"၀ိုင်းကြည့်ခံနေရရင် မျောက်တွေတောင် ရှက်ကိုးရှက်ကန်း ဖြစ်တတ်"
အခြားသူတစ်ဦးဦး သို့မဟုတ် အများအပြားက ၀ိုင်းပြီး စိုက်ကြည့်နေတာမျိုး ခံရသည့်အခါ လူသည် ရှက်ကိုးရှက်ကန်း ဖြစ်လာကာ ကြောင်အမ်းအမ်းနဲ့ လုပ်မိလုပ်ရာ လျှောက်လုပ်မိတတ်သည်။ ထိုအဖြစ်မျိုးသည် လူသာမက မျောက်များမှာလည်း အလားတူ သက်ရောက်မှုရှိကြောင်း သိရသည်။
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ တိရစ္ဆာန်ရုံတွင် မျောက်များ၏ အပြုအမူကို ဗီဒီယိုမှတ်တမ်းတင်ထားချက်အရ သိရခြင်း ဖြစ်သည်။ မျောက်များကို နှစ်စု ခွဲလိုက်သည်။ တစ်စုကို တစ်ဖက်မြင်မှန်များ ကာထားသော အခန်းထဲတွင် ထားသည်။ တစ်ဖက်မြင်မှန်ကြောင့် အပြင်က လူများကသာ မျောက်များကို မြင်ရပြီး မျောက်များမူကား အပြင်ဘက်ကို မမြင်ရ။ နောက် မျောက်တစ်စုကိုကား ပုံမှန် လှောင်အိမ်ထဲတွင် ထားသည်။
ထိုအခါ အပြင်ကလူကို မမြင်ရသော မှန်ခန်းထဲတွင် နေရသော မျောက်များသည် အပြင်ကနေ လူများ ၀ိုင်းကြည့်နေသည်ကို မသိသောကြောင့် ပုံမှန်အတိုင်းသာ လှုပ်ရှား သွားလာနေကြသည်။ ရိုးရိုး လှောင်အိမ်ထဲတွင် နေရသော မျောက်များကား လူတွေ ၀ိုင်းကြည့်နေကြောင်း မြင်ရသဖြင့် လူများများက ၀ိုင်းစိုက် ကြည့်လေ စိတ်တွေ ဖိစီးကာ ရှက်ကိုးရှက်ကန်းဖြစ်ပြီး လျှောက်ပြေးနေခြင်းမျိုး၊ အခြားကောင်များနဲ့ ရန်လိုက်ဖြစ်နေခြင်းမျိုး စသည်ဖြင့် ဂနာမငြိမ် ဖြစ်နေတတ်ကြကြောင်း တွေ့ရသည်။ မှန်ခန်းထဲက မျောက်များမူကား ရိုးရိုးလှောင်အိမ်ထဲက မျောက်များထက် (၆၈) ရာခိုင်နှုန်းလောက်အထိ ပိုတည်ငြိမ် အေးဆေးကြကြောင်း တွေ့ခဲ့ရသည်။ ထိုမျောက်နှစ်စုကို နေရာ အပြန်အလှန် လဲလှယ်ပြီး စမ်းသပ်သည်တွင်လည်း မှန်ခန်းထဲရောက်သွားသော မျောက်များသည် အေးအေးဆေးဆေး ရှိကြကြောင်း တွေ့ခဲ့ရသည်။
လေ့လာသုတေသနကို မဲလ်ဘုန်း တက္ကသိုလ်မှ ဆယ်လီရှားဝင်းနှင့်အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ Applied Animal Behaviour ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။
Source: Daily Mail
Credit: messenger
No comments:
Post a Comment