Tuesday, March 24, 2015

"လူကို ခွန်အားဖြစ်စေမယ့် အစားအသောက် (၁၈) မျိုး"

"လူကို ခွန်အားဖြစ်စေမယ့် အစားအသောက် (၁၈) မျိုး"


(၁) အစိမ်းရောင် အရွက်ဖားဖား ဟင်းရွက်များ။

ဟင်းနုနယ်၊ ကိုက်လန်၊ မုန်ညင်းစိမ်း၊ ကန်စွန်းရွက် စတဲ့ စိမ်းရောင်ခြယ်အရွက်တွေမှာ ဗီတာမင်နဲ့  သတ္တုဓာတ်တွေပါရှိပြီး၊ ကယ်လိုရီနဲပါးတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဒါ့ပြင် ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ဖောလိပ်ဓာတ်တို့ ကြွယ်ဝတာမို့  ခွန်အားတိုးပွားစေရုံမျှုမက၊ စိတ်ကျရောဂါတွေကိုပါ တိုက်ထုတ်ပေးပါတယ်။

(၂) အစေ့အဆံများ။

ဗာဒံစေ့၊ သစ်အယ်သီး၊ သစ်ကျားသီး၊ သီဟိုစေ့ စတဲ့ အစေ့အဆံတွေမှာ ခံနိုင်ရည်စွမ်းအား ထောက်ပံ့ပေးတဲ့ ပရိုတင်းတွေပါရှိနေပါတယ်။ ၄င်းတို့ကို စားသုံးပြီးတဲ့အခါမှာ ခန္ဓာကိုယ်တွင်းရှိ ကောင်းကျိုးပြုဆဲလ်တွေကို စွမ်းအားပြည့် ထုတ်လုပ်ပေးနိုင်အောင် တဖက်တလမ်းမှ အထောက်အပံ့ဖြစ်ပေးပါတယ်။

(၃) အဆီမပါသောအသားများ။

ကြက်နဲ့ ကြက်ဆင်သားတွေကို အရေခွံမပါဘဲ စားပေးပါ။ အနီရောင်အသားတွေ စားတဲ့အခါမှာ အဆီကိုရှောင်ပါ။ ထို ကြက်၊ ကြက်ဆင်၊ အနီရောင်အသားတွေမှာပါတဲ့ အမိုင်နိုအက်ဆစ်တွေက ပင်ပန်းနွမ်းနယ်မှုကို တိုက်ထုတ်ပေးပါတယ်။ ဒါ့ပြင် သံဓာတ်၊ ဗီတာမင်ဘီနဲ့ ပရိုတင်းများပါရှိလို့ကြွက်သားများ သန်မာစေပါတယ်။ (အားကစားသမားများ သက်လုံ ကောင်းစေပါတယ်)

(၄) ပင်လယ်ငါးများ။

ပင်လယ်ငါး ဟင်းလျာများကို အနည်းဆုံး ရက်သတ္တတ် ၁-ပတ်မှာ ၃ ရက်ခန့်စားပေးပါ။ ပင်လယ်ငါးထဲမှာပါတဲ့ ဖက်တီးအက်ဆစ်တွေက အင်ဆူလင်ပမာဏကို ထိန်းညှိပေးတဲ့အပြင်၊ ဦးနှောက်ကိုကောင်းစွာ
အလုပ်လုပ်စေပါတယ်။ ဒါ့ပြင် ရောင်ရမ်းနာများကို သက်သာစေခြင်း၊ အရိုးအဆက်များ သက်တောင့်သက်သာ အကွေးအဆန့် ပြုလုပ်နိုင်ခြင်း စသည်တို့ကို ကောင်းကျိုးပြုကာ၊ ကြွက်သားများ တွဲကျခြင်းကို မဖြစ်စေပါဘူး။

(၅) ကြက်ဥများ။

သက်သက်လွတ် စားသူတွေအတွက် အသားအစားထိုးအဖြစ် ခွန်အားပြည့် ကြက်ဥကို စားပေးသင့်ပါတယ်။ ကြက်ဥထဲမှာလဲ အသားတွေလိုဘဲ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း၊ ဗီတာမင်များနဲ့  သံဓာတ်တွေ ပါရှိနေပါတယ်။

(၆) ကောက်နှံများ။

လူး၊ ဆပ်၊ ဂျုံ၊ အုတ်၊ စပါး စတဲ့ကောက်နှံတွေကို စားသောက်ပြီးတဲ့နောက် အချိန်တိုအတွင်းမှာပင် ခွန်အား ဖြစ်စေပါတယ်။ အထူးသဖြင့် ပြုပြင်ထားခြင်းမရှိတဲ့ ဆန်လုံးညိုတွေနဲ့  အညိုရောင်ပေါင်မုန့်တွေက အာနိသင်ပိုရှိကြပါတယ်။

(၇) ကော်ဖီ။

ကော်ဖီထဲမှာပါတဲ့ ကဖိန်းဓာတ်တွေက ကြည်လင်လန်းဆန်းမှုကို တခဏအတွင်း ပေးနိုင်စွမ်းလို့ ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော လူသားများ ခွန်အားသစ်ဖြည့်တင်းပေးတဲ့ ကော်ဖီကို နံက်အိပ်ယာထ သောက်လေ့ရှိနေကြပါတယ်။

(၈) လ္ဘက်ရည်။

လ္ဘက်ရည် (အချို)/ လ္ဘက်ရည်ကြမ်း (ရေနွေးကြမ်း)/green tea များမှာလဲ ကော်ဖီထဲမှာလိုဘဲ ကဖိန်းဓာတ်များပါ ရှိနေပါတယ်။ ဒါ့ပြင် L-theanine (ခေါ်) အမိုင်နိုအက်ဆစ်တစ်မျိုး ပါရှိတာကြောင့် လူကို လန်းဆန်းတက်ကြွစေတဲ့အပြင် မှတ်ဥာဏ်အား ကောင်းစေပါတယ်။

(၉) ပဲသီး (ခေါ်) ပဲတောင့်ရှည်နဲ့ ဗိုလ်စားပဲသီးများ။

အစိမ်းရောင် ပဲသီးတွေထဲမှာ သံဓာတ်၊ ဗီတာမင်ဘီနဲ့ အမိုင်နိုအက်ဆစ်များအပြင် အနီရောင်အသားတွေမှာ တွေ့ရတဲ့ ပရိုတင်းဓာတ်များလဲ ပါရှိနေတာကြောင့် ခွန်အားဖြစ်စေပါတယ်။ ဒါ့ပြင် အမျှင်ဓာတ်ကြွယ်ဝလို့ အစာချေစံနစ် ကိုကောင်းမွန်စေကာ ကျမ္မာရေးနဲ့ ညီညွတ်စေပါတယ်။

(၁၀) ပန်းသီးများ။

ပန်းသီးထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်တွေအပြင်၊ ဗီတာမင်စီနဲ့ အမျှင်ဓာတ်တွေပါရှိသဖြင့် ခွန်အားကို တိုးပွားစေပါတယ်။ အထူးသဖြင့် ပန်းသီးထဲမှာ ပါရှိတဲ့ fructose ဓာတ်က တခဏအတွင်းမှာပင် ကိုယ်ခံစွမ်းအားကို တိုးပွားလာစေပါတယ်။

(၁၁) ဌက်ပျောသီးများ။

ပိုတက်စီယမ်ကြွယ်ဝတဲ့ ဌက်ပျောသီးတွေက ခန္ဓာကိုယ်ကြွက်သားတွေကို ကောင်းစွာတည်ဆောက်ပေးလို့ ခန္ဓာကိုယ်အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်ပါတယ်။ ဒါ့ပြင် သစ်သီးမှရတဲ့ သဘာဝသကြားဓာတ်များဖြစ်သော fructose နဲ့ glucose များက ခွန်အားဖြစ်စေပြီး၊ လန်းဆန်းတက်ကြွမှုကို ဖြစ်စေပါတယ်။

(၁၂) ရွှေဖရုံစေ့များ။

အမှတ်စဉ် (၂) မှာ ဖော်ပြထားတဲ့ အစေ့အဆန်များလိုဘဲ၊ ရွှေဖရုံစေ့ထဲမှာ ဗီတာမင်၊ ပရိုတင်များနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အဆီဓာတ်တွေ ပါရှိနေပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်အတွက် မရှိမဖြစ် မဂနီစီယမ်ဓာတ် ပါရှိလို့ ခွန်အားဖြစ်စေပါတယ်။

(၁၃) သံပုရာသီးဖျော်ရည်။

နုံချိအားနည်းနေတဲ့အခါ သံပုရာရည်တစ်ခွက် သောက်ပေးခြင်းဖြင့် ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်လာပြီး၊ ခွန်အားဖြစ်စေပါတယ်။ (ထို့နည်းတူစွာ သဘာဝအုန်းစိမ်းရည် စစ်စစ်ကလဲ လူကို ခွန်အားဖြစ်စေပါတယ်)

(၁၄) ဖရဲသီး။

ရေဓာတ် အမြောက်အများရှိတဲ့ ဖရဲသီးကို စားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင်၊ ဗီတာမင်ဘီ၊ ပိုတက်စီယမ်နဲ့ fructose (ခေါ်) သဘာဝသကြားဓာတ်တို့ ပါရှိသဖြင့် ကိုယ်ခံစွမ်းအား ကောင်းစေပါတယ်။

(၁၅) ဘလူးဘယ်ရီသီး။

ကြွက်ငယ်များနဲ့ ဓာတ်ခွဲ စမ်းသပ်ချက်များအရ၊ ဘလူးဘယ်ရီသီးထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အလုံအလောက် ပါရှိခြင်းကြောင့် အရွယ်တင်နုပျိုစေတဲ့ “စူပါအသီးအနှံ” လို့ ခေါ်ကြပါတယ်တဲ့။ ဒါ့ပြင် အမှတ်စဉ် (၂) မှာ ဖော်ပြထားတဲ့ အစေ့အဆံများလိုဘဲ omega-3 ဖက်တီး အက်ဆစ်တွေ ကြွယ်ဝစွာ ပါရှိတာမို့  ဦးနှောက်ကို ခွန်အားဖြစ်စေပါတယ်။

(၁၆) ပန်းငရုပ်ပွသီး။

ပန်းငရုပ်ပွသီးတွေထဲမှာ မယုံကြည်နိုင်လောက်အောင် ဗီတာမင်စီတွေ များပြားစွာ ပါရှိနေပါတယ်။ ဒါ့ပြင် အမျှင်ဓာတ်၊ ဗီတာမင်ဘီနဲ့ phytochemical lycopene ဓာတ်တို့ ပါရှိနေလို့ ရောင်ရမ်းနာများကို သက်သာစေကာ၊ အလွန်အမင်း မောပန်းနွမ်းနယ်မှုကိုပါ ပြေလျော့စေပါတယ်။

(၁၇) အနက်ရောင်ချောကလက်။

လေ့လာ စမ်းစစ်ချက်များအရ၊ အမဲရောင် ချောကလက်တွေဟာ ဦးနှောက်သို့ သွေးလည်ပတ်စီးဆင်းမှု အားကောင်းစေလို့၊ ချောကလက်စားပြီးနောက် ၂-နာရီ (သို့ မဟုတ်) ၃-နာရီ အတွင်းမှာပင် သိသိသာသာ စိတ်ဖိစီးမှုတွေ ပြေလျော့သွားပြီး၊ မှတ်ဥာဏ်အားကောင်း လာစေပါတယ်။

(၁၈) ဒိန်ချဉ်။

အနီရောင် အသားတွေမှာကဲ့သို့ အမိုင်နိုအက်ဆစ် ပါရှိတာကြောင့် သက်သက်လွတ်စားသူများ ဒိန်ချဉ်တွေသောက်ရင်း ခွန်အားဖြစ်စေပါတယ်။ ဒိန်ချဉ်က လေးလံထိုင်းမှိုင်းခြင်းနဲ့ မောပန်းနွမ်းနယ်မှုတွေကိုပါ ပြေပျောက်စေပါတယ်။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)

promise.pauk



lutawlupyaw

No comments:

Post a Comment