"အတွင်းစွဲသမားတွေ ပြောပြချင်သည့် (၁၀) ချက်"
လူအေးတွေဟု နာမည်တပ်ခံရသည့် အတွင်းစွဲသမားများသည် လောကကြီးတွင် ကြောက်သူများ၊ နုံသူများ၊ ခေါင်းငုံ့ခံသူများ၊ အပေါင်းအသင်း မချစ်တတ်သူများဟု သတ်မှတ်ခံရသည်။ နေရာတကာ အာကျယ် တတ်ကြသည့် အပြင်စွဲသမားများ ကြီးစိုးသော ကမ္ဘာကြီးတွင် အတွင်းစွဲသမားများသည် လူညံ့များလို သဘောထား ခံရတတ်သည်။ အတွင်းစွဲသမားများက အခြားသူများကို သိစေချင်သည့် (၁၀) ချက်ကို အောက်တွင် ဖော်ပြပါမည်။
အတွင်းစွဲသမားဟူသည် လူအများကြား ရောနှောရခြင်းထက် တစ်ကိုယ်တည်း သို့မဟုတ် မိမိနှင့် ရင်းနှီးသူအချို့လောက်နှင့်သာ နွေးထွေးစွာ နေလိုသူများဖြစ်၏။ ထိုသူများ၏ ခံစားချက်များကို Huffington post အွန်လိုင်း သတင်းစာ၏ ဖေ့စ်ဘွတ်ခ် အွန်လိုင်း ဆွေးနွေးခန်းတွင် အတွင်းစွဲသမားများ ကိုယ်တိုင် ရေးသားဆွေးနွေး ထားကြသည်များထဲက ကောက်နုတ် ဖော်ပြသွားမည် ဖြစ်သည်။
၁။ အတွင်းစွဲ သမားတွေ လူအများကြား နေရတာကို မမုန်းပါ။
အတွင်းစွဲသမားတွေသည် အပေါင်းအသင်း ရောင်းရင်းတွေနဲ့ ပျော်ပျော်ပါးပါး မနေတတ်သည့် ပျော်ရွှင်စိတ် သေဆုံး နေသူများတော့ မဟုတ်။ လူအများကြားတွင် မိမိနှင့် မရင်းနှီးသူများနဲ့ ဆက်ဆံရမည့် အရေးကိုသာ အတွင်းစွဲသမားများ တွေးပူကြခြင်း ဖြစ်သည်။ မိမိနှင့် ရင်းနှီး ကျွမ်းဝင်သူများနဲ့ ဆက်ဆံ ပြောဆိုနေရသရွေ့ ပါတီပွဲများသည် သူတို့အတွက် ပျော်ရွှင်စရာ ဖြစ်နေလိမ့်မည်။
လူအများ စုဝေးသည့် ပွဲလမ်းမျိုးတွင် အတွင်းစွဲသမားများ မပျော်ရွှင်နိုင်ရခြင်း အကြောင်းခံမှာ လှုံ့ဆော်မှု များလွန်းခြင်းနှင့် စိတ်ကျေနပ်ဖွယ် မရှိသော အပေါ်ယံ စကားများကြောင့်သာ ဖြစ်သည်။ အတွင်းစွဲသမားများသည် မရင်းနှီးသူများနဲ့ အပေါ်ယံ အာလာပသလ္လာပ ပြောရခြင်းထက် ရင်းနှီးသူများနဲ့ အတွင်းကျကျ ပြောရခြင်းကို ပိုနှစ်သက်သူများ ဖြစ်ကြောင်း Introvert Power: Why Your Inner Life Is Your Hidden Strengt စာအုပ်ကို ရေးသားသော လာရီဟဲဂိုးက ဆိုသည်။
““ရှင်းအောင် ပြရမယ်ဆိုရင် အတွင်းစွဲ သမားတွေဟာ တစ်ဖက်လူကို မနှစ်သက်တဲ့အတွက်ကြောင့် အာလာပသလ္လာပ ပြောရတာကို မုန်းတာ မဟုတ်ပါဘူး။ မရင်းနှီးသေးတဲ့တစ်ယောက်နဲ့ သူ့နဲ့ကြားမှာ အာလာပသလ္လာပ ဆိုတဲ့ အပေါ်ယံဆက်ဆံမှုကို ကြားခံပြီး ဆက်ဆံနေရတာကိုသာ မုန်းခြင်း ဖြစ်ပါတယ်။ အတွင်းစွဲသမားတွေဟာ အပေါ်ယံလွှာမလိုဘဲ အတွင်းကျကျ ဆက်ဆံရေးကိုသာ နှစ်သက် တတ်ကြပါတယ်”” ဟု ဟဲဂိုးက ဆိုသည်။
၂။ တစ်ကိုယ်တည်း နေရတာ သဘောကျခြင်းသည် ဘေးလူတွေကို မုန်းခြင်းကြောင့် မဟုတ်။
အတွင်းစွဲသမားများသည် ဘယ်သူနဲ့မှ မဆက်ဆံ တစ်ကိုယ်တည်း နေရချိန်လေးများကို ခုံမင်ကြသည်။ ထိုအချိန်သည် သူတို့အတွက် စိတ်ဘက်ထရီ အားဖြည့်ချိန်ဟုလည်း ဆိုနိုင်၏။ ထိုအပြုအမူသည် လူ့အဖွဲ့အစည်းကို ဆန့်ကျင်ခြင်း မဟုတ်။ အတွင်းစွဲသမားများသည် လူတိုင်းနှင့် ပေါင်းမည့်အစား သူနဲ့ အနွေးထွေးဆုံး လူတစ်စု လောက်ကိုသာ နှစ်နှစ်ကာကာ ပေါင်းချင်သူများ ဖြစ်သောကြောင့်တည်း။
““ပါတီတက်ဖို့ (၁၀) ခါ လှမ်းဖိတ်တာ (၉) ခါထိ ငြင်းလွှတ်နေတာ တစ်ဖက်သားကို မခင်လို့ မဟုတ်။ အတွင်းစွဲသမား၏ သဘာဝကြောင့်သာ ဖြစ်သည်ကို နားလည်စေလိုသည်”” ဟု Huffington Post ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာရှိ အတွင်းစွဲများဆိုင်ရာ ဆွေးနွေးပွဲတွင် ကိုယ်တိုင်က အတွင်းစွဲတစ်ဦးဖြစ်သော ကာရိုလင်း မဲလာဒက်စ်က ၀င်ရောက် ရေးသားထားသည်။
၃။ အတွင်းစွဲများသည် ဖွင့်ထားသော စာအုပ်မျိုးမဟုတ်။
အတွင်းစွဲများသည် စိတ်ထဲပေါ်လာတိုင်း ပါးစပ်က ထပြောသူမျိုး မဟုတ်။ စိတ်ထဲ ပေါ်လာသည်ကို တိတ်ဆိတ်စွာပင် သုံးသပ် နေတတ်သူများဖြစ်၏။ ထိုနေရာတွင် အပြင်စွဲ သမားများကား စိတ်ထဲ ပေါ်လာသည်နှင့် ဟောဟော ဒိုင်းဒိုင်းဆို ထပြောတတ်ကြသည်။ မှားခါမှ မှားစေ၊ ပြောချိန်မှာတော့ ယုံကြည်မှုအပြည့် ခွန်အားအပြည့်ဖြင့် ပြောတတ် ကြသည်မှာ အပြင်စွဲသမားများ၏ လက္ခဏာ ဖြစ်၏။
၎။ တစ်ကိုယ်ရေ အ၀န်းအ၀ိုင်းလေးကို ချစ်မြတ်နိုးကြသည်။
အတွင်းစွဲသမားများသည် ကားစီးလျှင် ပြတင်းပေါက်နဲ့ ကပ်သည့် ဒေါင့်နေရာမျိုး စီးတတ်ကြသည်။ ဖြစ်နိုင်လျှင် နောက်ဆုံး ဒေါင့်ဆုံးခုံကို ရွေးတတ်ကြသည်။ လေယာဉ်စီးလျှင်လည်း ပြတင်းပေါက်ဘေး ခုံကိုသာ ရွေးတတ်ကြသည်။ ထောင့်မှာ မိမိဘာသာ အေးအေးဆေးဆေး နေရသည်ကို သဘောကျကြသည်။ အလယ်ခုံများမှာ ထိုင်ပြီး လူအများကြားမှာ နေရခြင်းကို သဘောမကျ။ ဆွေးနွေးပွဲများ ဟောပြောပွဲများ သွားလျှင်လည်း ထိုနည်းလည်းကောင်း ဖြစ်၏။ နောက်ဆုံးကနေ ရပ်ပြီး အေးအေးဆေးဆေး နားထောင်ရတာ၊ သူများတွေ ဆွေးနွေးနေတာ ဘေးက ရပ်ကြည့် သုံးသပ်နေရတာကို သူတို့ ပိုသဘောကျသည်။
၅။ အတွင်းစွဲခြင်းနှင့် အရှက်ကြီးခြင်း မတူ။
အတွင်းစွဲ သူများသည် အရှက်ကြီးသူများ ဖြစ်သည်ဟု အခြားသူများက သတ်မှတ်တတ်ကြသည်။ အတွင်းစွဲ သူများကမူ အရှက်ကြီးခြင်းနဲ့ မဆိုင်ဟု တုံ့ပြန်ထားသည်။ အတွင်းစွဲ သူများသည် လူအများကြား သွားရမည်ကို တစ်ချိန်လုံး ကြောက်နေသူများတော့ မဟုတ်။ လူအများနှင့် အပေါ်ယံ ရောနှောရခြင်းထက် လူနည်းနည်းနှင့် အနှစ်သာရရှိရှိ ရောနှောရခြင်းကို ပိုနှစ်သက်သောကြောင့်သာ လူအများကြား သွားရခြင်းကို ရှောင်ကြဉ်ကြခြင်းဖြစ်၏။ ကြောက်လို့ ရှောင်ကြဉ်ခြင်းမဟုတ်။
၆။ စကားနည်းတာ မခင်လို့ မဟုတ်။
အပြင်စွဲသမားများ စကားများများ ပြောကြသည်။ အတွင်းစွဲသမားများ စကား နည်းကြသည်။ စကားများများ ပြောသူများက ယေဘုယျအားဖြင့် မိတ်ဆွေ ပေါများကာ လူရာပိုဝင်တတ်ကြသည်။ ခင်မင်စရာ ကောင်းသူဟု ယေဘုယျ သတ်မှတ်ခံရသည်။
စကားနည်းသော အတွင်းစွဲသမား များမူကား ပေါင်းသင်းရ ကျပ်သူများဟု တံဆိပ်ကပ်ခံ ရတတ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ အတွင်းစွဲသမားများသည် အပြန်အလှန် ပြောဆိုရာတွင် အပြင်စွဲ သမားများကဲ့သို့ ဦးဆောင် ပါဝင် ဆင်နွှဲရခြင်းထက် ဘေးကကြည့်ကာ သုံးသပ် ဆင်ခြင်ရခြင်းကို ပိုသဘောကျသောကြောင့် ဖြစ်၏။
““စကားဝိုင်းမှာ ဘာမှ ၀င်မပြောဘဲ ခပ်တိတ်တိတ် ထိုင်နေတာ တစ်ခြားသူတွေကို မခင်လို့ မဟုတ်ပါ။ ရိုင်းပြတာလည်း မဟုတ်ပါ။ ဘ၀င်မြင့်တာလည်း မဟုတ်ပါ။ အဲဒီလို ဖြစ်နေတာကို ကျွန်မကိုယ်တိုင်လည်း ကိုယ့်ကိုယ့်ကိုယ် ထိန်းချုပ်ပြောင်းလဲလို့ မရဘူး။ ဒါအတွင်းစွဲ တစ်ယောက်ရဲ့ သဘာဝ သက်သက်ပါ”” ဟု စကားဝိုင်းမှာ ခပ်တိတ်တိတ်ကြီး ထိုင်နေလို့ အပေါင်းအသင်းများက အထင်လွဲကာ အော်ဆဲသည်အထိ ခံခဲ့ရဖူးသော ဘရစ္စတနေပဲတတ်စ် ကလည်း ၀င်ရောက် ရေးသားထားသည်။
၇။ လူတွင်ကျယ် လုပ်ဖို့လည်း ဆန္ဒမရှိ။
ချောင်ထဲမှာ ခပ်လျှိုလျှို၊ နောက်ဆုံးမှာ ခပ်ကုတ်ကုတ် နေတတ်သည့် အတွင်းစွဲသမားများသည် လူမှုဆက်ဆံရေး အရည်အသွေး ချို့ယွင်း နေရှာသူများဟု တံဆိပ်ကပ် ခံကြရသည်။ တကယ်တမ်းမှာ ထိုအပြုအမူသည် ဘေးကနေ စောင့်ကြည့် သုံးသပ်သူအဖြစ် နေလိုသော အတွင်းစွဲ သမားများ၏ စရိုက်သာ ဖြစ်၏။ အတွင်းစွဲ သမားများသည် သူတို့ပုံစံကို ပြောင်းလဲကာ လူကြားသွား လူတွင်ကျယ်လုပ်ဖို့လည်း ဆန္ဒမရှိကြ။
““အတွင်းစွဲသမားကို အပြင်စွဲသမား ဖြစ်အောင် ကုစားလို့မရဘူး”” ဟု လိုရီ အမ်းစထရောင်းဆို သူကလည်း ၀င်ရောက် မှတ်ချက်ပေးထားသည်။
၈။ ဆူညံသော အလုပ်ခွင်မျိုးကို မကြိုက်။
အတွင်းစွဲသမား များသည် ဆူညံသော အလုပ်ခွင်မှာ လုပ်ကိုင်ရခြင်းကို စိတ်ကုန်ကြသည်။ တိတ်ဆိတ်သော ၀န်းကျင်မှာ အေးအေးဆေးဆေး လုပ်ကိုင်ရခြင်းကို နှစ်သက်သည်။ အစည်းအဝေးတိုင်းကို မတက်လို။ တကယ်လိုအပ်သည့် အစည်းအဝေးလောက်ကိုသာ တက်လိုသည်။
““အလုပ်ခွင် အစည်းအဝေးမှာ သူများတွေ အခြေအတင် ငြင်းနေခုန်နေချိန်မှာ ကျွန်မက နောက်ဆုတ်ပြီး ဘေးကြည့်သူ အဖြစ်သာ နေတတ်တယ်။ ဒီလိုလုပ်တာ သူတို့ ဆွေးနွေးနေတာကို အထင်သေးလို့၊ စိတ်မ၀င်စားလို့ ဆိုတာမျိုး မဟုတ်ဘူး။ ကျွန်မက အကြောင်းရာတစ်ခုကို အပြန်အလှန် ပြောနေရခြင်းထက် ကိုယ့်ဘာသာ စဉ်းစား သုံးသပ်ပြီးမှ တင်ပြရတာကို သဘောကျတယ်”” ဟု အတွင်းစွဲ တစ်ယောက် ဖြစ်သော မာရီဆာ ဟိုဟဘ်ဖီဒဲလာ က ဆိုသည်။
၉။ အဓိက လူနေရာက ပါဝင်ရမည့် ပွဲလမ်းသဘင်မျိုး အမုန်းဆုံး။
အားလုံးက ကိုယ့်ကိုယ် ဦးတည်ပြီး လာရောက်ကြမည့် မွေးနေ့ပွဲမျိုး၊ မင်္ဂလာပွဲမျိုး လုပ်ရမှာကို အတွင်းစွဲ သမားများ စိတ်အကုန်ဆုံး ဖြစ်သည်။
““လူတွေ အများကြီးဖိတ်ပြီး ကျင်းပတဲ့ မွေးနေ့ပွဲမျိုးမှာ အားလုံးက ပြုံပြီး အာရုံစိုက်တာ ခံရမယ့် မွေးနေ့ရှင် လုပ်ရမှာမျိုး စိတ်အကုန်ဆုံးပဲ။ မဖြစ်မနေ လုပ်ရမယ်ဆိုရင်တောင် ခင်မင်တဲ့ သူငယ်ချင်း တစ်စုလောက်နဲ့ ညနေခင်းစုပြီး စားကြ သောက်ကြလောက်ပဲ လုပ်ချင်တယ်။
သူတို့လည်း လွတ်လွတ် လပ်လပ် ပျော်ပျော်ပါးပါး နေကြ။ ကိုယ်လည်း မွေးနေ့ရှင်ကြီး ဆိုပြီး လူအများ အာရုံစိုက်ခံရတာမျိုး မရှိဘဲ ပါဝင်သူ တစ်ယောက် အနေနဲ့ပဲ မသိမသာ ပြီးဆုံးသွားတာမျိုးကို သဘောကျတယ်”” ဟု ဂျက်ကီဂျော့ ဆိုသူကလည်း ရေးသားထားသည်။
၁၀။ အသေးစိတ်လေးတွေ မြင်တတ် ခံစားတတ်ကြသည်။
အတွင်းစွဲသမား များသည် စကားဝိုင်းတွင် ဘေးက ထွက်ကြည့် သုံးသပ်သူအဖြစ် နေတတ်ကြရာ ပြောနေသူ၏ စကားလုံးများ နောက်ကွယ်က စိတ်ရင်းကို ပိုမြင်တတ်ကြသည်။ အပြောသမား အပြင် စွဲများကား ပြောဖို့ကိုသာ အာရုံစိုက်ကြသဖြင့် စကားလုံးများ နောက်ကွယ်က တိမ်မြုပ်ပြီး လိုက်လာသော သက်ရောက်မှု၊ ခံစားချက်များကို လွတ်သွားတတ်ကြသည်။
““အတွင်းစွဲ သမားတွေဟာ စကားလုံးရဲ့ နောက်ကွယ်က စိတ်ရင်းထိကို မြင်နိုင် ခံစားနိုင်ကြတယ်။ တကယ်လို့ ကိုယ့်မိတ်ဆွေနဲ့ တခြားတစ်ယောက် စကားပြောနေတာ ဘေးက နားထောင်နေတဲ့ အတွင်းစွဲသမား တစ်ယောက်ဟာ တခြား တစ်ယောက်ကို မနှစ်သက်ဘူးဆိုရင် ဒါ သူ အလွတ်ကြီး မနှစ်သက်တာ မဟုတ်ဘူး။
အဲဒီလူစကား နောက်ကွယ်က စိတ်ရင်းကို ခံစားမိတဲ့ အတွက် မနှစ်သက်နိုင် ဖြစ်တာ”” ဟု ကိုရာဒေါ်နယ် ဆိုသူကလည်း ဖေ့စ်ဘွတ်ခ်တွင် ၀င်ရောက် ဆွေးနွေး ထားသည်။
Ref: 10 Things Every Introvert Wishes You Understood (Huffington Post)
Monday, May 4, 2015
"အတွင်းစွဲသမားတွေ ပြောပြချင်သည့် (၁၀) ချက်"
Labels:
ဗဟုသုတ,
အတွေးအမြင်
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment