" သင့်စကားသံကို တိုးတက်ကောင်းမွန်စေခြင်းဖြင့် လူမှုဆက်ဆံရေးနှင့် လုပ်ငန်းခွင်တွင် အောင်မြင်မှုရယူပါ "
ကျွန်တော်ဟာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို စကားပြောဆို ဆက်ဆံနည်း လေ့ကျင့်သင်ကြား ပေးနေသူ တစ်ဦးပါ။ ဒီနေ့ ကျွန်တော့် သင်တန်းဖုန်းကို လူတစ်ယောက် ဖုန်းဆက်လာပါတယ်။ အသံကိုက လူလိမ်လူညာတစ်ယောက်ရဲ့ အသံနဲ့ တူနေပါတယ်။
သူသင်တန်း တစ်ကယ်တက်ချင်လို့ ဖုန်းဆက်တာ မဟုတ်ဘူး ဆိုတာကို သူ့အသံနားထောင်တာနဲ့ သိပါတယ်။ ယောက်ျားတန်မဲ့ ပြီတီတီနဲ့ ပြောနေတာကို ကျွန်တော် အောင့်သက်သက်နဲ့ နားထောင်ပြီး စကားကို အမြန်ဖြတ်ပြီး ဖုန်းချလိုက်ပါတယ်။
သင့်စကားသံရဲ့ စွမ်းအားကြီးပုံကို သတိထားမိပါရဲ့လား။ လူတွေဟာ သင့်အသံကို ကြားလိုက်တာနဲ့  သဘောကျသွားနိုင်သလို မဆက်ဆံချင်တော့တာလည်း ဖြစ်နိုင်ပါတယ်။ လူတစ်ယောက်ကို စကားသံ တစ်ခုတည်းနဲ့ ပိုင်းခြားဆုံးဖြတ်တာမျိုးဟာ အပြည့်အ၀ မှန်တယ်လို့တော့ မဆိုသာပေမယ့် လူတွေရဲ့ သင့်အပေါ် သဘောထားအမြင်ဟာ သင့်အသံ တစ်ခုတည်းကြောင့် အများကြီးပြောင်းလဲ သွားနိုင်တယ် ဆိုတာကို ဆိုလိုချင်တာပါ။ ခုနကလူဟာ သင်တန်းအမှန်တစ်ကယ် တက်ချင်သူလည်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် သူ့အသံကိုက မဟုတ်တာပါ။
သင်ဟာ ငယ်ငယ်တုန်းက စာဖတ်တာအသံတိုးလို့ အတန်းထဲမှာ မကြာခဏအဆူခံခဲ့ရဖူးပါသလား။ စာသင်တာ ၀ါသနာပါပေမယ့် သင့်အသံတိုးလို့ ကျောင်းသူကျောင်းသားတွေက သဘောမကျတာကို ကြုံခဲ့ဖူးပါသလား။ ဒါမှမဟုတ် သင့်အသံဟာ တိုးတိုးပြောမရတဲ့အသံမျိုး ဖြစ်နေပြီး အရာရာကို ကျယ်ကျယ်လောင်လောင်ပြောနေရတဲ့ အတွက် သင့်ကို ပတ်ဝန်းကျင်က အထင်သေး မနှစ်မြို့ စွာနဲ့ ကြည့်တဲ့ဒဏ်ကို ခံနေရပါသလား။
ခန္ဓာတစ်ကိုယ်လုံး လေ့ကျင့်ပေးလို့ မရတဲ့နေရာ မရှိသလို သင့်အသံကိုလည်း လေ့ကျင့်ပေးလို့  ရပါတယ်။ ဒါပေမယ့် လူတွေဟာ သွားပိုးစားနေမှန်း သိလျက်နဲ့ မကုမသဘဲ ထားကြသလို ကိုယ့်စကားသံကို အများက လက်မခံဘူးဆိုတာ သိလျက်နဲ့ လျစ်လျူရှုထားကြလေ့ ရှိပါတယ်။
ဒါဖြစ်ရင် အများသူငှာ လက်ခံနိုင်တဲ့၊ သူတို့ကို ဆွဲဆောင်နိုင်တဲ့၊ သူတို့ကိုသြဇာညောင်းမယ့် အသံပိုင်ရှင်ဖြစ်အောင် လေ့ကျင့်ကြည့် ရအောင်ပါ။
သင်ပထမဆုံး သတိထားရမယ့် အချက်ကတော့ သင့်ကိုယ်နေဟန်ထား၊ ဟန်ပန် အမူအယာ၊ အသံသြဇာတွေ အားလုံးဟာ သင် အသက်ကို ဘယ်လိုရှူသလဲ ဆိုတဲ့အပေါ်မှာ မူတည်နေတယ် ဆိုတာပါပဲ။ သင့်အသံဟာ ကလေးသံ ပေါက်နေပါသလား။ အသက်ရှူပုံကိုပြင်လိုက်ပါ။ တိုတိုရှူ တိုတိုထုတ်တာမျိုး မဟုတ်ဘဲ ရှည်ရှည်ရှူ၊ ရှည်ရှည်ထုတ်ပြီး ပြောကြည့်ပါ။ သင့် ကိုယ်နေဟန်ထားကအစ ချက်ခြင်းပြောင်းလဲ သွားမှာပါ။ ဒါပေမယ့် အားလုံးကောင်းသွားတာတော့ မဟုတ်သေးပါဘူး။
စကားသံဟာ အဆုပ်ထဲက ထွက်လာတဲ့လေကို ဟီးလေးခိုစီးပြီး ထွက်လာတာပါ။ ဒီလေကို စနစ်တကျ ထိန်းတတ်ဖို့ လိုအပ်ပါတယ်။ ထိန်းတဲ့နည်းက အလွန်လွယ်ပါတယ်။ သင်စကားပြောတဲ့ အမြန်နှုန်းနဲ့ တစ်ချက်တစ်ချက် ခေတ္တရပ်ပေးတဲ့ အကြိမ်ရေတွေကို လိုအပ်သလို ပြုပြင်ပေးလိုက်ရုံပဲ ဖြစ်ပါတယ်။
စကားအမြန်ပြောတဲ့ လူတွေဟာ ဆွဲဆောင်မှုလုံးဝ မရှိတဲ့အပြင် မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချမှု မရှိသူလို့လည်း အများက ထင်သွားတတ်ကြပါတယ်။ စကားပြောတာ နှေးလွန်းတယ် ဆိုရင်လည်း တက်ကြွမှုနည်းပါးသူ၊ စိတ်ပါဝင်စားမှု မရှိသူ၊ မစစ်မှန်သူလို့ လူတွေ ထင်သွားနိုင်ပါသေးတယ်။ စကားလုံးတိုင်းကို တိကျပြည့်ဝစွာ ရွတ်ခြင်းဖြင့်လည်း သင်ဟာ တာဝန်အရပဲ ဆောင်ရွက်နေပြီး စိတ်ထဲက နှစ်နှစ်ကာကာ မရှိဘူးလို့  လူတွေက မှတ်ယူသွားဦးမှာပါ။
ဒီတော့ စကားပြောတဲ့အမြန်နှုန်း (Speed) ရယ်၊ ခေတ္တရပ်ပေးတဲ့ Pause ရယ်ကို တွဲဖက်အသုံးပြုပြီး Pitch လို့ခေါ်တဲ့ အသံအား အနိမ့်အမြင့်ကို ချိန်တာကနေစပြီး လေ့ကြည့်သင့်ပါတယ်။ စကားကိုအမြန်ပြောရမယ် ဆိုကတည်း Pitch ဟာ အရမ်းနိမ့်နေမယ်၊ ဒါမှမဟုတ် အရမ်းမြင့်နေပါလိမ့်မယ်။ ဆွဲဆောင်မှုမရှိပါဘူး။ စကားပြောတဲ့နှုန်းကို လျော့ချပြီး pause နဲ့တွဲပေးလိုက်တာနဲ့ တပြိုင်နက် သင့် Pitch ဟာ မှန်ကန်ကောင်း မွန်လာပါလိမ့်မယ်။ ပိုပြီးထိသွားအောင် pause ရပ်လိုက်တဲ့အခါ သင့်မျက်လုံးကိုဝင့်ခနဲ သူ့ဘက် ကြည့်လိုက်စမ်းပါ။
ကလေးသံလိုလို၊ အဘိုးကြီးအဘွားကြီးသံလိုလို၊ အိပ်ယာနိုးခါစ အိပ်ရေးမကြည်သေးတဲ့ လူလိုလို အသံတွေ ထွက်နေရာကနေ အခုလို Speed, Pause နဲ့ Pitch ကို မှန်ကန်တဲ့အသက်ရှူနှုန်းနဲ့  တွဲပေးလိုက်တဲ့အခါ သင့်အသံကို သင်ကိုယ်တိုင် နားထောင်လို့ ကောင်းလာပါလိမ့်မယ်။
ဒီအဆင့်ကိုနိုင်ပြီဆိုရင်တော့ မြို့ကြီးပြကြီးမှာနေကြပြီး ကိန်းကြီးခန်းကြီးတဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေ၊ နာမည်ကြီး အဆိုတော်တွေ အသုံးပြုကြတဲ့ လျှို့ဝှက်ချက်တစ်ခုကို မျှဝေပေးသင့်ပြီပေါ့။ Vocal Fry လို့ခေါ်ပါတယ်။ သင့်အသံရဲ့ pitch ကို အနိမ့်ဆုံး (အနိမ့်ဆုံး) ချပြီး စကားပြောပါ။ လူတွေနဲ့ ဆက်ဆံတဲ့အခါ ပြောတာမဟုတ်ပါဘူး။ တစ်ယောက်တည်းလေ့ကျင့် ခိုင်းတာပါ။ သီချင်းလည်း ဆိုကြည့်လို့ရပါတယ်။ စာဖတ်တာ အကောင်းဆုံးပါပဲ။
သင့်အသံကို ဆီနဲ့ ကြော်နေတယ်လို့ ယူဆပါ။ ဒါကြောင့်လည်း Vocal Fry လို့ခေါ်တာပါ။ ဆီပူပူထဲမှာ တစ်ခုခုကို ကြော်နေတဲ့အခါ အသံလွှင်လွှင် ရွှင်ရွှင်ဟာ ပေါက်ခဲ၊ ရွှမ်းခနဲ၊ စီခနဲ၊ ရှဲခနဲ ထွက်လာလေ့ရှိ ပါတယ်။ ခုနက တုံးတိတိ အိုတိုတို ခြောက်ကပ်ကပ် ဖြစ်နေတဲ့သင့်အသံကို Vocal Fry လုပ်ကြည့်ပါ။
သင့်အသံမှာ နောက်ခံ အသံတစ်သံ ထူးထူးခြားခြား ပါလာပါလိမ့်မယ်။ စကားပြောလိုက်ရင် လူတွေဟာ သင့်အသံကိုပဲ နားထောင်ရမလား၊ သင့်လှပတဲ့ မျက်ဝန်း အကြည့်တွေကိုပဲ ကြည့်နေရမလား မဝေခွဲနိုင်ဘဲ ပြုံးပြုံးကြီး ဖြစ်နေကြပါလိမ့်မယ်။ နောက်ပြီး အသက်ရှူတာကိုလည်း သင်ထိန်းတတ်နေပြီဖြစ်လေတော့ အရင်လို ကလေးလို ခဏခဏ ဟိုးခနဲဟိုးခနဲ အသက်ရှူဖို့ မလိုတော့တဲ့အပြင် လေနည်းနည်းလေးပဲ ကျန်တော့ရင်လည်း သင်ဟာ Voacl Fry လုပ်နိုင်နေပြီမို့ သင့်စကားသံဟာ professional ဆန်တဲ့ စကားသံ ဖြစ်သွားပါပြီ။
စာဖတ်သူများအားလုံး လှပဆွဲဆောင်မှု ရှိတဲ့ စကားသံပိုင်ရှင်များ ဖြစ်နိုင်ကြစေဖို့ လေ့လာရေးသား တင်ပြလိုက်ရပါတယ်။
Lashio News Diary
ကိုမျိုး(သုတစွယ်စုံ)
No comments:
Post a Comment