Saturday, June 13, 2015
"ငယ်စဉ်က အနိုင်ကျင့် ခံခဲ့ရဖူးသော ကလေးများ ကြီးလာလျှင် စိတ်ကျရောဂါ ပိုဖြစ်နိုင်"
"ငယ်စဉ်က အနိုင်ကျင့် ခံခဲ့ရဖူးသော ကလေးများ ကြီးလာလျှင် စိတ်ကျရောဂါ ပိုဖြစ်နိုင်"
ငယ်စဉ်မှာ ကိုယ်ပိုင်း စိတ်ပိုင်းအရ အနိုင်ကျင့်ခံခဲ့ရသော လူငယ်များသည် အရွယ်ရောက်လာသည့်အခါ စိတ်ကျရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း ဗြိတိန်နိုင်ငံတွင် လုပ်ထားသော လေ့လာမှု စစ်တမ်းတစ်ရပ်အရ သိရသည်။
အင်္ဂလန်တွင် ကလေး လေးထောင်ကို မွေးစမှသည် အသက် (၁၈) နှစ် ရောက်သည်အထိ စောင့်ကြည့် လေ့လာခဲ့သည်။ အသက် (၁၃) နှစ်ဝန်းကျင်တွင် အပေါင်းအသင်းများက ကိုယ်ပိုင်း စိတ်ပိုင်းအရ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသော လူငယ်များသည် မခံရသော လူငယ်များနှင့် ယှဉ်လျှင် (၁၈) နှစ် အရွယ် ရောက်ချိန်တွင် စိတ်ကျဝေဒနာ ဖြစ်ပွားနှုန်း ပိုများကြောင်း တွေ့ခဲ့ရသည်။
စစ်တမ်းကို အောက်စ်ဖို့ဒ် တက္ကသိုလ် လက်တွေ့ စိတ်ပညာဌာနမှ စိတ်ပညာရှင် လူစီဘိုးနှင့် အဖွဲ့က ပြုလုပ်ခြင်း ဖြစ်သည်။
“(၁၃) နှစ်ဝန်းကျင်မှာ သူငယ်ချင်းတွေ အနိုင်ကျင့်တာ ခံခဲ့ရတဲ့ ကလေးတွေရဲ့ (၃၀) ရာခိုင်နှုန်းထိဟာ (၁၈) နှစ်ဝန်းကျင်မှာ စိတ်ကျလက္ခဏာတွေ ပေါ်လာတာ တွေ့ရတယ်” ဟု မစ္စဘိုးက ရိုက်တာသတင်းဌာနသို့ ပြောသည်။
အနိုင်ကျင့်ခံရသည့် ကလေး လေးပုံသုံးပုံထိသည်လည်း အနိုင်ကျင့်ခံရမှုကို မိဘ ဆရာသမားများအား အသိမပေးဘဲ မျိုသိပ်ထားတတ်ကြကြောင်း မစ္စဘိုးက ဆက်လက် ပြောကြားသည်။ စစ်တမ်း ပါဝင်သူ ကလေး (၄၀၀၀) ကို အသက် (၁၈) နှစ် ရောက်သည်တွင် စိတ်ကျန်းမာရေး စစ်ဆေးသည်။ အသက် (၁၃) နှစ် ၀န်းကျင်မှာ သူငယ်ချင်းများက ဖယ်ထုတ်ခြင်း၊ အတင်းပြောခံရခြင်း၊ ကိုယ်ထိ လက်ရောက် နှိပ်စက်ခံရခြင်းများ ကြုံခဲ့ဖူးသလား စသည်ဖြင့် နောက်ကြောင်းရာဇ၀င် ထင်ရှားစေမည့် မေးခွန်းများ မေးသည်။ ကလေး လေးထောင်အနက် (၆၈၃) ယောက်က မကြာမကြာ အနိုင်ကျင့် ခံခဲ့ရဖူးသည်ဟု ဖြေကြသည်။ ထိုကလေးများအနက် (၁၅) ရာခိုင်နှုန်းထိသည် စိတ်ကျဝေဒနာ ခံစားနေရကြောင်းလည်း သဘောထား မေးခွန်း ဖြေထားချက်များက ဖော်ပြနေသည်။ လေ့လာမှု စစ်တမ်းကို British Medical Journal တွင် ထည့်သွင်း ဖော်ပြထားသည်။
တစ်ခါနှစ်ခါ ဆိုသလို နှိပ်စက်ခံရဖူးသည်ဟု ဖြေသူက (၁၄၄၆) ဦး ရှိသည်။ ထိုကလေးများအနက် (၇) ရာခိုင်နှုန်းသည်လည်း အသက် (၁၈) နှစ်ရောက်သည်တွင် စိတ်ကျဝေဒနာ ခံစားနေကြရကြောင်း တွေ့ရသည်။
အနိုင်ကျင့် မခံရဖူးပါဟု ဖြေသူက (၁၇၆၉) ဦး ရှိသည်။ ထိုကလေးများသည် စိတ်ကျဝေဒနာ ဖြစ်ပွားမှု အနည်းဆုံး အစုလည်း ဖြစ်သည်။ အသက် (၁၈) နှစ် ရောက်သည်တွင် (၆) ရာခိုင်နှုန်းသာ စိတ်ကျဝေဒနာ ဖြစ်ပွားကြသည်။
Source: Reuters
Credit: messenger

No comments:
Post a Comment