"ချစ်သူနှစ်ဦးကြား ဒီလို မဖြစ်မနေ လုပ်ဆောင်ပေးသင့်တဲ့ အရာလေးတွေကို မေ့နေဖို့ မသင့်တာ"
လူ (၁၀၀) ကိုမေးလိုက်ရင် (၈၀) လောက်ကတော့ ဈေးကြီးတဲ့ ညစာဒိတ်တွေနဲ့ တန်ဖိုးကြီး လက်ဆောင်ပစ္စည်းတွေက ချစ်ခရီးလမ်းရဲ့ သော့ချက်ပါလို့ ဖြေတတ်ကြပါလိမ့်မယ်။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ သင်တို့ ထင်တာ မှားပါတယ်။
အခုဖော်ပြပေးမယ့် မဖြစ်စလောက်သော သေးငယ်တဲ့ အပြုအမူလေးတွေက ချစ်ခရီးလမ်းမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်စေနိုင်တယ်ဆိုတာ သင်သတိမူမိမှာ မဟုတ်ပါဘူး။ သင့်ရဲ့ ချစ်ခရီးလမ်း ဒီထက်သာယာဖြောင့်ဖြူးဖို့ ဆိုရင်တော့ နှလုံးသားထဲမှာ ချစ်ခြင်း အပြည့်ရှိနေဖို့နဲ့ ဒီအပြုအမူလေးတွေကို ထပ်ပေါင်းထည့်ဖို့ပဲ လိုတာပါ။
(၁) မနက်လင်းချိန်နဲ့ အိပ်ရာဝင်ချိန်တွေအတွက် သတိတရစာတိုလေးတွေ ပို့ပါ။
မိုးလင်းချိန်မှာ “မင်္ဂလာမနက်ခင်းပါ ကောင်လေး/ကောင်မလေးရေ။ အိပ်ရာနိုးနိုးချင်း မင်းကိုပဲသတိရတယ်” စသဖြင့် နှုတ်ဆက်စာလေးတွေ ပို့ပေးခြင်းက သင့်အတွက် အပန်းမကြီးပေမယ့်လည်း အလွန်အသုံးဝင်ပါတယ်။ ဒီလိုပဲ ညအိပ်ရာဝင်ချိန်လေးတွေမှာလည်း “ဒီနေ့အရာရာ အဆင်ပြေလား။ မင်းအကြောင်းပဲတွေးနေမိလို့ အိပ်မရသေးဘူး” စတာမျိုး ပို့ပေးပေါ့။ အိပ်ရာဝင်ချိန် စာတိုလေးတွေမှာ အနမ်းလေးတွေ ထည့်ပေးဖို့လည်း မမေ့နဲ့နော်။
(၂) အိမ်ရှေ့ရောက်တဲ့အထိ စိတ်ချရအောင်လိုက်ပို့ပေးတဲ့ အကျင့်ရှိပါ။
ဒီအချက်ကိုပြောလို့ သူမရဲ့ ယဉ်မောင်းသမားတစ်ဦး ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ဆိုလိုတာက gentleman မှန်သမျှဟာ သူတို့ရဲ့ကောင်မလေးကို ချိန်းတွေ့ပြီးအပြန် အန္တရာယ်ကင်းအောင် ဂရုစိုက်တာမျိုးတော့ လုပ်သင့်ပါတယ်။ သူမအနေနဲ့လည်း တစ်ယောက်တည်းပြန်လို့ရသလို သင်ကလည်း သူမကို ကာကွယ်ပေးနိုင်တဲ့ တစ်ဦးတည်းသော အမျိုးသား မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအချက်ကို ရိုးရိုးရှင်းရှင်းပဲ တွေးကြည့်တဲ့အခါ သင့်ရဲ့ သူမအပေါ် တန်ဖိုးထား ဂရုစိုက်မှုကို ဖော်ပြတာပါ။
(၃) ယုံကြည်ရသူ ဖြစ်ပါစေ။
ချစ်သူနှစ်ဦးကြား အရေးကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံး အချက်ကတော့ တစ်ဦးနဲ့တစ်ဦး ပွင့်လင်းစွာ ဆွေးနွေးနိုင်တာပဲ ဖြစ်ပါတယ်။ တစိမ်းတွေထဲက အရင်းနှီးဆုံးဖြစ်တဲ့ သင်တို့နှစ်ဦးမှာ တစ်ဦးရဲ့လျှို့ဝှက်ချက်ကို တစ်ဦးက ယုံကြည်စွာ ဆွေးနွေးနိုင်ပြီဆိုရင်တော့ ဒီချစ်ခရီးလမ်းက ပျက်ယွင်းဖို့ အတော်လေးခဲယဉ်းသွားပါပြီ။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်ရအောင် လုပ်ဆောင်ပါ။
(၄) ရက်စွဲတွေကို မှတ်ထားပါ။
အမျိုးသားတွေမှာ ရက်စွဲမမှတ်မိတတ်တဲ့ ပြဿနာရှိပြီး အမျိုးသမီးတွေကလည်း ဒါကိုပဲ ပြဿနာ ရှာချင်ကြပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ရက်စွဲတချို့ (ဥပမာ-မွေးနေ့၊ ချစ်သက်နှစ်ပတ်လည်နေ့၊ စတွေ့တဲ့နေ့) စတာမျိုးလောက်တော့ မှတ်မိနိုင်အောင် ကြိုးစားထားပါ။ ဖုန်းထဲမှာပဲဖြစ်ဖြစ် သူမ မသိအောင် သိမ်းဆည်းထားပါ။ သူမမေးတဲ့ ရက်စွဲတစ်ခုကို တန်းခနဲဖြေနိုင်ရင်တော့ သင်အတော်လေး အမှတ်ရမှာပါ။ ဒီအချက်လေးကလည်း သေးငယ်ပေမယ့် အရေးပါပါတယ်။
(၅) မျှော်လင့်ချက်ပန်းတိုင်တွေကို ဝေမျှပါ။
သင့်ရဲ့ ရည်မှန်းချက်တွေနဲ့ အသက်မွေးဝမ်းကြောင်း အစီအစဉ်တွေထဲ သူမကို ထည့်သွင်းစဉ်းစားပြီး မျှဝေပေးခြင်းက အလွန်ပဲအရေးကြီးပါတယ်။ ဒီအပြုအမူက သူမကို သင်ဘယ်လောက်ထိ ရည်ရွယ်ထားကြောင်း သိစေနိုင်ပြီး သင့်အတွက် သူမက အရေးပါတယ်လို့ ဆိုလိုတာလည်း ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ကို ရှက်ရွံ့နေစရာမလိုပဲ သင့်အလုပ်အကြောင်းကို သူမနဲ့ ဆွေးနွေးလို့ရရင် ဆွေးနွေးပါ။
ပြောခဲ့တဲ့ ဒီအပြုအမူ၊ အပြောအဆိုလေးတွေဟာ ဘာမှအပန်းမကြီးတာ မှန်ပေမယ့် သင်တို့ ချစ်ခရီးလမ်းကိုတော့ အများကြီး အထောက်အကူဖြစ်တာပေါ့။ နားလည်မှုနဲ့ ပြည့်စုံနိုင်မယ့် ချစ်ခြင်းတစ်ခုဆိုတာ ရွှေတွေ ငွေတွေပေးဝယ်လို့ မရတာအသေအချပါပဲ။
Credit: Trend Myanmar
lutawlupyaw
No comments:
Post a Comment