"အားဖြည့်အချိုရည် သောက်သုံးမှုကြောင့် ဆယ်ကျော်သက်များ နှလုံးအန္တရာယ်ရှိ"
အားဖြည့်အချိုရည်များ သောက်သုံးမှုကြောင့် ကျန်းမာသော ဆယ်ကျော်သက်များတွင် နှလုံးပြဿနာများ ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်များက သတိပေးထားသည်။
အားဖြည့်အချိုရည်ကို တစ်နေ့တစ်ဘူး သောက်သုံးလျှင် လုံလောက်သည်ဟု ဆရာဝန်များက ပြောကြားပြီး အားဖြည့်အချိုရည်များ လွန်ကဲစွာသောက်သုံးခြင်း၊ အရက် (သို့မဟုတ်) မူးယစ်ဆေးဝါးများနှင့် ရောစပ်သောက်သုံးခြင်းတို့၏ အန္တရာယ်များကို လူငယ်များ သတိထားရန် လိုသည်ဟု ၎င်းတို့ကပြောကြားသည်။
ရုတ်တရက် နှလုံးမူမမှန်ဖြစ်ပြီး သေဆုံးသော ရောဂါ (SADS) မှာ နှလုံးပြဿနာရှိကြောင်း စစ်ဆေးတွေ့ရှိထားသူများတွင် အထူးသဖြင့် အန္တရာယ်များကြောင်း သိရသည်။ ကျန်းမာသော ကြီးကောင်ဝင်စအရွယ် လူငယ်များအတွက် အားဖြည့်အချိုရည် ၂၅၀ မီလီလီတာအထိ သောက်သုံးခြင်းမှာ ဘေးကင်းသော်လည်း အားကစားလုပ်နေစဉ် (သို့မဟုတ်) မလုပ်မီ သောက်သုံးမှုကို ရှောင်ရှားသင့်သည်ဟု သုတေသီများက အကြံပြု ထားသည်။
အားဖြည့်အချိုရည်များသည် ကလေးများ (သို့မဟုတ်) ကိုယ်ဝန်ဆောင်အမျိုးသမီးများ သောက်သုံးရန် မသင့်ဟု ဗြိတိန်နိုင်ငံတွင် ရောင်းချသည့် အားဖြည့်အချိုရည်ဘူးများ၌ ဖော်ပြထားသည်။
ကြီးကောင်ဝင်စအရွယ်များ၊ လူငယ်များ စုစုပေါင်း၏ သုံးပုံတစ်ပုံသည် အားဖြည့်အချိုရည်များကို ပုံမှန်သောက်သုံးလေ့ရှိကြပြီး အားဖြည့်အချိုရည်များ လူကြိုက်များမှု မြင့်တက်လာကြောင်း သုတေသီများက ကနေဒါ နှလုံးကျန်းမာရေး ဂျာနယ်တွင် ရေးသား ဖော်ပြထားသည်။
အရက် (သို့မဟုတ်) အခြားမူးယစ်ဆေးများနှင့် တွဲဖက်၍ အားဖြည့်အချိုရည်များကို လွန်ကဲစွာသောက်သုံးခြင်း (သို့မဟုတ်) နှစ်မျိုးစလုံးနှင့် ရောသောက်ပါက သေဆုံးခြင်းအပါအဝင် အနုတ်သဘော ထိခိုက်မှုများ ဖြစ်နိုင်သည်ဟု သတိပေးထားသည်။
အသက် (၁၂) နှစ်အောက် ကလေးငယ်တစ်ဦးသည် ၎င်း၏ ကိုယ်အလေးချိန် တစ်ကီလိုဂရမ်အတွက် ကဖိန်းဓာတ် ၂ ဒသမ ၅ မီလီဂရမ်ထက် ပိုမိုသောက်သုံးပါက အဆိပ်ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက တွက်ချက်ဖော်ပြသည်။
Credit : 7Day Daily
lutawlupyaw
No comments:
Post a Comment