သူဘယ်ဝါကဖြင့် အတင်းပြောနေတာကို ကြားလိုက်တယ်လို့ လာပြောပြတဲ့မိတ်ဆွေကို သူကြားခဲ့တဲ့ အတင်းစကားကို ပြန်ပြောပြပေးဖို့ မေတ္တာရပ်ခံ ကြတတ်ပါတယ်။ အဲဒီ အတင်းစကားကနေ သူ့အတွက် တန်ဖိုးရှိတဲ့ သတင်း အချက်အလက်တွေ ရတတ်လို့ပါပဲ။
ရင်ထဲမှာ မွန်းကြပ်နေတဲ့ အရာတွေကို ဖွင့်ချလိုက်ဖို့ အကောင်းဆုံးနည်းဟာ တစ်ဖက်သား နားထောင်ထောင်၊ မထောင်ထောင် အတင်းကိုပြောချလိုက်တဲ့ နည်းပါပဲ။ ဒါကြောင့်လည်း ဒီလိုပြောတာကို အတင်းပြောတယ်လို့ ခေါ်ကြတာ ထင်ပါတယ်။ ကိုယ်ထင်တာ၊ မြင်တာ၊ ကြားတာကို ပြောလည်းပြော ချင်တယ်၊ အဲဒီလိုပြောလိုက်တဲ့အတွက် ကိုယ့်အပြစ် ဖြစ်မှာလည်း ကြောက်တယ်ဆိုရင် အတင်းပြောတဲ့ပုံစံနဲ့ ပြောချလိုက်တာ အန္တရာယ်ကင်းမှန်း မိန်းကလေးတွေ သိကြပါတယ်။
ဒါပေမယ့် အတင်းပြောတာဟာ ကြာလာရင် အကျင့်ဖြစ်သွားတတ်ပါတယ်။ ဒီအကျင့်ကို ဖျက်ရလည်း ခက်ပါတယ်။ တစ်ခါ အတင်းဆိုတာ ကျား ကျားခြင်း၊ မ မခြင်း ပြောမှ ပိုပြီးအရသာရှိတယ်ဆိုတာကို မပြောလည်း သိကြပါတယ်။ ဒါကြောင့်လည်း ယောက်ျားလေးတွေဟာ မိန်းကလေးတွေကို ဘယ်လောက်ပဲ စိတ်ဝင်စားသည်ဖြစ်စေ၊ မိန်းကလေး တွေကလည်း ယောက်ျားလေးတွေကို ဘယ်လောက်ပဲ လိုက်လျော သည်ဖြစ်စေ၊ ယောက်ျားလေး သီးသန့် စကားဝိုင်း၊ မိန်းကလေးသီးသန့် စကားဝိုင်းတွေ အမြဲရှိနေမယ်ဆိုတာ သေချာပါတယ်။ အတင်းလေးပြောလိုက်ရမှ ရင်ထဲ၊ အတွေးထဲ၊ ဦးနှောက်ထဲ နေရာယူထားတဲ့ မကျေနပ်စရာတွေ ပေါ့သွားတယ်လို့ ခံစားရလို့ ဖြစ်ပါတယ်။
လူ့ဘောင် လူ့အသိုင်းအ၀ိုင်းမှာ၊ ပေါင်းသင်း ဆက်ဆံရေးတွေမှာ၊ လူမှုကွန်ရက်တွေမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် ဟန်ဆောင် ဆက်ဆံနေရပါတယ်။ ပြီးလည်းပြီးရော ကိုယ် ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဟန်ဆောင်ခဲ့သမျှ ကို ခွာချပြီး အတင်းစကားတွေ ပြောရတာ အလွန်အရသာ ရှိပါတယ်။ ဒီလိုမှ မပြောလိုက်ရရင် နေလို့ထိုင်လို့ မကောင်းပါဘူး။ အထီးကျန် လာတတ်ပါတယ်။ ကိုယ့်ကို ဂရုစိုက်တဲ့သူ မရှိဘူးလို့ ထင်မြင်လာတတ်ပါတယ်။
ဒီတော့ လူတွေဟာ အကျင့်ဖြစ်လည်းဖြစ်၊ အတင်းကတော့ ပြောမှာပဲဆိုတာ ထင်ရှားလာပါတယ်။ နေ့လည်ပိုင်း အမျိုးသမီး စကားဝိုင်းတွေမှာ ထွက်လာသမျှ အတင်းစကားတွေကို မျက်လုံးလေး ကလည်ကလည်နဲ့ နားထောင်နေတတ်တဲ့ ခပ်ငယ်ငယ် မိန်းကလေးတွေဟာ အသိပညာဗဟုသုတ ကြွယ်ဝလာတာတော့ အမှန်ပါပဲ။ အခြေအနေတစ်ခု၊ ဒါမှမဟုတ် လူတစ်ယောက်ကို အတင်းပြောပြီး ထိန်းချုပ် ထားနိုင်တယ်ဆိုတာ သူတို့ သဘောပေါက် လာကြပါတယ်။ ဥပမာ နင့်ဆံပင်အရောင်ကလည်း မလှလိုက်တာလို့ ပြောရင် ကာယကံရှင် ကောင်မလေးက သိပ် လက်မခံချင်ပါဘူး။ ဒါပေမယ့် ဟိုကောင်လေးတွေက နင့်နဂို ဆံပင်အရောင်က ပိုလှတယ်လို့ ပြောနေတာ ငါကြားခဲ့တယ်လို့ အတင်းပြောလိုက်မယ်ဆိုရင်တော့ ကာယကံရှင်ဟာ ဆံပင်အရောင်ကို ချက်ခြင်း သွားမပြောင်းတောင် ယုံတော့ ယုံသွားပါလိမ့်မယ်။
အိမ်ရှင်မတွေဟာ ကိုယ့်ခင်ပွန်းသည်ကို တစ်စုံတစ်ခု လုပ်စေချင်တယ်၊ ဒါမှမဟုတ် မလုပ်စေချင်ဘူးဆိုရင် တိုက်ရိုက်ပြောပြီး ဆရာလုပ်လို့ မရဘူးဆိုတာ သိကြပါတယ်။ တစ်ယောက်ယောက်က ပြောနေတာမျိုး အတင်းပြောတဲ့ပုံစံနဲ့ ပြောလိုက်ရင် ခင်ပွန်းသည်ဖြစ်သူ ရှူးရှူးရှဲရှဲဖြစ်ပြီး သူလိုချင်တာကို လုပ်တတ်တယ် ဆိုတာ အိမ်ရှင်မတွေ ကောင်းကောင်း သိကြပါတယ်။ ဥပမာ အိမ်ဆေးအရောင် ပြန်သုတ်လိုက်ပါလား၊ အရောင်ကမွဲနေပြီလို့ ပြောရင် ခင်ပွန်းသည်ဖြစ်သူက ငါသိပါတယ် လို့ ဖြေမှာပေါ့။ ဒီတော့ ဘယ်သူ့အိမ်ကဖြင့် ဆေးရောင်အသစ်တွေနဲ့ လှပတောက်ပြောင်နေလိုက်တာ။ ကျွန်မတို့အိမ်ကိုလာလာကြည့်ရင် သူတို့ မျက်နှာပေးက ကျွန်မသိပ်ခံရခက်တာပဲလို့ ပြောလိုက်ရင် ခင်ပွန်းသည်ဖြစ်သူမှာလည်း ဖြစ်နိုင်ရင် ညတွင်းချင်း ဆေးသုတ်ပစ်လိုက်ချင်စိတ် ပေါက်သွားတာပေါ့။
ဒါကြောင့်လည်း အတင်းစကားဆိုတာ ပြောတတ်ရင် ကိုယ်လိုချင်တဲ့ဖက်ကို ဆွဲလို့ ချယ်လှယ်လို့ ရတဲ့ စကားပြောနည်း အတတ်တစ်မျိုး ဖြစ်တယ်လို့ စိတ်ပညာရှင်တွေက ဆိုခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အတင်းပြောတိုင်းလည်း စကားပြောနည်း အတတ်ရယ်လို့တော့ မဟုတ်ပါဘူး။ တစ်ချို့ လူတွေက လူတစ်ယောက်ကို မကျေနပ်တဲ့စိတ်နဲ့ အတင်းပြောကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ စကားတစ်ခွန်းတိုင်းက ကျောက်ခဲကြီး တစ်တုံးလို တစ်ဖက်သားကို နာကျင်စေပါတယ်။ တစ်ချို့ ကလည်း မနာလို သ၀န်တိုလို့ အတင်းပြောပါတယ်။ လူတစ်ယောက်ကို စကားနဲ့ ပက်ပက်စက်စက် ပြောလိုက်ရတာ သူတို့အတွက် အတော် အရသာရှိတဲ့ ပုံပါပဲ။ မျက်နှာကို မဲ့ကာ၊ရွဲ့ကာဖြင့်ပေါ့။
ဒီတော့ လူတွေဟာ အတင်းပြောနေကြမှာပါပဲ။ မိန်းကလေးတွေပဲ အတင်းပြောတာ မဟုတ်ပါဘူး။ ယောက်ျားလေး တွေလည်း အတင်းပြောပါတယ်။ ဖော်ပြခဲ့တဲ့အတိုင်း အတင်းပြောစကားကို စနစ်တကျ အသုံးပြုတတ်မယ်ဆိုရင် အခြေအနေတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးကို ကိုင်တွယ် ထိန်းချုပ်ရာမှာ အထောက်အကူပြုနိုင်ပေမယ့် လူတစ်ဖက်သားကို မကျေနပ်တဲ့စိတ်နဲ့ အတင်းပြောမယ်ဆိုရင်တော့ ကိုယ့်ရင်ထဲမှာ ပေါ့ပါးလန်းဆန်း သွားနိုင်ပေမယ့်လည်း အဲဒီလူနဲ့တော့ တစ်သက်လုံး အမုန်းတရားတွေ ပွားများနိုင်မှာ ဖြစ်တဲ့အကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။
Lashio News Diary
ကိုမျိုး(သုတစွယ်စုံ)
Monday, March 9, 2015
" အတင်းပြောခြင်းကို စနစ်တကျ အသုံးပြုတတ်လျင် စိတ်ကျန်းမာရေးအတွက် ကောင်းမွန် "
Subscribe to:
Post Comments (Atom)
No comments:
Post a Comment