"အမရပူရမြို့၏ ညကောင်းကင်ယံတွင် နတ်မြင်းပျံ မြင်လိုက်ရဟုဆို"
ဦးပိန်တံတားနှင့် တောင်သမန်အင်းရှိရာ အမရပူရမြို့တွင် ဇွန်လ ၈ ရက်နေ့ ည ၉နာရီ ၃၀ မိနစ်ခန့်အချိန်က ကောင်းကင်ယံတွင် တိမ်များအကြား အဖြူရောင် နတ်မြင်းပျံ ပုံရိပ်တခုကို ၁၅ မိနစ်ကျော်ကြာ တွေ့မြင်လိုက်ရကြောင်း အမရပူရမြို့ခံ အများစုက ပြောကြားသည်။
“ရပ်ကွက်ထဲကလူတွေ ပြောလို့ ထွက်ကြည့်တာ။ တိမ်ထဲမှာ နတ်မြင်းပျံပုံစံက ၀င်လိုက်ထွက်လိုက် လုပ်နေတယ်။ မြင်းပုံစံ ပီပီပြင်ပြင်တွေ့ရပြီး
အဖြူရောင်ပါ။ ကျန်တဲ့တိမ်တွေက အ၀ါရောင်သန်းနေတယ်။ ၁၅ မိနစ်လောက်ကြာထိ တမြို့လုံးက မြင်ကြတာ။” ဟု ကိုယ်တိုင်မြင်တွေ့လိုက်ရသူ အမရပူရမြို့မှ ဒေါ်ကြည် က ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် အမရပူရတမြို့လုံးမှ မြင်တွေ့ရခြင်းဖြစ်ပြီး နတ်မြင်းပျံပုံသဏ္ဍန်ကို ကောင်းကင်ယံတွင် မြင်တွေ့မှုသည် ကောင်းသော
နိမိတ်ဖြစ်ကြောင်း၊ မြင်တွေ့ရချိန်က လမရှိဘဲ ကြယ်များထွက်နေကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
“ဦးလေးကတော့ အဲဒီအချိန်က အိပ်နေပြီ။ မနက်ရောက်တော့ အမရပူရဈေးသူဈေးသားတွေ ပြောနေမှသိရတယ်။ နတ်မြင်းပျံမြင်ရတာဆိုရင်တော့ ကောင်းတဲ့အတိတ်နိမိတ်လို့ ပြောရမှာပေါ့။” ဟု အမရပူရဈေးအနီးမှာ နေထိုင်သူ ဦးသိန်း က ပြောသည်။
အဆိုပါဖြစ်စဉ်အား ၉ ရက်နေ့ညပိုင်းတွင် ထပ်မံတွေ့မြင်နိုင်သည်ဟုယူဆကာ စောင့်ကြည့်နေကြသူ အများအပြား ရှိခဲ့သည်ဟု ဆိုသည်။
“အမရပူရတင်မကဘူး တံခွန်တိုင်ဘက်လည်း မြင်လိုက်ရတယ်။ ကျွန်တော်တို့အထင်တော့ တနေရာက မီးဆလိုက်နဲ့များ လုပ်တာလားပေါ့။ တိမ်ထူတဲ့ အချိန်မှာမြင်ရတာပဲ။” ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးက သုံးသပ် ပြောကြားသည်။
ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment