"ကင်ဆာ ရောဂါမဖြစ်အောင် ဘယ်လိုကြိုတင် ကာကွယ်နိုင်သလဲ"
စကားလုံးခြောက်လုံးရှိတဲ့ “cancer” ဆိုတဲ့ အသံဟာ ကြားရသူအားလုံးရဲ့ ရိုးတွင်းချဉ်ဆီထိအောင် စိမ့်သွားမယ်ဆိုတာ သေချာပါတယ်။ လူတွေဟာ တိတိကျကျသတ်မှတ်ထားတဲ့ ကုသနည်းမရှိတဲ့ ဒီရောဂါကို ကြောက်လန့်ကြပါပြီ။ ကင်ဆာဆဲတွေဟာ ထိန်းချုပ်မရတဲ့ အခြေအနေတစ်ခုကို ရောက်ရှိသွားပြီဆိုရင်တော့ tumor (ကျူမာ) လို့ခေါ်တဲ့ အစိုင်အခဲတွေအဖြစ်ကို အသွင်ပြောင်းသွားပါတယ်။ အဲဒီ ကျူမာတွေ တဖြည်းဖြည်း ကြီးထွားလာပြီဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ အစာခြေမှုစနစ်၊ အာရုံကြောနဲ့ သွေးလှည့်ပတ်မှု စနစ်တွေကို ထိခိုက်နိုင်ပါတယ်။
ဒီလို အရေးကြီးတဲ့ ရောဂါမျိုးကို ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုပြီး အကျိုးသက်ရောက် ပါတယ်။ ဒီလိုကာကွယ်ဖို့ဆိုတာလည်း အရမ်းကြီး ခက်ခက်ခဲခဲ မဟုတ်ဘဲ ကျွန်ုပ်တို့ရဲ့ နေ့စဉ်လူနေမှု ဘ၀ပုံစံကို အနည်းငယ် ပြောင်းလဲပစ်ရုံပါပဲ။ ဘယ်လိုအချက်လေးတွေ ပြောင်းလဲပစ်ရင် ကင်ဆာကို ကာကွယ်နိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်။
(၁) ရေ (၈) ဖန်ခွက် စည်းမျဉ်း
ရေအများကြီးသောက်ခြင်းနဲ့ အခြားဖျော်ရည် များများသောက်ပေးခြင်းက ဆီးအိမ်ကင်ဆာ၊ သည်းခြေအိတ်ကင်ဆာတွေကို ကာကွယ်ပေးပါတယ်။ အရေများများသောက်ပေးခြင်းကြောင့် ဆီးအိမ်မှာရှိတဲ့ ဆီးတွေ လွယ်ကူစွာသွားနိုင်အောင် ကူညီပေးပါတယ်။ တစ်နေ့ကို ရေ ၂.၄ လီတာ ထက်နည်းအောင် သောက်တဲ့သူဟာ ဆီးကျင် ၊ ဆီးအောင့် စတဲ့ ဆီးနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ချေရှိပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ (၈) ဖန်ခွက်ထက်မနည်း သောက်သုံးခြင်းဖြင့် ကျန်းမာပျော်ရွှင်ပြီး ကင်ဆာကင်းစင်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်မှာပါ။
(၂) အစားအစာတွေကို ကြက်သွန်ဖြူထည့်ပေါင်းဖို့
ကြက်သွန်ဖြူတွေဟာ သင့်အစားအစာကို အရသာရှိဖို့နဲ့ အနံ့မွှေးကြိုင်ဖို့ တစ်ခုတည်းတင် မဟုတ်ပါဘူး။ ကင်ဆာဖြစ်ပွားမှုနှုန်းကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဘက်တီးရီးယား ကာကွယ်မှုနှုန်း (ဒါမှမဟုတ်) ကင်ဆာဖြစ်စေတဲ့ အရာတွေကို ပိတ်ဆို့တားဆီးပေးနိုင်တဲ့ အစွမ်းထက် ကာကွယ်နိုင်မှုတွေ ကြက်သွန်ဖြူမှာ အပြည့်အ၀ ပါဝင်တယ်။ DNA ပြန်လည် ပြင်ဆင်မှုနှုန်း တိုးမြှင့်ပေးခြင်း၊ ဆဲလ် တဟုန်တိုး တိုးပွားလာမှုတွေ လျော့ချပေးခြင်း၊ ဆဲလ်သေဆုံးမှု လျော့နည်းစေခြင်းတွေကို ကြက်သွန်ဖြူက လုပ်ဆောင် ပေးပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဆိုရင် ကြက်သွန်ဖြူဟာ အစာအိမ်ကင်ဆာဖြစ်ပွားမှုနှုန်းကို တတ်နိုင်သမျှ ကာကွယ်ပေးပါတယ်။
(၃) ဆဲလ်ဖုန်းအသုံးပြုမှုကို ကန့်သတ်ထားပါ
ဆဲလ်ဖုန်း အသုံးပြုရာမှာ စပီကာတွေ၊ အီးယားဖုန်းတွေနဲ့ အသုံးပြုတာဟာ လက်ကကိုင်ပြီး နားမှာ ကပ်ပြောတာထက် ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆဲလ်ဖုန်းက ထုတ်လွှင့်တဲ့ ရေဒီယိုကြိမ်နှုန်းမြင့် စွမ်းအင်တွေကို ဦးနှောက်နဲ့ ဝေးဝေး ထားနိုင်လို့ပါပဲ။ ဒါကြောင့် ဖုန်းပြောရင် ခပ်မြန်မြန်ပြောသင့်ပြီး စာရိုက်ပြောလို့ရရင် စာနဲ့ပဲ ပေးပို့ဆက်သွယ်ပါ။ တကယ်လို့ သင့်ဦးခေါင်းဟာ နေ့စဉ်ဖြစ်နေကျ ခေါင်းကိုက်၊ ခေါင်းမူး စတာတွေ အဖြစ်များလာပြီဆိုရင် သင့်ရဲ့ဖုန်းပြောနှုန်းကို သတိထားပြီး လျော့ချသင့်ပါပြီ။ ဒီလိုမှ မလုပ်ရင်တော့ ဦးနှောက်ကင်ဆာဖြစ်ပွားဖို့ အလားအလာ နေ့စဉ်နဲ့အမျှ တိုးနေမှာပါ။ ဒါကြောင့် အချိန်ဆွဲမနေဘဲ သင့်ရဲ့ ဆဲလ်ဖုန်းအသုံးပြုမှုကို အခုပဲလျော့ချလိုက်ပါ။
(၄) အပြင်သွားမယ့် အ၀တ်အစားအရောင်ကို ရွေးချယ်ပါ။
သေချာတဲ့ အရောင်ကတော့ အပြာနဲ့ အနီရောင်ပါပဲ။ နွေရာသီမှာ အဖြူနဲ့ အ၀ါတွေ ၀တ်ဆင်တာထက် နေရာင်ခြည်ကို ပိုပြီးကာကွယ်ပေးနိုင်တာက အပြာနဲ့ အနီပါတဲ့။ ဒီအရောင်နှစ်ရောင်က နေရောင်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို ပိုပြီးကာကွယ်နိုင်လို့ အရေပြားကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ပြီးတော့ ဦးထုပ်ဆောင်းဖို့လည်း မမေ့ပါနဲ့။ မျက်လုံး၊ နားရွက်၊ နှာခေါင်း၊ နဖူးနဲ့ ဦးရေပြားတွေကို နေရောင်ခြည်ကနေ ကာကွယ်ဖို့အတွက် ဦးထုပ်ကလည်း အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကင်ဆာ ကျူမာတွေက ခန္ဓာကိုယ် နေရာအနှံ့မှာ ဖြစ်နိုင်ချေရှိပြီး နေရောင်ခြည် ကျရောက်တဲ့နေရာတွေမှာ ပိုအဖြစ်များပါတယ်။
(၅) Barbecue တွေကို ဆော့များများနဲ့ စားပါ။
တူးနေအောင် ဖုတ်ထားတဲ့ အသားတွေ၊ မီးသွေးနဲ့ကင်ထားတဲ့ အသားတွေဟာ ကင်ဆာဖြစ်စေတဲ့ ဓါတုပစ္စည်း အစုအဝေးကြီးပါပဲ။ ဒီအရာတွေက DNA နဲ့ ကျွန်ုပ်တို့ရဲ့ မျိုးရိုးဗီဇဖြစ်စဉ်တွေကို တိုက်ရိုက် ထိခိုက်စေပါတယ်။ ဒါတွေကို ခရမ်းချဉ်သီး၊ ပင်စိမ်းရွက် စတာတွေနဲ့ ပြုလုပ်ထားတဲ့ သဘာဝ ငရုတ်ဆီ ခပ်များများ ဖုံးအုပ်စားသုံးပေးရင်တော့ ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါမှ မဟုတ်ရင်လည်း အသားတွေကို oven နဲ့ အနည်းငယ်ချက်ပြုတ်ပြီးမှ ဘာဘီကျုပုံစံ မီးသွေးနဲ့ ပြန်ကင် စားတာဟာလည်း ကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ချပေးပါတယ်။
ဒီလိုသေးငယ်တဲ့ အချက်လေးတွေကို သတိပြု နှလုံးသွင်းထားပြီး နေ့စဉ်လူနေမှုပုံစံကို အနည်းငယ် ပြုပြင်ပေးလိုက်ရင် ကင်ဆာဆိုတဲ့ ရောဂါဘေးဆိုးကြီးကနေ သင်ကာကွယ်ထားပြီးသား ဖြစ်မှာပါ။ ဒါမှလည်း ကျန်းမာပျော်ရွှင်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး “ကာကွယ်ခြင်းက ကုသခြင်းထက် အမြဲတမ်းပိုကောင်းပါတယ်”။
Credit: Trend Myanmar
lutawlupyaw
No comments:
Post a Comment