Friday, April 10, 2015

"အောင်မြင်သူများ အစစအရာရာ ကိုယ်တိုင် မလုပ်ကြပါ"

"အောင်မြင်သူများ အစစအရာရာ ကိုယ်တိုင် မလုပ်ကြပါ"

သင် မန်နေဂျာကောင်း တစ်ယောက် ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီလိုပြောလိုက်လို့ ကုမ္ပဏီတစ်ခုကို ပြေးပြီး မန်နေဂျာရာထူးကို လျှောက်ဖို့ ပြောတာမဟုတ်ပါဘူး။ စီမံခန့်ခွဲမှု (Management) ကောင်းသူ တစ်ဦးဖြစ်ဖို့ လိုတယ်လို့ ပြောတာပါ။

စီမံခန့်ခွဲမှုကောင်းတယ် ဆိုတာ ကိုယ်စားလှယ်လွဲနည်း အတတ်ပညာကို ကောင်းစွာ တတ်မြောက်ထားခြင်းပဲ ဖြစ်ပါတယ်။ 

လူအတော်များများဟာ ကိုယ်စားလှယ် မလွဲချင်ကြပါဘူး။ သူတို့ကိုယ်တိုင်ပဲ လုပ်ချင်ကြပါတယ်။ ဒါပေမယ့်
အိမ်ထောင်ရှင်မတစ်ဦးဟာ စီမံခန့်ခွဲမှု ကောင်းရမှာ ဖြစ်သလို အိမ်ထောင်ရှင်ကလည်း စီမံခန့်ခွဲမှု တော်ရမှာပဲ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တစ်ဦးဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ၊ ကျောင်းသားဖြစ်စေ၊ အပျော်ခရီးထွက်သည်ဖြစ်စေ စီမံခန့်ခွဲမှု မကောင်းဘူးဆိုရင် အရည်အသွေးပြည့်ဝတဲ့ ပြီိးမြောက်မှုကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ အရည်အသွေး ပြည့်ဝအောင် ဆောင်ရွက်ဖို့တာဝန်ကို လူတစ်ဦးတစ်ယောက်ရဲ့ လက်သီးဆုပ် ငယ်ငယ်လေးထဲမှာပဲ လှောင်ပိတ်မထားဘဲ ပတ်သက်သူအားလုံးက လိုအပ်သလို ၀ိုင်းပြီး မြင့်တင်ပေးနိုင်မယ့် လွတ်လပ်ပွင့်လင်းတဲ့ တာဝန်ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီတာဝန်ကို ထမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိသူကို ကိုယ်စားလှယ် လွဲပေးရပါမယ်။

ဒီတော့ ပထမဆုံး လိုက်နာရမှာကတော့ အစစအရာရာကို ကိုယ်တိုင် မလုပ်ပါနဲ့။

ကျွန်တော် ညလုံးပေါက် အလုပ်လုပ်နေခဲ့ရတာ ၁၀ စုနှစ် တစ်စုလောက်တော့ ရှိနေပါပြီ။ ကျွန်တော်တင်ပြရတဲ့ လုပ်ငန်းစီမံချက် အဆိုပြုလွှာတွေက စာမျက်နှာ ၄၀၀ လောက် ရှိတတ်ပါတယ်။ ဒါတွေကို ရေးလိုက်၊ ပြန်တည်းဖြတ် လိုက်နဲ့ မနက် ၃ နာရီခွဲလောက် ထိုးထိုးသွားတာ ညတိုင်းပါပဲ။ ဒီအလုပ်ဟာ အရေးကြီးတဲ့အလုပ် ဖြစ်တဲ့အတွက် ကျွန်တော် ဘယ်သူ့ကိုမှလဲ မလွဲချင်ပါဘူး။ လွဲလည်းမလွဲရခဲ့ပါဘူးလို့ ကနေဒါနိုင်ငံ တိုရွန်တို အခြေစိုက် Spectrum ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစုရဲ့ အမှုဆောင်အရာရှိဖြစ်သူ Lord က ပြောပြပါတယ်။

မှန်ပါတယ်။ အချို့ကိစ္စတွေဟာ ကုမ္ပဏီ၊ ရုံး၊ လုပ်ငန်း တစ်ခုလုံးအတွက် အလွန်အရေးကြီးတဲ့ကိစ္စမို့ အကြီးအကဲကိုယ်တိုင်ပဲ ကိုင်တွယ်ပြီး ဘယ်သူ့ကိုမှ တာဝန်မပေးတာမျိုးတွေ ရှိပါတယ်။ ကျွန်တော်က ကိုယ်တိုင်လုပ်လိုက်ရမှ စိတ်တိုင်းကျတာ ဆိုတဲ့ စကားကိုပြောပြီး အစစအရာရာ ကိုယ်တိုင်လုပ်ချင်သူတွေ ရှိပါတယ်။ သူများတွေလုပ်ရင် သူ့လောက်မကောင်းဘူးလို့ဘဲ ခံစားနေရတတ်ကြပါတယ်။ ကားမောင်းကျင်လည်သူဟာ ကားကို ဘယ်သူမောင်းမောင်း စိတ်တိုင်းမကျသလိုပေါ့။ ဒီတော့ ကိုယ်ကိုယ်တိုင်ပဲ မောင်းနေမယ်ဆိုရင် တစ်ကြိမ်မှာ ကားတစ်စီးပဲ မောင်းနိုင်ပြီး တစ်သက်လုံး ကားပဲမောင်းနေရတော့မှာ ဖြစ်ပါတယ်။ ကိုယ့်လိုပဲ ကားမောင်းကျင်လည်သူတွေကို မွေးထုတ်ပေးနိုင်မယ်ဆိုရင် သင်ဟာ ကားအစီးရေ အမြောက်အများနဲ့ လုပ်ငန်းကြီးကြီးတစ်ခုကို လုပ်ကိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

ခိုင်းပေးပါ။ လေ့ကျင့်ပေးပါ။ သူတို့လုပ်တတ်လာအောင် ခိုင်းပေးပါ။ လေ့ကျင့်ပေးပါ။ ဒီလိုလုပ်တဲ့ အတွက် အချိန်နဲ့ သူတို့အမှားတွေကြောင့် ပေးဆပ်ရတာတွေတော့ ရှိမှာပါ။ ဒါပေမယ့် နောက်ပိုင်း သူတို့ လုပ်တတ်သွားတဲ့ အကျိုးကျေးဇူးကြောင့် ရလာမယ့် အကျိုးတွေက ပိုသာနေပါလိမ့်မယ်။

ဒါပေမယ့် အင်္ဂလန်နိုင်ငံ စတင်းဖို့ဒ်တက္ကသိုလ်ရဲ့ ၂၀၁၃ စစ်တမ်းကောက်ယူချက်အရ ကမ္ဘာကျော်ကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိတွေထဲကကို ၃၅ ရာခိုင်နှုန်း လောက်က ကိုယ်စားလှယ်လွဲတဲ့စနစ်ကို လေ့လာမြင့်တင်ဖို့ လိုအပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်သိတယ်လို့ ၀န်ခံခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ ၃၇ ရာခိုင်နှုန်းလောက်က သင်တန်းတွေ အကြိမ်ကြိမ်တက်ဖူးခဲ့ကြပါတယ်။ ဒီတော့ ငါလုပ်မှဖြစ်မယ် ဆိုတဲ့စိတ်ကို ငါခိုင်းပေးပြီး သူတို့လုပ်တတ်လာမှ ပိုပြီး တိုးတက်ကြီးပွားမယ်လို့ ပြင်ဆင်တွေးခေါ် လိုက်နာကျင့်ကြံသင့်ပါတယ် အရီဇိုးနား တက္ကသိုလ်ရဲ့ စီးပွားရေးနှင့် စီမံခန့်ခွဲရေးနည်းပညာဌာန ပါမောက္ခ က ပြောပါတယ်။

ဘာဖြစ်လို့ ကိုယ်စားလှယ်လွဲဖို့ တွန့်ကြတာလဲ။ အကြောင်း ၂ ခု ရှိပါတယ်။ ဘာလုပ်ရမယ်ဆိုတာကို သိပေမယ့် ဘယ်အတိုင်းအတာအထိ ပြီးမြောက်အောင်မြင်ရမယ်ဆိုတာကို ညွှန်ကြားဖို့ ခက်တဲ့အတွက် ကိုယ့်စိတ်ကူးလေးနဲ့ တည့်သည်အထိ ကိုယ်တိုင်ပဲ လုပ်လိုက်ကြတာပါ။ နောက်တစ်ချက်ကတော့ အာဏာကို ဆုပ်ကိုင်ထားချင်ကြတဲ့ လူ့စိတ်သဘောသဘာဝပဲ ဖြစ်ပါတယ်။

ဒီတော့ ရာထူးကြီးလာလေ ကိုယ်လုပ်လက်စ အလုပ်တွေကို တစ်ခြားလူတွေကို လွဲပေးရလေ ဖြစ်ပြီး အချို့ ဝန်ထမ်း တွေဟာ မန်နေဂျာသာဖြစ်လာတယ် ကိုယ်စားလှယ်လွဲပြီး မခိုင်းရဲကြပဲ သူကိုယ်တိုင် အသေးစိပ်ကအစ လုပ်နေ တတ်ကြပါတယ်။ ဒီလိုလုပ်တဲ့အတွက် သက်ဆိုင်ရာဝန်ထမ်းတွေမှာ မိမိကိုယ်ကိုယ် ဂုဏ်ယူဝမ်းမြောက်တဲ့ စိတ်တွေ ကွယ်ပျောက်သွားပြီး အလုပ်မှာ မပျော်နိုင်တော့သလို ၀န်ထမ်းကောင်းတွေလည်း မွေးထုတ်နိုင်တော့ မှာ မဟုတ်ပါဘူး။

ဒီတော့ ကိုယ်စားလှယ်လွဲတတ်ဖို့အတွက် လေ့ကျင့်သင့်တာကတော့ ကိုယ်ဘာလိုချင်တယ်ဆိုတာကို တိကျစွာ ပြောပြပါ။ ၀န်ထမ်းဘယ်လိုလုပ်မလဲဆိုတာကို တစ်ဆင့်ခြင်းစီ မေးပြီး လိုအပ်ရင် ပြင်ဆင်ဖြည့်စွက်ပေးပါ။ အချိန် ဘယ်လောက်ကြာသင့်တယ်၊ လူအား၊ ငွေအား ဘယ်လောက်သုံးသင့်တယ် ဆိုတာတွေကို တစ်ခါတည်း ပြောပြပါ။ Skill တွေအားလုံးလိုပါပဲ ကိုယ်စားလှယ်လွဲတဲ့ Skill ကိုလည်း လေ့ကျင့်ပေးရမှာပဲ ဖြစ်ပါတယ်။

သင်ကလည်း ကိုယ်စားလှယ်လွဲတတ်အောင် ကျင့်ပါ။ ၀န်ထမ်းတွေကလည်း ကိုယ်စားလုပ်ကိုင်နိုင်အောင် လေ့ကျင့်ရပါမယ် ဆိုတာကို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

Lashio News Diary



lutawlupyaw

No comments:

Post a Comment