" အလုပ်ဖြစ်မှာလား၊ အဖြစ်လုပ်မှာလား "
ဝီရိယကိုမှီ၍ အသက်ရှင်ရသူ၊ ကောင်းမှုကံ၏ ကောင်းကျိုးကိုမှီ၍ အသက်ရှင်ရသူ၊ နှစ်ခုလုံးကိုမှီ၍ အသက်ရှင်ရသူ၊ နှစ်ခုလုံးကိုမမှီဘဲ အသက်ရှင်ရသူ ဟု ပုဂ္ဂိုလ်လေးမျိုးရှိကြောင်း ဘုရားရှင် အင်္ဂုတ္တိုရ်ပါဠိတော်၌ ဟောကြားတော်မူခဲ့သည်။
အထက်ပါသုတ္တန်ကို ကြည့်က သာမန်လူအများစုက လက်လှုပ်မှ ပါးစပ်လှုပ်ဆိုသည့်အတိုင်း ပါးစပ်လှုပ်နိုင်ဖို့အတွက် လက်ကအမြဲ လှုပ်နေရသော သဘောရှိပါသည်။ ဒါကိုထောက်က ဘ၀ဆိုတာ ရုံးကန်လှုပ်ရှားခြင်း ဟူသော အဆိုက မှန်ကန်ပေသည်။ သာမန်လူအများစုမှာ ၀ီရိယမရှိ၍ မရ၊ ၀ီရိယမစိုက်၍ မရ၊ မရုန်း၍ မရ၊ မလှုပ်ရှား၍ မရ၊ မကြိုးစား၍ မရ၊ သူ့အရွယ်နဲ့သူ ၀ီရိယစိုက်ထုတ်ကာ ရုန်းကန်နေရ၊ လှုပ်ရှားနေရ၊ ကြိုးစားနေရသည်သာ။
မိမိတို့ဘ၀အနေအထားကိုက ၀ီရိယကိုမှီ၍ အသက်ရှင်နေရသည် မဟုတ်ပါလား။
လူ၏တန်ဖိုးကား အလုပ်သာဖြစ်သည်၊ လူ၏အရည်အသွေးကို တောက်ပြောင်စေသည်ကား အလုပ်သာဖြစ်သည်။ လူ၏တန်ဖိုးကို မြင့်တင်ပေးနိုင်သည်ကား အလုပ်သာဖြစ်သည်၊ အလုပ်လုပ်သူတို့ ကြီးပွားကြသည်။ အလုပ်လုပ်သူတို့ အထက်ရောက်ကြသည်။ ထိပ်မှာရောက်နေသူ အများစုကို ကြည့်လျှင် အလုပ်ကြိုးစားသူတို့သာ ဖြစ်သည်ကို တွေ့ရပါမည်။ ကိုယ်တက်ထားသည့် အတက်ပညာပေါ်မူတည်၍ လုပ်ငန်းခွင်ကို ဝင်ကြရသည်။ အသက်ရှိသူတိုင်း အသက်မွေးဖို့၊ ၀မ်းရှိသူတိုင်း ၀မ်းကျောင်းဖို့ အလုပ်တစ်ခုခုကတော့ လုပ်နေကြရသည်။ တစ်ချို့က တစ်ကိုယ်ရေ တစ်ကာယအတွက်၊ တချို့က မိသားစုအတွက်၊ တစ်ချို့က မြို့ရွာအတွက် တိုင်းပြည်နဲ့ လူမျိုးအတွက်၊ ဘာသာသာသနာအတွက် ကိုယ်နီးစပ်ရာ၊ ကိုယ်သန်ရာ လုပ်နေကြရသည်။
ထိုကဲ့သို့အလုပ်လုပ်ရာတွင် အလုပ်ဖြစ်ခြင်းနှင့် အဖြစ်လုပ်ခြင်းဟု နှစ်မျိုးတွေ့ရသည်၊ အလုပ်ဖြစ်ခြင်းဟူသည် စံချိန်စံညွှန်းမှီခြင်း၊ မမှီသော်မှ လက်ခံနိုင်လောက်သည့် အနေအထား၊ တူတူတန်တန်ဖြစ်ခြင်းဖြစ်သည်။ အဖြစ်လုပ်ခြင်းဟူသည် မည်ကာ မတ္တအဖြစ်မျှသာ လုပ်ခြင်း ဖြစ်သည်။ တစ်ချို့လည်း အလုပ်ဖြစ်ကြသည်၊ တစ်ချို့လည်း အလုပ်မဖြစ်ကြ၊ တစ်ချို့အလုပ်မဖြစ်သဖြင့် အဖြစ်လုပ်နေကြရသည်။ အလုပ်မဖြစ်မှန်းသိပါလျက် ပေတေစွာလုပ်နေသောအခါ ပို၍ပင် အလုပ်မဖြစ်ဘဲ ရှိတော့သည်။ အဖြစ်လုပ်သူတွေ ပို၍များများလာသည်။ တစ်ချို့ကိုယ်ကိုယ်ကိုယ် "အလုပ်ဖြစ်သူလား၊ အဖြစ်လုပ်သူလား” ဟုပင် စဉ်းစားမည့်ပုံမပေါ်။ လုပ်မြဲတိုင်းသာ ပေ၍သာ လုပ်နေကြသည်။
လူဟူသည် လုပ်ချင်ကိုင်ချင်စိတ်ရှိရမည်။ လုပ်တက်ကိုင်တက်ရှိရမည်။ အလုပ်လုပ်နေရမည်။ အလုပ်ပေါ်စေတနာထက်သန်ရမည့်။ အလုပ်နှင့်ဆက်စပ်ပြီး လုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေ ဖြစ်ပေါ်လာပေမည်။ ရပိုင်ခွင့်ဟူသည် ခံစားခွင့်ပင်ဖြစ်သည်။ ထိုလုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ခံစားခွင့်တို့သည် မိမိတို့၏ လုပ်တက်ကိုင်တက်ဟူသော အရည်အသွးပေါ်၌သာ တည်ရမည်။ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် ခံစားခွင့်တို့က အကျိုးဖြစ်သည်။ လုပ်တက်ကိုင်တက်ဟူသော အရည်အသွေးက အကြောင်းဖြစ်သည်။ အကျိုးသည်အကြောင်းပေါ်၍သာ မှီတည်သည် “အကြောင်းရှိမှ အကျိုးဖြစ်မည်”။ အကြောင်းကောင်းကောင်း တည်ဆောက်ပြီးမှသာ အကျိုးကောင်းကောင်း မျှော်လင့်ရမည်၊ လက်ခံရမည်ဖြစ်သည်။
မေတ္တသုတ်နိဒါန်း၌ သကော- စွမ်းနိုင်သူသည်၊ အဿ-ဖြစ်ရမည်ဟုဆိုသည်။ ကိုယ်လုပ်သည့်အလုပ် ကိုယ်စွမ်းရမည်၊ ကျွမ်းရမည်။ စွမ်းဆောင်ဟုဆိုသဖြင့် စွမ်းမှသာ ဆောင်နိုင်လိမ့်မည်။ ကျွမ်းကျင်မှလိမ္မာ ဟူသောအဆိုရှိ၏။ ကိုယ်လုပ်တဲ့အလုပ် ကိုယ်ကျွမ်းကျင်မှသာ လိမ္မာသူဖြစ်လိမ့်မည်။ လိမ္မာရာရောက်လိမ့်မည်။ အသိအမှတ်ပြုခြင်း ခံရပေမည်။
Monday, March 2, 2015
" အလုပ်ဖြစ်မှာလား၊ အဖြစ်လုပ်မှာလား "
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment