Monday, December 7, 2015

"နှလုံးသားနှင့်ရင်းသော"


"နှလုံးသားနှင့်ရင်းသော"

အချစ်ဆိုတာ တကယ့်ကို ကိုးကွယ်ရာပါပဲ။ အချစ်နဲ့မကင်းနိုင်တာ ဘယ်သူရှိသလဲပြော? တကယ်တော့ အချစ်ဆိုတာ အလွန့်အလွန်ကိုမှ ပွန်းရှထိခိုက် ကြေမွလွယ်လွန်းလှပါတယ်။ အချစ်အဓိပ္ပယ်ကိုတော့ ရိုးရိုးလေးပဲ လက်ခံထားမိသည်။ အချစ်=အချစ် ဖြစ်သည်။

အချစ်မှာ စံသတ်မှတ်ချက်တွေ မပါပါဘူး။ လူတယောက်နဲ့တယောက် ချစ်ကြဖို့ ကျောထောက်နောက်ခံ အင်အားတွေ၊ ပညာအရည်အချင်းတွေဟာ အဓိကကြတဲ့ အချက်တွေမဟုတ်ဘူးလို့ ယုံကြည်တယ်။ ဒါမှ အချစ်စစ်ပေါ့။ လူတယောက်ကိုချစ်ဖို့အတွက် အရာရာ စဉ်းစား တွေးတောနေမယ်ဆိုရင်တော့ ဒါဟာ အချစ်ကိုသိမ်မွေ့စွာ စော်ကားခြင်းပါ။ အချစ်ဆိုတာကို လူကဖန်တီးလို့ ရပါတယ်။ အချစ်စစ်ကိုတော့ လူက ဖန်တီးလို့မရနိုင်ပါဘူး။ အချစ်မှာ ပုံသေနည်းတွေ ကျင့်စဉ်တွေ မရှိပါ။ အချစ်ဟာ ထူးဆန်းသော စိတ်တန်ခိုးတခုပါ။ တသက်မှာ တကြိမ်သာ ပေါ်ပေါက်နိုင်ပါတယ်။ အချစ်ကို ပေါ့ပေါ့တွေးပြီး ပေါ့ပေါ့ ချစ်လိုက်ကြသူများဟာ အချစ်စစ်ဆိုတဲ့ အရာကို သေချာ မသိလိုက်ကြသူများပါ။ သူတို့တွေဟာ အချစ်အကြောင်းကို နားမလည်ကြသူများပါ။ တနည်းအားဖြင့် တွယ်ရာမဲ့နေသူများပါ။ သူတို့မှာ အချစ်တွေ အချိန်မရွေး ဖြစ်ပေါ်နိုင်ပါတယ်။ လေးနက်မှုလဲ မရှိကြပါဘူး။ အချစ်စစ်ကို မလေးစားကြသူများပါ။

အချစ်ကို ဗန်းပြပြီး ဈေးကစားသူများကို အံ့သြမိသည်။ အချစ်ကိုယ်စား ရင်နာသည်။ လူတယောက်က လူတယောက်ကို တကယ် ချစ်မချစ် ဆိုတာကို သင် ဘယ်လိုသိနိုင်မလဲ? ဒီလိုမွေးခွန်းမျိုးတွေကို သိပ်ဖြေချင်ပါသည်။ အဖြေကို လူအနည်းစုသာ လက်ခံကြလိမ့်မည်။ ထိုသူများသည် အချစ်ကို ကိုးကွယ်ကြသူများ ဖြစ်လိမ့်မည်။ အချစ်စစ်တွင် အပေးအယူ၊ အကန့်အသတ်၊ အလျော်အစားများ မရှိပါ။ မျှော်လင့်ခြင်းလည်း မရှိပါ။ ရယူပိုင်ဆိုင်၊ ဆုံးရှုံးခြင်းများလည်း မရှိပါ။ အချစ်တွင် အချစ်သက်သက်သာ ရှိပါသည်။ ချစ်သူကို ချစ်နေရရုံဖြင့်ပင် ကျေနပ်နေနိုင်ခြင်းမျိုးပါ။ အရာအားလုံးကို ပေးဆပ်ခြင်းဖြင့်လည်း ရောင့်ရဲနိုင်ရမည်။ ဆုံးရှုံးခြင်းဖြင့်လည်း ရောင့်ရဲနိုင်ရမည် ဖြစ်သည်။ ချစ်သူကို ချစ်သည့်စိတ်တခုတည်းဖြင့်သာ ထွက်သက်များကို ရပ်တန့်စေမည်။ ထိုအချက်များကို အခြေခံ၍ လူတယောက်က တယောက်အပေါ် တကယ်ပင် အချစ်စစ်နှင့် ချစ်မချစ် ခံစားနားလည်နိုင်သည်။

အချစ်အတွက် အသက်ကိုစွန့်သော သူများသည် သူရူးများသာ ဖြစ်ကြသည်။ ထိုအဆိုကို ဂရုမစိုက်ပါ။ တကယ့်ကို သူရူးဘွဲ့ကို ရစေဦးတော့ ချစ်သူအတွက် ရဲရင့်ခြင်းဖြစ်သည်။ ကိုယ်ယုံကြည်ချက်အတွက် ကိုယ့်စတေးမှုကို ချီးကျူးခံနေစရာ မလိုချေ။ ထို့ကြောင့် ဤအရာကို အချစ်ဟုခေါ်သည်။ အချစ်အတွက် အသက်ကိုစွန့်သော သူများသည် သူရဲကောင်းများ ဖြစ်သည်။

နောက်ဆုံး အပြောချင်ဆုံးသော စကားမှာ အချစ်ကို လေးစားပါ။ အချစ်ကို ယုံကြည်ပါ။ အချစ်ကို အချစ်နှင့်ထပ်ပါ။ အချစ်အတွက် ရဲရင့်ပါ။ နှလုံးသားနှင့်ရင်း၍ အချစ်ကိုခင်းပြီး လျှောက်လှမ်းပါ။ ရင်ဘတ်နှင့်ဖတ်ပါ။

အထက်ပါရေးသားချက်များသည် ခံစားချက် သက်သက်များသာဖြစ်သည်။ အချစ်အကြောင်းနှင့် ပါတ်သက်၍ အငြင်းအခုံ မလုပ်ပါ။

Credit: Hnin Nandar

No comments:

Post a Comment