Friday, June 12, 2015
"အစေ့အဆန်များ စားသုံးခြင်းက အရွယ်မတိုင်မီ သေဆုံးမှုကို ကာကွယ်ပေးနိုင်"
"အစေ့အဆန်များ စားသုံးခြင်းက အရွယ်မတိုင်မီ သေဆုံးမှုကို ကာကွယ်ပေးနိုင်"
လက်တစ်ဆုပ်စာခန့် အစေ့အဆန်များ နေ့စဉ် စားသုံးပေးခြင်းဖြင့် အရွယ်မတိုင်မီ သေဆုံးခြင်းကို လျှော့ချပေးနိုင်ကြောင်း နယ်သာလန် နိုင်ငံတွင် လုပ်ထားသော လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။ ယခင်က နှလုံးသွေးကြောရောဂါနှင့် ပတ်သက်ပြီး အစေ့အဆန်များကို လေ့လာခဲ့ကြသော်လည်း ယခု လေ့လာချက်မှာမူ အစေ့အဆန်များနှင့် ရောဂါပေါင်းစုံတို့ ဆက်စပ်ပုံကို ပထမဆုံးအကြိမ် လေ့လာခြင်း ဖြစ်သည်။
နေ့စဉ် အစေ့အဆန် အနည်းဆုံး (၁၀) ဂရမ် စားသုံးပါက (၁၀) နှစ်အတွင်း အရွယ်မတိုင်မီ သေဆုံးနိုင်ခြေ (၂၃) ရာခိုင်နှုန်း လျော့ကျသွားကြောင်း နယ်သာလန်နိုင်ငံ မာစထရစ်ချစ် တက္ကသိုလ်မှ သုတေသီများက ပြောကြားခဲ့သည်။
သို့သော် ဆားနှင့် ပြုပြင်ပြောင်းလဲထားသည့် အဆီများ ပါဝင်မှု မြင့်မားသည့် မြေပဲ ထောပတ်မှာမူ အကျိုးမရှိ စေကြောင်း သိရသည်။
အစေ့အဆန်များထဲ၌ သွေးထဲတွင် အဆီဖြစ်ပေါ်မှုကို အားမပေးသော ဖက်တီး အက်စစ်၊ ဗီတာမင် အမျိုးမျိုး၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ၊ တခြားသော ဇီဝဒြပ်ပေါင်း များစွာပါဝင်ကြောင်း သိရသည်။ လေ့လာမှုသည် ၁၉၈၆ ခုနှစ်တွင် အသက် (၅၅) မှ (၆၉) ကြား ရှိခဲ့သော နယ်သာလန် နိုင်ငံသား တစ်သိန်းနှစ်သောင်း၏ ထိုစဉ်က ကျန်းမာရေး အခြေအနေနှင့် လူမှုဘ၀ ပုံစံများကို မှတ်တမ်းတင်သည်။ ထို့နောက် နောက် ဆယ်နှစ်အကြာ ၁၉၉၆ တွင် ရှိခဲ့သော ထိုသူများ၏ အခြေအနေကို ဆက်လက် စစ်ဆေးသည်။ ထိုအခါ အစေ့အဆန် စားသုံးမှု များသူများတွင် ကင်ဆာ၊ ဆီးချို၊ အသက်ရှူ လမ်းကြောင်းနှင့် အာရုံကြောဆိုင်ရာ ရောဂါများကြောင့် အရွယ်မတိုင်မီ သေဆုံးသည့် အန္တရာယ် ပိုနည်းပါးကြောင်း တွေ့ခဲ့ရသည်။
အစေ့အဆန် စားသူများသည် မစားသူများနှင့် စာလျှင် (၁၀) နှစ် အတွင်း သေဆုံးနိုင်ခြေ (၂၃) ရာခိုင်နှုန်းထိ နည်းပါးသွားသည်။ ဦးနှောက်စွမ်းရည် ကျဆင်းမှု (၄၅) ရာခိုင်နှုန်း နည်းပါးသည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားမှု (၃၉) ရာခိုင်နှုန်း၊ ဆီးချိုဖြစ်ပွားမှု (၃၀) ရာခိုင်နှုန်း နည်းပါးကြသည်။
စစ်တမ်းကို မာစထရစ်ချစ် တက္ကသိုလ်မှ ပါမောက္ခ ပီရတ်ဗန်ဒန်ဘန်ရန့်ဒ်နှင့် အဖွဲ့က ပြုလုပ်ခြင်း ဖြစ်ပြီး ရလဒ်များကို Ineternational Journal of Epidemiology ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
Source:BBC
Credit: messenger

No comments:
Post a Comment