Saturday, April 4, 2015

" တစ်ကျော့ပြန် စီးဝင်လာသည့် ဇာဖက်ရှင် "

" တစ်ကျော့ပြန် စီးဝင်လာသည့် ဇာဖက်ရှင် "

ရန်ကုန်မြို့၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအတွင်း ရောင်စုံပန်းများ ပွင့်ဖူးနေသကဲ့သို့ အဆင်စုံ အရောင်အသွေးစုံ ၀တ်ဆင်ထားသူတို့ ပျားပန်းခပ်မျှ သွားလာနေ ကြသည်။ ဘွဲ့နှင်းသဘင် ခန်းမတွင်းနှင့် အရှေ့မျက်နှာစာတွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးနေကြသည့် အမျိုးသမီးငယ် အားလုံးလိုလိုမှာ အဆင် ဒီဇိုင်းမျိုးစုံ၊ တီထွင် ချုပ်လုပ်ထားသော ဇာအင်္ကျီ များကို အများစု ၀တ်ဆင်ထားကြသည်။ ဘွဲ့နှင်းသဘင် အခမ်းအနားအတွက် အစမ်း လေ့ကျင့်သည့် နေ့ဖြစ်၍ အဆင် ဒီဇိုင်းမျိုးစုံ ၀တ်စုံများကို မြင်တွေ့နေရခြင်းဖြစ်ပြီး တစ်နည်း ဆိုရလျှင် ယနေ့ခေတ် ဖက်ရှင်ရေစီးတွင် တစ်ကျော့ပြန် ခေတ်စားလာသည့် ဇာဒီဇိုင်း မျိုးစုံတို့ကို တစုတဝေးတည်း မြင်တွေ့ခွင့်ရသည့် မြင်ကွင်းလည်းဖြစ်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က အလွန်ခေတ်စားခဲ့သည့် ဇာဖက်ရှင်များ တစ်ကျော့ပြန်လည်ကာ ၂၀၁၅ ခုနှစ်အတွင်း တစ်ခေတ်ဆန်းသစ် လာပါသည်။

‘‘ဇာတွေ ဘာလို့ပြန်ခေတ်စားလာတာလဲဆိုရင် ကျွန်မတို့တိုင်းပြည်မှာ အရင်က ဇာ Import လုပ်တာမရှိဘူး။ ဈေးလည်း အရမ်းကြီးတယ်။ နိုင်ငံခြားသွားမှ တစ်နိုင်တစ်ပိုင်နဲ့ ကိုယ့်ရဲ့ ခရီးဆောင်အိတ်ထဲထည့်ပြီး ၀ယ်လာရတဲ့ အခြေအနေမျိုးလေးတွေပါ။ ဇာတွေခေတ်စားတာနဲ့တန်းတူ မြန်မာ့ရက်ကန်း ချိတ်တွေကလည်း တစ်ပြိုင်တည်း ခေတ်စားနေတယ်လေ’’ ဟု ဖက်ရှင်ရေစီးကြောင်းအတွင်း လတ်တလော ရေပန်းစားနေသည့် ဇာများအကြောင်းကို ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်က ပြောသည်။

နိုင်ငံတကာတွင် လူကြိုက်အများဆုံးနှင့် အထက်တန်းလွှာ လူတန်းစားများ ၀တ်ဆင်နိုင်သည့် ဇာအမျိုးအစားများသည် ပြင်သစ်နိုင်ငံမှ အခြေခံထုတ်လုပ်ခဲ့သည့် လေ့စ်ခေါ် ဇာအမျိုးအစားများပင် ဖြစ်သည်။ ပြင်သစ်နိုင်ငံကို ကိုယ်စားပြု၍ မြို့တော်များဖြစ်ကြသည့် ရွှန်တီး၊ ကာလေး စသည့် မြို့တော်အမည်များကို ဇာအမျိုးအစားများဖြင့် မှည့်ခေါ်ဆိုခဲ့ကြခြင်းလည်း ဖြစ်သည်။

ပြင်သစ်နိုင်ငံထုတ် ဇာများသည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ဇာအမျိုးအစားများဖြစ်ရာ တစ်ကိုက်လျှင် ရွှေတစ်ဆယ်သားတန်ဖိုးနှင့် ညီမျှသော ဇာများပင်ရှိကြောင်း မိုးကုတ်ပေါက်ပေါက်က ဆက်လက်ပြောသည်။

ပြည်တွင်းတွင် ရောင်းချလျက်ရှိသော ဇာအမျိုးအစားများတွင် တစ်ကိုက်လျှင် အနည်းဆုံး ကျပ်တစ်ထောင်မှစတင်ကာ ကျပ်သိန်းသုံးဆယ်အထိ တန်ဖိုးရှိသော ဥရောပနိုင်ငံထုတ် ဇာများပင် ၀င်ရောက်နေပြီဖြစ်သည်။

၁၉၈၅ နှောင်းပိုင်းမှ ၁၉၉၅ ကြား ခေတ်ဆန်းခဲ့သည့် ဇာဒီဇိုင်းများထက် အဆင်ဆန်းလှပသည့်ဇာများ ဈေးကွက်အတွင်း ဈေးသက်သက်သာသာဖြင့် တစ်ကျော့ပြန် ၀င်ရောက်လာခြင်းကြောင့်လည်း အမျိုးသမီးငယ်လေးများအကြား ဆန်းသစ်စွာ ဆင်ယင်နိုင်ကြောင်း အကယ်ဒမီများရှင်မေသန်းနုက ၎င်း၏အမြင်ကို ပြောပြသည်။

‘‘အခုနောက်ပိုင်းမှာ ဇာပိတ်စတွေက ဈေးကွက်မှာ အရမ်းပေါလာတယ်။ တန်ဖိုးလည်းမြင့်သလို ပစ္စည်းတွေကလည်း ကောင်းတယ်။ အရင်တုန်းက ဇာတွေနဲ့ မတူတော့ဘူး။ ဒီဇိုင်းတွေကလည်း အဆန်းတွေချည်းပဲ’’ ဟု မေသန်းနုကပြောသည်။

ဇာဟုဆိုလိုက်သည်နှင့် မျက်မှောင်ကျုံ့ကာ ကြည့်ခံရသည့် ကာလအပိုင်းအခြားရှိခဲ့ဖူးပြီး တစ်ဖန် ပြန်လည်လက်ခံလာကြသည်မှာ ယခုနှစ် စွန်းစွန်းပိုင်းမျှသာ ရှိသေးသည်ဟု ဒီဇိုင်နာမပုံ့က ပြောသည်။

ထို့အတူပင် လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်က ဇာနှင့် ဒီဇိုင်းထွင်ထားသည့် အ၀တ်အစားများကို ဆယ်ကျော်သက်နှင့် နှစ်ဆယ်ကျော်အရွယ် မိန်းကလေးများ ၀တ်ဆင်ရမည်ကို မချိတင်ကဲဖြစ်ခဲ့ကြပြီး ယင်းကဲ့သို့ ဒီဇိုင်းများနှင့် ဆင်မြန်းထားသည့် အ၀တ်အစားများ ၀တ်ဆင်ပါကလည်း တောပုံပေါက်မည်ကို စိုးရိမ်သည်ဟုပင် ပြောဆိုခဲ့မှုများ ရှိခဲ့သည်ဟု ၎င်းကြုံတွေ့ခဲ့ရသည့် ဒီဇိုင်းနှင့် ဖက်ရှင်ရေစီးကို ပြန်လည်ဝေမျှသည်။

ရန်ကုန်မြို့ရှိ တက္ကသိုလ်ကျောင်းသူများကြားတွင် ခေတ်ပေါ်အ၀တ်အစားများထက် မြန်မာ့ရိုးရာ အ၀တ်အစားများကသာ နေရာယူလာပြီဖြစ်ကြောင်းနှင့် မိန်းကလေးအများစုသည် ဇာဖြင့် ဖက်စပ်ချုပ်လုပ်ထားသော မြန်မာအင်္ကျီဒီဇိုင်းများသာ ၀တ်ဆင်ဖြစ်ကြောင်း နောက်ဆုံးနှစ် အင်္ဂလိပ်စာအထူးပြု ကျောင်းသူ မမေသက်ထားဆွေက ပြောသည်။

‘‘အရင်က မြန်မာအင်္ကျီချုပ်ရင် ဇာနည်းနည်းလေးပါပြီဆိုရင်တောင် လုံးဝမကြိုက်ခဲ့တာ။ တောအရမ်းဆန်တယ်။ အဘွားကြီးနဲ့တူတယ်ဆိုပြီးတော့ပေါ့။ မနှစ်က အကယ်ဒမီပွဲမှာ မင်းသမီးတွေကလည်း ဇာတွေဝတ်တော့ အရမ်းလှလာကြတယ်။ သူတို့ ဒီဇိုင်းလေးတွေကိုပဲ အတုယူပြီး ချုပ်ဝတ်ကြည့်ရင်း ကိုယ်နဲ့လည်း လိုက်ဖက်တယ်လို့ ခံစားရရင်း တဖြည်းဖြည်း ဇာတွေချည်း ချုပ်ဝတ်လာမိတော့တာ’’ ဟု ၎င်းကပြောသည်။

ပြန်လည်လူကြိုက်များလာသည့် ဇာဒီဇိုင်းများသည် မြန်မာနိုင်ငံတွင်သာမက ပြည်ပနိုင်ငံများတွင်ပါ တစ်ခေတ်ဆန်း ၀တ်ဆင်နေကြသည်ကို အွန်လိုင်းပေါ်မှတစ်ဆင့် တွေ့မြင်လာကြရသည်။

ဒီဇိုင်နာမပုံ့က ‘‘အနောက်တိုင်းတွေမှာလည်း တစ်လောက ကျင်းပသွားတဲ့ ပဲရစ် Fashion Week မှာဆိုရင် လူကြိုက်အများဆုံး ဖက်ရှင်တွေက ဇာတွေ ဖြစ်နေတယ်။ သူတို့ကတော့ ဇာကအစ ကိုယ်ပိုင်ဒီဇိုင်းတွေ ဖန်တီးကြတာလေ။ ကိုယ့်တိုင်းပြည်ကို နိုင်ငံတကာဈေးကွက်က ဇာတန်ဖိုး အနည်းဆုံးတစ်ထောင်တန်ကနေ သိန်းဆယ်ချီထိ တန်တာတွေ ၀င်လာတယ်။ အရင်က ဇာဝတ်တဲ့သူကို တောဆန်တယ် ပြောကြပေမယ့် ဒီဘက်ခေတ်မှာတော့ လာအပ်တဲ့သူကြိုက်အောင် ချုပ်ပေးတဲ့ ဒီဇိုင်နာတွေကလည်း မလှလှအောင် ချုပ်ပေးနိုင်ကြပြီ’’ ဟု ပြောသည်။

ဝယ်ရလွယ်ကူသော ပိတ်စများနှင့် ဒီဇိုင်းဆင်ရ လွယ်ကူသော နည်းပညာများကြောင့်လည်း မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီသည့် အ၀တ်အစားများကို ပိုမိုဝတ်ဆင်လာကြခြင်း ဖြစ်ကြောင်း၊ ယင်းအ၀တ်အစားများက ယခင်ကကဲ့သို့ အသက်အရွယ်အပိုင်းအခြား ရွေးချယ်ရန် မလိုတော့ကြောင်း၊ သို့သော် အပေါ်အောက် ၀မ်းဆက်ဒီဇိုင်းကို ၀တ်ဆင်မည်ဆိုပါက တည်ငြိမ်ရင့်ကျက်သော အရွယ်ဟန် ရရှိလာမည်ဖြစ်ကြောင်း အကယ်ဒမီများရှင် မေသန်းနုက အကြံပေးပြောကြားသည်။

‘‘ဖက်ရှင်က တစ်ပတ်ပြန်လည်လာလို့ပဲလားမသိဘူး။ အခုအချိန်မှာတော့ ဘယ်ကောင်မလေးတွေ ကြည့်ကြည့် ဇာတွေနဲ့ချည်းပဲ။ ကောင်မလေးတွေပဲလားဆိုတော့လည်း ညီမလေးတို့ အမေအရွယ်တွေလည်း ဇာတွေနဲ့ပဲ’’ ဟု မော်ဒယ်ရွှေရည်သုန်သုန်က ပြောသည်။

ဇာကို ဒီဇိုင်းထွင်ချုပ်လုပ်ရာတွင် မြန်မာ့ရိုးရာ အင်္ကျီများအပြင် ညနေခင်းပွဲတက်ဖက်ရှင်များ၌ပါ ဇာအသားပေး ချုပ်လုပ်လာကြခြင်းသည် ဒီဇိုင်နာများ၏ အနုစိတ်လက်ရာများတွင် အမျိုးမျိုးသော ဇာဖက်ရှင်များဖြင့် တစ်ခေတ်ဆန်းနေသည်ဟု ၎င်းကပြောသည်။

နိုင်ငံတကာနှင့် ရိုးရာဖက်ရှင်မျိုးစုံကို စိတ်ဝင်စားပြီး ခေတ်ရေစီးကြောင်းနှင့်အပြိုင် လိုက်လံပုံဖော် ဝတ်ဆင်သည့် အသက် (၂၀) ကျော်အရွယ် မထွန်းထက်ထက်မိုးကလည်း ‘‘ဇာကကြည့်လိုက်တာနဲ့ အမြင်ဆန်းတယ်။ ဇာကိုဝတ်လိုက်တာနဲ့ လူက စမတ်ကျသွားတယ်။ Sexy လည်းဖြစ်တယ်။ ဇာလည်းဖြစ်ပြီး အရမ်းတောက်ပြောင် ရှုပ်ယှက်ခတ်နေတာတွေ ဆိုရင်တော့ ကြည့်မကောင်းဘူး။ အရင်က ဇာဆိုရင် အရမ်းမုန်းတယ်။ အခုတော့ အရမ်းကြိုက်နေတယ်’’ ဟု ပြောသည်။

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း အ၀ါရောင်၊ အနီရောင်၊ အစိမ်းရောင်၊ ခရမ်းရောင် စသည့် အရောင်မျိုးစုံနှင့် ဇာဒီဇိုင်းလှလှများထဲမှ အင်္ဂလိပ်စာအထူးပြုဖြင့် ၀ိဇ္ဇာဘွဲ့ တက်ရောက်ယူမည့် မမေသစ္စာအောင်က ၎င်းဆင်ယင်ထားသည့် ဖက်ရှင်၏အဓိပ္ပာယ်ကိုလည်း ယခုကဲ့သို့ ဖွင့်လှစ်ဟခဲ့သည်။

‘‘ခေတ်ရဲ့ဖက်ရှင်က မြန်မာဝတ်စုံ နောက်ပြန်လိုက်လာပြီဆိုတော့လည်း ခေတ်သစ် မိန်းကလေးတွေလည်း ကိုယ့်နောက်လိုက်လာတဲ့ ဖက်ရှင်ကို ထိန်းသိမ်းပေးကြဖို့လိုတယ်။ မြန်မာဝတ်စုံကို စွဲစွဲမက်မက် ၀တ်ဖူးသူတိုင်း၊ ၀တ်ဆင်နေကြတဲ့သူတိုင်းက အများက သတ်မှတ်ပေးတဲ့ တန်ဖိုးတစ်ခု လက်ဝယ်ရှိနေမှာပါ။’’
မြန်မာ့ဖက်ရှင်ရေစီးတွင် ဇာတစ်ခေတ် ပြန်ဆန်းသစ်လာပါပြီ။

By - ဖြူဖွေးသန့်
7Day News Journal



lutawlupyaw

No comments:

Post a Comment