"သင့်ရဲ့အိပ်ချိန်တွေကို ဘယ်သူခိုးနေတာလဲ"
မနက်ခင်းတိုင်းကို အိပ်ရေးမ၀တဲ့မျက်နှာနဲ့ နိုးထ၊ မျက်လုံးတွေက မှုန်ရီဝိုးတ၀ါးနဲ့ အလုပ်သွားရင်း ကားပေါ် အိပ်ပျော်၊ ဒီလိုအဖြစ်တွေနဲ့ နေ့စဉ်လိုလို ကြုံတွေ့နေရတဲ့အခါ အိပ်ရေးမှဝရဲ့လားလို့ မိမိကိုယ်ကို သုံးသပ်မိလာပါတယ်။ လူကြီးတစ်ဦးအတွက် တစ်နေ့အိပ်ချိန် ၆ နာရီနဲ့ ၈ နာရီကြားဆို လုံလောက်ပြီဆိုတော့ အိပ်ရေးကလည်း ၀ပါတယ်။ ဒါပေမဲ့ အသားအရေကပါ ခြောက်လာပြီး မျက်အိတ်လည်းတွဲကာ မျက်ကွင်းပါ ညိုလာပြီဆိုတော့ အိပ်ခြင်းနဲ့ ကျန်းမာရေး ဆက်စပ်မှုကို သေချာ လေ့လာဆန်းစစ်ဖို့ လိုလာပါတယ်။ ညဘက်ဆို အိပ်ရာထဲရောက်သွားတာတောင် ဖုန်းလေးပွတ်လိုက်၊ စာအုပ်လေးဖတ်လိုက်နဲ့ အိပ်ချိန်မမှန်တာတွေကို အရင်ဆုံး သတိထားပြုပြင်ရပါတယ်။ အိပ်တော့မယ်ဆို ဖုန်းကိုပိတ်ပစ်ပြီး ခပ်ဝေးဝေးမှာ ထားရတဲ့အထိပါပဲ။ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အိပ်ရေး၀၀အိပ်ခြင်းနဲ့ အိပ်ချိန်မှန်မှန်အိပ်ခြင်းတို့ရဲ့ အကျိုးကျေးဇူးတွေနဲ့အတူ ထိရောက်တဲ့ အနားယူအိပ်စက်မှုဖြစ်ဖို့ လိုအပ်တဲ့အချက်တွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။
အိပ်ချိန်ရွေးချယ်မှု
အိပ်ရေးဝပြီး အိပ်ခြင်းရဲ့အကျိုးကျေးဇူးကို အပြည့်အ၀ရရှိစေဖို့ အိပ်ချိန်ရွေးချယ်မှုဟာ အရမ်းကို အရေးကြီးပါတယ်။ သန်းခေါင်မတိုင်ခင် တစ်နာရီအလို (ည ၁၁ နာရီ) မှာ အိပ်တာဟာ အကောင်းဆုံးပဲလို့ ရှေးကတည်း ကပြောခဲ့ကြတာ ကြားဖူးကြမှာပါ။ ဒါဟာ မခိုင်လုံတဲ့ ရှေးရိုးအယူအဆလို့ ထင်စရာရှိပေမဲ့ သိပ္ပံနည်းကျ လေ့လာမှုတွေအရ ဒါဟာ တကယ့်ကို မှန်ကန်နေတာ တွေ့ရပါတယ်။ ခန္ဓာကိုယ်မှာ ကိုယ်ပိုင်အချိန်ဇယားရှိပြီး အိပ်ချိန်ကိုလည်း အချိန်သတ်မှတ်ထားကြောင်း ပညာရှင်များက တွေ့ရှိခဲ့ကြပါတယ်။
ည ၈ နာရီမှ ၁၁ နာရီထိဟာ ရေဓါတ်ဖြည့်ချိန်နဲ့ အာရုံနိုးကြားချိန်၊ ည ၁၁ နာရီမှ မနက် ၃နာရီအထိဟာ အာဟာရဖြည့်တင်းချိန်နဲ့ အင်အားပြန်မွေးချိန်၊ မနက် ၃ နာရီမှ မနက် ၅ နာရီထိဟာ အနားယူချိန်ပဲ ဖြစ်ပါတယ်။ အင်အားပြန်မွေးချိန်ဖြစ်တဲ့ ၁၁ နာရီအချိန်မှာ အိပ်ချင်စိတ်ကိုဖြစ်စေတဲ့ မယ်လ်တိုနင်ဓါတ် ထွက်လာတဲ့အတွက် အလိုလိုပင်ပန်းသလိုဖြစ်ပြီး အိပ်ချင်လာတတ်ပါတယ်။ အိပ်ချိန် ၇ နာရီမှ ဂ နာရီမှာ လုံလောက်ပြီဖြစ်ပြီး ထိုထက်ပိုအိပ်မိပါက မျက်နှာဖောင်းကားပြီး လေးပင်ထိုင်းမှိုင်း နေတတ်ပါတယ်။
အိပ်နေစဉ် အတွင်းမှာ ခန္ဓာကိုယ်ထဲက ဆဲလ်တွေဟာ ပြန်လည်ဖွဲ့စည်းခြင်း၊ အဟောင်းတွေကိုဖယ်ပြီး အသစ်တွေတိုးပွားစေခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို သူ့အလိုလို လုပ်ဆောင်ကြပါတယ်။ အိပ်ရေးပျက်တာ များလာရင် ဆဲလ်တွေမူမမှန်တော့ပဲ အရွယ်ကျ အိုမင်းလွယ်တဲ့အပြင် အလွယ်တကူ စိတ်ရှုပ်စိတ်ဖိစီးနိုင်ပါတယ်။ စိတ်ရှုပ်စိတ်ဖိစီးတဲ့အခါ သွေးကြောများတင်းကျပ်ပြီး သွေးစီးဆင်း မှုခက်ခဲစေလို့ အာဟာရဓါတ် စီးဆင်းမှုတွေကိုပါ ထိခိုက်စေကာ ကျန်းမာရေး ချို့ယွင်းလာတတ်ပါတယ်။ အာဟာရစီးဆင်းမှု အားနည်းခြင်းကို သိသိသာသာ တွေ့မြင်နိုင်တာကတော့ ဦးရေပြားနဲ့ အရေပြားအားနည်းပြီး မျက်နှာ၊ ဆံပင်နဲ့ လက်သည်းခြေသည်းများ တောက်ပြောင်လှပမှု လျော့နည်းလာခြင်းပဲ ဖြစ်ပါတယ်။
အိပ်တဲ့အနေအထား
အိပ်ရေးဝအောင်ရော အိပ်ချိန်မှန်အောင်ရော အိပ်ရက်နဲ့ မနက်နိုးလာတိုင်း မျက်ကွင်းညို မျက်အိတ်ဖောင်းပြီး နိုးလာတယ်ဆိုရင် အိပ်တဲ့အနေအထားတစ်ခုခု မှားယွင်းနေတာ ဖြစ်နိုင်ပါတယ်။ အိပ်တဲ့အနေအထား မှားနေရင် သွေးစီးဆင်းမှု အဆင်မပြေဖြစ်ပြီး အသားအရည် မွဲခြောက်ခြောက် ဖြစ်တတ်ပါတယ်။ မျက်ကွင်းညိုခြင်းဟာ မျက်လုံးအောက်အရေပြားမှာ သွေးစီးဆင်းမှုနည်းပြီး သွေးခဲနေလို့ ဖြစ်ပါတယ်။ သင်ဟာ ပုံမှန်အားဖြင့် မှောက်အိပ်တတ်ရင် မျက်ကွင်းဟာ အမြဲလိုလို ညိုနေမှာဖြစ်ပြီး မျက်နှာတစ်ဖက်တစ်ချက်မှာ ဖိအိပ်ထားတဲ့ အရေးအကြောင်းတွေဟာ တနေ့တခြား ပိုထင်ရှားလာမှာဖြစ်ပါတယ်။ အသက်ငယ်ရွယ်စဉ်မှာ မသိသာရင်တောင် အသက်ကြီးလာတဲ့အခါ ဖိအိပ်မိတဲ့ မျက်နှာအရေးအကြောင်းတွေ ပြန်ကောင်းဖို့ ခက်တတ်ပါတယ်။ ဒါကြောင့် မှောက်အိပ်တတ်သူများ အနေနဲ့ ပက်လက်အိပ်တတ်ဖို့ လေ့ကျင့်သင့်ပါတယ်။ အစမှာ အိပ်ရတာ ဟာလာဟင်းလင်းဖြစ်ပြီး အိပ်မပျော်ဖြစ်တတ်တာမို့ ရင်ဘတ်ကို စောင်ပါးလေးလွှမ်းပြီး မီးအကုန်ပိတ်ပြီး အိပ်ပါ။ ဒါ့အပြင် အိပ်ခန်းထဲမှာ လေကောင်းလေသန့် ရဖို့ကိုလည်း အလေးပေး သတိပြုရမှာဖြစ်ပါတယ်။
မအိပ်ခင်အပြုအမူ
အိပ်နေစဉ်မှာ ခန္ဓာကိုယ်ဟာ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်ကို အထူးအချိန်ပေး လုပ်ဆောင်ပါတယ်။ အိပ်တဲ့ အဆင့်တွေထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်တဲ့အဆင့်နဲ့ အိပ်မက်မက်တဲ့အဆင့်ကိုရောက်ဖို့ အရေးကြီးတယ် လို့ London Sleep Center က Dr Adrian Williams က ပြောပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မှသာ ကြီးထွားဖွံ့ဖြိုးမှု ဖြစ်စဉ်နဲ့ ဆဲလ်အသစ် ဖွဲ့စည်းမှုဖြစ်စဉ်တို့ လုပ်ဆောင်စွမ်း တိုးတက်လာမှာ ဖြစ်ပါတယ်။ အိပ်ရေး၀၀အိပ်နိုင်ဖို့နဲ့ အိပ်ခြင်းရဲ့အကျိုးကျေးဇူးတို့ အပြည့်အ၀ရရှိစေဖို့ အောက်ပါအချက်တွေကို လုပ်ဆောင်သင့်ပါတယ်။
စနေ တနင်္ဂနွေအပါအ၀င် နေ့တိုင်း အချိန်မှန်အိပ်ပါ။ အိပ်ချိန်-နိုးချိန် ပုံမှန်ဖြစ်အောင် နှိုးစက်ပေးပြီး ချိန်ညှိထားပါ။
အိပ်ချိန်မှာ အိပ်ခန်းဟာ မှောင်နေရပါမယ်။ မီးဖွင့်ထားတာ TV ဖွင့်ထားတာ ဖုန်းသုံးနေတာမျိုး မရှိသင့်ပါဘူး။
မအိပ်ခင်မှာ ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်းနဲ့ ချောကလက် စတဲ့ ကဖင်းပါတာတွေကို စားသောက်ခြင်း ရှောင်ပါ။
အိပ်ရာမ၀င်ခင် လေ့ကျင့်ခန်းလုပ်ခြင်းရှောင်ပါ။ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်ပြီး ခန္ဓာကိုယ် တင်းခဲနေတာတွေကို လျှော့ချပါ။
အိပ်ခါနီး ရေချိုးသင့်ပြီး မွှေးရနံ့သင်းတဲ့ ဆပ်ပြာကို သုံးပြီးချိုးပါ။ နွေးထွေးပေါ့ပါးတဲ့ ခပ်ပွပွ အ၀တ်ကို ၀တ်ပါ။
အရမ်း မအိ၊ အရမ်းမမာတဲ့ မွေ့ရာကိုပဲ ရွေးချယ်ပါ။ ဖနောင့်၊ နောက်စေ့နဲ့ တင်ပါးတို့သာ မွေ့ရာထဲ မြုပ်ဝင်နေရမှာဖြစ်ပြီး လည်ပင်း၊ ဒကောက်ကွေးနဲ့ နောက်ကျောတို့က တတန်းတည်း ရှိနေရမှာဖြစ် ပါတယ်။
အားလုံး အိပ်ရေး၀၀အိပ်နိုင်ကြပြီး အိပ်ခြင်းရဲ့အကျိုးကျေးဇူးကို အပြည့်အ၀ ရရှိနိုင်ကြပါစေ။ မိမိရဲ့ အိပ်ချိန်ကို မိမိကိုယ်တိုင် ခိုးယူမိနေသူများအဖြစ်မှ ကင်းဝေးကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
Wednesday, September 2, 2015
"သင့်ရဲ့အိပ်ချိန်တွေကို ဘယ်သူခိုးနေတာလဲ
Labels:
ကျန်းမာရေး,
ဗဟုသုတ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment