" ကိုယ်နဲ့ရေရှည်လက်တွဲဖို့ အဆင်မပြေတော့တဲ့ ချစ်သူကို ဘာ့ကြောင့် မစွန့်လွှတ်နိုင်ကြတာလဲ... "
သင်ဟာ သင့် ချစ်သူအပေါ်မှာ ချစ်တဲ့စိတ်နဲ့ သည်းခံပြီး ဆက်လက် လက်တွဲနေတာဖြစ်တယ်လို့ သင်ထင်ကောင်း ထင်ပါမည်။ သို့သော် တကယ်တော့ တခြားအကြောင်းပြချက်ကြောင့် သင် သူနဲ့ ဆက်လက်တွဲနေတာ မဖြစ်နိုင်ဘူးလား။ ဒါတွေက ဘာများပါလဲ။ ကိုယ်နဲ့ သဟဇာတ မဖြစ်တဲ့ချစ်သူကို လက်တွဲနေတာ ကြီးမားတဲ့ပြသနာတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကိုယ်အပေါ် ပိုမိုကောင်းမွန်ပြီး အပြန်အလှန်ပါရမီဖြည့်ဆည်း ပေးနိုင်မယ့် လက်တွဲဖော်ကို ရွေးချယ်နိုင်ခွင့် လျော့နည်းသွားစေနိုင်ပါတယ်။ နှစ်ဦး စလုံးအတွက်လည်း မပြည့်စုံနိုင်မှု၊ အလိုမကျမှု၊ အမျက်ထွက်မှုတွေ တဖြည်းဖြည်း တိုးလာစေနိုင်ပါတယ်။
ဒါဆိုဘာလို့ သူ့ကို လက်တွဲနေ နေသေးတာလဲ။
အဓိက အကြောင်းရင်းများက ဘာပါလဲ။
၁။ချစ်သူက အရမ်း ဆွဲဆောင်မှု ရှိလို့
ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုက သင် သူ့ကို ဆက်ပြီး ချစ်နေရခြင်းရဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ သင့်ချစ်သူမှာ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ရှိခြင်းကြောင့် မကြာခဏဆိုသလို သင့်အနေနဲ့ သူ့ရဲ့ မကောင်းတဲ့ အချက်တွေကို ရှာမတွေ့နိုင်လောက်အောင် သင့်မျက်စိကို ကန်းသွားစေနိုင်ပါတယ်။
ဥပမာ ချစ်သူက အလွန်ဆွဲဆောင်မှုရှိပေမဲ့ စိတ်ဓာတ်ရေးရာမှာတော့ မရင့်ကျက်တဲ့ အပြုအမူမျိုး ဖြစ်နေပါမယ်။ ဒါပေမဲ့ သူနဲ့အတူ လက်တွဲလာတာ ကြာလာတာနဲ့အမျှ သူ့ရဲ့ ရုပ်ရည်ရူပကာအပေါ်မှာ နစ်မျောပြီး ကောင်းကွက်တွေပဲ မြင်လာတာမျိုးပါ။
၂။ကိုယ့်အဖေ၊ အမေနဲ့ စရိုက်တူလို့
ဒီအချက်ကလည်း သင့်ချစ်သူကို မစွန့်လွှတ်နိုင်တဲ့ အကြောင်းရင်းတစ်ချက်ပါ။ ကိုယ့်ချစ်သူက ကိုယ့်အပေါ် ပြုမူပုံက မိဘတွေ ကိုယ့်အပေါ်ပြုမူပုံမျိုးနဲ့ ဆင်တူနေရင်လည်း သူ့ကို သင် ချစ်မိသွားနိုင်ပါတယ်။
ဥပမာ - သင့်အဖေက ခပ်ဆိုးသွမ်းသွမ်း လူတစ်ယောက်ဖြစ်သလို သင့်ချစ်သူမှာလည်း ဒီလိုအချက်ရှိနေရင် သင်ဟာ သင့်ဖခင်နဲ့ ပြေလည်အောင် နေထိုင်ရသလို ချစ်သူနဲ့လည်း အဆင်ပြေအောင် ကြိုးစားရမှာပါ။
ဒါ့အပြင် သင့်ချစ်သူက သင့်ဖခင်လိုမျိုး အလွန်အမင်း သရော်တတ်သူဖြစ်နေလို့ သူဟာ သင့်ရဲ့ တကယ့် ဘ၀လက်တွဲဖော်ကောင်း မဟုတ်သည့်တိုင်အောင် သင် သူ့ကို ချစ်မိသွားတာမျိုးပါ။
၃။ကိုယ့်ကို ရယ်မောအောင်လုပ်နိုင်လို့
သင့်ချစ်သူမှာ ဟာသဥာဏ်ရှိခြင်းဟာလည်း သူ့ကို ဆက်ချစ်နေ နေမိတဲ့ အကြောင်းရင်းတစ်ချက်ပါ။ သင့်ကို ရယ်မော ပျော်ရွှင်စေတဲ့ ကောင်းကွက်ကြောင့် သင်နဲ့ သင့်လျော်တဲ့ လက်တွဲဖော်ဖြစ်မဖြစ်ကို အကဲဖြတ်ဖို့ ခက်ပါတယ်။
၎။ အတူနေဖူးလို့
တကယ်တော့ သင့်လက်တွဲဖော်နဲ့ အတူနေဖူးတဲ့ အတွက်ကြောင့် တမူထူးခြားတဲ့ နှောင်ကြိုးက ရှိနေမှာဖြစ်ပါတယ်။ တစ်စုံတစ်ယောက်နဲ့ အတူတူ နေထိုင်ကြတဲ့အခါ သူနဲ့ အတူ အချိန်တွေ အများကြီး ကုန်ဆုံးခဲ့ပြီးဖြစ်ပြီး သက်တောင့်သက်သာ ပျော်ရွှင်မှုတော့ အထိုက်အလျောက် ရမှာပါ။ ဒါပေမဲ့ ဒီလိုပျော်ရွှင်မှုနဲ့ ကျန်းမာပျော်ရွှင်တဲ့ ဆက်ဆံရေး နှစ်ခုကတော့ အကွာကြီးကွာပါတယ်။
၅။ဘ၀ရဲ့အဓိကကျတဲ့ အတွေ့အကြုံကို သူနဲ့အတူ ဖြတ်သန်းဖူးလို့
ဒီလိုမျိုး အတူဖြတ်သန်းဖူးတာကလည်း သင်တို့နှစ်ဦးရဲ့ ချစ်ခြင်းကို ကြာရှည်စွာ ဆက်လက်ထန်းထားနိုင်ခြင်း တစ်ခုပါပဲ။
ဥပမာ သင့်ချစ်သူက သင်ဘွဲ့ယူတဲ့အချိန်၊ သင်အိမ်ပြောင်းရွေ့တဲ့အခါ ဒါမှမဟုတ် အလုပ်မှာ ကြီးကြီးမားမား အောင်မြင်မှုရလာဒ် ရတဲ့အခါ ရှိပေးနေတာမျိုးပါ။ သူ့ကို ထားသွားသင့်တယ်လို့ သင်သိနေ နေတာတောင်မှ ဒီလိုမျိုး အခြေအနေတွေက ချစ်သူနဲ့ဆက်လက် လက်တွဲပြီး အောင်မြင်မှုကို အတူမျှဝေဖို့ ဖြစ်လာစေပါတယ်။
၆။ချစ်သူက အရမ်းချမ်းသာလို့
ငွေဟာ အချစ်ကိုမ၀ယ်နိုင်ဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာ ငွေကြောင့် သင် လူတစ်ယောက်အပေါ် မြင်တဲ့အမြင်နဲ့ ပတ်သက်ပြီး သိသာတဲ့ သက်ရောက်မှု တစ်ခုတော့ ရှိနိုင်ပါတယ်။ ငွေဟာ အောင်မြင်မှုကို ကိုယ်စားပြုတယ်၊ ငွေနဲ့ ဘေလ်ဆောင်နိုင်တယ်၊ ပစ္စည်းကောင်းတွေ ပိုင်ဆိုင်နိုင်တယ်၊ လူမှုအသိုင်းအ၀န်းမြင့်မြင့် နေနိုင်တယ်။ ပြီးတော့ နောက်ထပ်နောက်ထပ် အများကြီး လုပ်နိုင်သေးတယ်။
ဒီငွေကပဲ သင်တို့နှစ်ဦးမှာ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံမှု လုံးဝ ရှိမနေတာကို ဖုံးကာ ပစ်လိုက်တယ်။ သင်က ဒီငွေကြောင့် ချစ်သူကို ဆက်ချစ်တာဖြစ်နေကြောင်း သတိပြုမိရင် ချစ်သူမှာ ငွေကြေး မပြည့်စုံတော့ရင်ကော သင်ချစ်နိုင်သေးရဲ့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးပါ။
၇။ရှည်လျားတဲ့ ဆက်ဆံရေးရှိလို့
ဒီအချက်ကတော့ အရိုးအရှင်းဆုံးပါပဲ။ သင့်လက်တွဲဖော်ဟာ သင်နဲ့ ဆက်လက်တွဲဖို့ အဆင်မပြေတော့မှန်း သိနေတာတောင် ဒီအချက်ကြောင့် သင် သူနဲ့ လမ်းမခွဲနိုင်သေးပါဘူး။
၈။အလွန်ယုယကြင်နာတတ်လို့
ဒီအချက်ဟာလည်း သင် ဆက်ချစ်နေခြင်းရဲ့ အကြောင်းတစ်ခုပါ။ လက်တွဲဖော်တစ်ယောက်က ကြင်နာတတ်တာ ကောင်းတဲ့အချက်ပါ။ သူ့ကြင်နာမှုကို သင်က လမ်းခွဲမှု ပြန်ပေးပြီးတော့ အဆုံးသတ်ချင်မှာ မဟုတ်ပါဘူး။
ကြင်နာမှုတစ်ခုတည်းကြောင့်နဲ့တော့ ဆက်လက်တွဲမနေသင့်ပါဘူး။ သူက သင့်ကို ဘယ်လိုပဲ ယုယပြ၊ သင့်အနေနဲ့ ရိုးသားမှုရှိပြီး ယဉ်ကျေးသူတစ်ယောက်ကို ရှာတွေ့ နိုင်ပါသေးတယ်။
၉။ ချစ်သူနဲ့တူတဲ့ အချက်တွေ များလို့
ချစ်သူနဲ့တူတဲ့ အချက်တွေများလို့ သူနဲ့ အတူလက်တွဲဖြစ်နေတာလို့ သင်ထင်ကောင်း ထင်နိုင်ပါတယ်။ ဆိုလိုတာက ရုပ်ရှင်ကား၊ သီချင်း အကြိုက်တူတာ၊ တူညီတဲ့ အဖြစ်အပျက်မျိုး စတဲ့ အကြောင်းအရာ လေးတွေကြောင့်နဲ့တော့ အတူဆက်လက်တွဲဖို့ဟာ လုံလောက်တဲ့ အကြောင်းရင်း မဟုတ်ပါဘူး။ ဒီအသေးအဖွဲ့ စိတ်ဝင်စားမှု တူနေတာထက် ကျန်းမာပျော်ရွှင်ဖွယ် ဆက်ဆံရေးရှိဖို့က ပိုအရေးကြီးပါတယ်။
ဒီအချက်တွေက သင်ဟာ သင်နဲ့ သဟဇာတ မဖြစ်တော့တဲ့ ချစ်သူကို လမ်းလွဲနေတဲ့ အချက်တွေကြောင့် မစွန့်လွှတ်နိုင်သေးတာလားဆိုတာ ပြန်လည် သုံးသပ်နိုင်ဖို့ အကူအညီပေးမယ်လို့ မျှော်လင့်ပါတယ်။
Credit: Trend Myanmar
lutawlupyaw
No comments:
Post a Comment