"အဘယ့်ကြောင့် လူသေသောအခါ ဒီလိုလုပ်နေပါသလဲ ?"
လူသေသောအခါ ရေချိုးပေးရခြင်းအကြောင်း
လူတို့သည် ရောဂါများခံစားရသောအခါ ဆေးဝါးများကုသရခြင်း ရေမချိုးရခြင်းစသည်ဖြင့် ရက်လနှစ်ကြာမြင့်အောင် ဝေဒနာကို ခံစားပြီး သေဆုံးသွားရလေသည်။ ထိုလူသေကောင်၌ မကောင်းသောအနံ့များ နံနေသောကြောင့် အသုဘရှုသူ ရဟန်းရှင်လူများ အနံ့သက်သာစေရန် ရေချိုးပေးရခြင်း၊ အမွှေးနံ့သာများဖြန်းပေးရခြင်းပင် ဖြစ်ပါသည်။
လူသေကောင်ပါးစပ် ငွေထည့်ပေးရခြင်းအကြောင်း
လူအများစုက ဒီပြဿနာကို နောက်ဘဝအတွက် ကူးတိုးခဟု ထင်မှတ်နေပါသည်။ တကယ်တော့ ဟိုး ရှေ့အခါက လူတို့သေပြီဆိုလျှင် သုဿာန်၌ လူသေအလောင်းများကို မြေမြှုပ်ပေးနေသော သုဘရာဇာတစ်ယောက်ရှိသည်။ ထိုသူသည် ကိုယ်တိုင်မြေတူး၊ ကိုယ်တိုင်မြေမြှုပ်ပေး၏။ ထိုသူအား ငွေအသပြာတစ်မတ်ကို ကျန်ရစ်သူမိသားစုက အလောင်း၏ ပါးစပ်အတွင်း ထည့်ထားပေးရသည်။ သုဘရာဇာလူကြီးမှာ အလောင်းပါးစပ်မှ ငွေတစ်မတ်ကိုယူ၍ မြေမြှုပ်ပေးလေတော့သည်။ အချိန်ကာလတွေ ကြာမြင့်လာသောအခါ လူတို့သည် နောက်ဘဝအတွက် ကူးတိုးခဟု မှားယွင်းစွာ ထင်မှတ်ခဲ့လေသည်။
လူသေကောင်ခြေတို့၌ ကြိုးချည်ထားရခြင်းအကြောင်း
လူသေသောအခါ အကြောများ တောင့်တင်းခိုင်မာလာကြသည်။ ကြိုးချည်မထားလျှင် ခြေကားယား လက်ကားယားဖြင့် မြင်မကောင်အောင် အရုပ်ဆိုးလှသည်။ ထို့ကြောင့် ခြေနှစ်ချောင်းကိုယူကာ ကြိုးဖြင့်ဖြစ်စေ ဆံပင်ဖြင့်ဖြစ်စေ ချည်ထားရခြင်းဖြစ်ပါသည်။
အခြားသော ဗဟုသုတအဖြစ်မှတ်ထားစေရန်
နတ္ထိ သုဘံ ဧတဿာတိ အသုဘံ/ဧတဿ ဤအလောင်းကောင်၌ သုဘံ တင့်တယ်မှုသည် နတ္ထိ မရှိ တဲ့။ လူအများအမြင်မှာ တင့်တယ်မှုမရှိလို့ အသုဘလို့ ခေါ်ပါတယ်။ အချို့သောနေရာတို့၌ ရှေ့လူကြီးတို့၏ မှားယွင်းသော အယူများကိုယူနေပါတယ်။ ဥပမာ အပြင်မှာသေသောလူအား အရပ်ထဲရွာထဲမထည့်ရ။ နောက်လူသေတတ်တယ်ဆိုတာမျိုးပါ။ ဒါဆိုရင် နိုင်ငံခြားမှာသေ၍ လေယာဉ်ဖြင့် မြန်မာပြည်ကို ပြန်ယူသောအခါ ထိုလေယာဉ်က သင့်ဦးခေါင်းမှ ပျံသွားခဲ့တယ်ဆိုရင် သင်ဘယ်လိုလုပ်မလဲ။ ဒါတွေက တကယ်တော့ မြန်မာတို့၏ အယူသည်းမှုပါ။ လူသေကောင်တော့ အမျိုးမျိုးပြောတတ်ပေမဲ့ တိရိစ္ဆာန်အသေတော့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေတာ မြင်တဲ့အတိုင်းပါ။
နောက်တစ်ခုက လူသေလျှင်အိမ်မှာ ခုနှစ်ရက်ကြာမှ ထွက်တယ်ဆိုတဲ့အယူပါ။ ဒါကလည်း မှားယွင်းပါတယ် ဦးဇင်းတို့ ဗုဒ္ဓအဘိဓမ္မာသဘောအရ ဘဝဟောင်းရှိ စုတိ၏။ အခြားမဲ့၌ ကာလမခြားဘဲ ဆက်တိုက်သာလျှင် ဘဝသစ်၌ ပဋိသန္ဓေနေရသောကြောင့် သေပြီးသည့်နောက် (၇) ရက်ပြည့်မှ အိမ်ကထွက်တယ်ဆိုတာလည်း မှားယွင်းပါတယ်။
အခြားအခြားသော ဗဟုသုတဖြစ်စေရန်တွေကိုလည်း အခွင့်သင့်လျှင် ရေးသားပေးသွားပါ့မယ်။
အားလုံး ကျန်းမာချမ်းသာကြပါစေ။
ဓမ္မာစရိယ ဦးဇင်းလေး
The Express Times
lutawlupyaw
No comments:
Post a Comment