Thursday, November 5, 2015

"ပင်လယ်စာရဲ့အကျိုးကျေးဇူး"


"ပင်လယ်စာရဲ့အကျိုးကျေးဇူး"

အစားအစာတွေထဲမှာ  ပင်လယ်စာဟာလည်း  လူကြိုက်များတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ပင်လယ်စာ သီးသန့် ရောင်းချတဲ့ဆိုင်တွေမှာ လူတွေပြည့်ကျပ်နေတာကို အတွေ့ရများပါတယ်။ ငါး၊ ကရုကမာ၊ ဂုံး၊ ဂုံးယောက်မ လိုမျိုး အခွံမာအုပ်ထားတဲ့ ပင်လယ်ရေသတ္တဝါတွေမှာ လူ့ခန္ဓာကိုယ်ကို အကျိုးကျေးဇူးပြုမှုများတဲ့ အာနိသင်တွေ ပါဝင်နေကြောင်း သုတေသနပြု ဖော်ပြထားကြပါတယ်။

နှလုံးအတွက် အထူးကောင်းမွန်ခြင်း

ပင်လယ်စာမှာ  လူကိုဝစေတဲ့ ဓာတ်သဘာဝ ပါဝင်မှုနည်းပါးပြီး  omega-3 ပါဝင်မှု မြင့်မားပါတယ်။ ဒါကြောင့် ပင်လယ်စာစားသူတွေဟာ နှလုံးရာဂါဖြစ်ပွားတာ နည်းပါးပြီး သွေးထဲမှာ ကိုလက်စထရော ပါဝင်မှု ပမာဏလည်း  အင်မတန် နည်းပါးပါတယ်။ ပုံမှန်ငါးစားသူများဟာ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းကို ထက်ဝက် နည်းပါးစေကြောင်းလည်း  လေ့လာမှု တွေ့ရှိချက်အရ ဖော်ပြထားကြပါတယ်။ အအေးပိုင်းဒေသမှာ  နေထိုင်ကြတဲ့ အက်စကီးမိုး လူမျိုးတို့ဟာ ငါးကို ပုံမှန်စားသုံးခြင်းဖြင့် နှလုံးရောဂါဖြစ်ပွားမှု နည်းပါးကြောင်း ဖြော်ပထားကြပါတယ်။

သွေးကြောတွေကို အထောက်အကူပြုခြင်း

ငါးကို ပုံမှန်စားပေးခြင်းအားဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး  နှလုံးသွေးလွှတ်ကြောမှာ သွေးခဲပိတ်တာ၊ နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်ခြင်းတို့ကို များစွာ လျော့ချပေးပါတယ်။

အရိုးအဆစ်အတွက် ကောင်းမွန်ခြင်း

ငါးကို ပုံမှန်စားပေးခြင်းဖြင့်  အရိုးအဆစ်ရောင်ရောဂါ ဖြစ်ပွားမှုကို သက်သာ ပျောက်ကင်းစေပါတယ်။ အမျိုးသမီးတွေမှာ  အသက် ၄၀ ကျော်လာရင် အရိုးအဆစ် ရောင်ရမ်းမှုတွေ အဖြစ်များပြီး  အရိုးပွရောဂါ အဖြစ်များတတ်ကြကြောင်း သိရှိရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအတွက်  ပင်လယ်စာဟာ အရိုးအဆစ်ရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ကာကွယ်ပေးနိုင်တဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။

မျက်စိအားကောင်းစေခြင်း

အဆီပါတဲ့ငါးကို ပုံမှန်စားပေးခြင်းဖြင့်  မျက်လုံးကို ကျန်းမာစေပြီး  အမြင်အာရုံကို ကောင်းစေပါတယ်။ Omega-3 က အသက်အရွယ်အရ မျက်စိကြွက်သား အားနည်းခြင်းတို့ကို ကာကွယ်ပေးခြင်း၊ ငါးနဲ့ အခွံမာပင်လယ်စာတွေမှာ ပါဝင်တဲ့  ဗီတာမင် A လိုမျိုး ဓာတ်သဘာဝတွေက  မျက်စိရဲ့ အမြင်အာရုံကို  အထူး အားကောင်းစေခြင်းဘဲ ဖြစ်ပါတယ်။

ကိုယ်ခန္ဓာအတွက် မရှိမဖြစ်အာဟာရဖြစ်ခြင်း

ပင်လယ်စာဟာ  ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အိုင်အိုဒင်း၊ ဆီလီနီယမ်၊ ဇင့်နဲ့ ပိုတက်စီယမ်တို့ကို များစွာ  အထောက်အပံ့ ပေးပါတယ်။ အိုင်အိုဒင်းဟာ လည်ပင်သိုင်းရွိုက် အကျိတ်အတွက် ကာကွယ်ပေးပြီး ဆီလီနီယမ်ကတော့  ကင်ဆာရောဂါ ဖြစ်ပွားမှုကို  ကာကွယ်ပေးတဲ့  အင်ဇိုင်းဓာတ်များကို  ပြုလုပ်ပေးပါတယ်။ ငါးနဲ့ အခွံမာ ပင်လယ်စာတွေမှာ  လူ့ကိုယ်ခန္ဓာအတွက်  တကယ့်အရေးကြီးတဲ့ ဗီတာမင် A နှင့် D အပါအဝင်  ဗီတာမင်အရင်းအမြစ်တွေ များစွာ ပါဝင်နေခြင်းဘဲ ဖြစ်ပါတယ်။

အဆုတ်ကို အားကောင်းစေခြင်း

သုတေသနပညာရှင်တို့ရဲ့ အကြိမ်ကြိမ်အခါခါ  လေ့လာစမ်းသပ်မှုအရ  ငါးနဲ့ အခွံမာ ပင်လယ်စာတွေမှာ ပါဝင်တဲ့ ဓာတ်သဘာဝတွေဟာ  အဆုတ်ကို များစွာ အထောက်အကူပြုကြောင်း  ဖော်ပြထားကြပါတယ်။ ပင်လယ်စာတွေဟာ  ကလေးတွေ ပန်းနာရင်ကြပ်ဖြစ်ပွားမှုကို ပျောက်ကင်းသက်သာစေပြီး  ပင်လယ်စာကို များများစားပေးခြင်းဖြင့် ပန်းနာရင်ကြပ် ဖြစ်ပွားမှုကိုပါ ကာကွယ်ပေးပါတယ်။ ပင်လယ်စာကို စားတဲ့သူတွေရဲ့အဆုတ်ဟာ  ပင်လယ်စာကို မစားသူတွေရဲ့အဆုတ်ထက် ပိုမိုအားကောင်းကြောင်း၊ ကျန်းမာကြောင်းလည်း  ဖော်ပြထားကြပါတယ်။

အသားအရေကို စိုပြေစေခြင်း

Omega-3 ဟာ  နေရောင်ခြည်ဒဏ်ကြောင့်  အသားအရေ ပျက်စီးမှုတို့ကို ကာကွယ်ပေးသလို  နှင်းခူရောဂါနဲ့ အခြားအရေပြားရောဂါ ဖြစ်ပွားမှုတို့ကိုပါ ကာကွယ်ပေးပါတယ်။ ငါးမှာ ပရိုတင်းဓာတ် အရင်းအမြစ် များစွာ ပါဝင်ခြင်းကြောင့်  အသားအရေ စိုပြေလှပအောင် များစွာ အထောက်အကူ ပြုပေးခြင်းဘဲ ဖြစ်ပါတယ်။

ဥာဏ်ရည်ကောင်းမွန်ခြင်း

ပင်လယ်စာကို စားပေးခြင်းဖြင့်  အသက်ကြီးလာတဲ့အခါ ဖြစ်ပွားတတ်တဲ့ မှတ်ဥာဏ်ချို့ယွင်းခြင်းတို့ နည်းပါးစေနိုင်ပါတယ်။ ကလေးတွေမှာ ပင်လယ်စာများ ငါးများကို စားပေးခြင်းဖြင့်  အာရုံစူးစိုက်မှု အားကောင်းစေခြင်း၊ ကလေးတို့ရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာနဲ့ ပတ်သက်ပြီး များစွာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

Credit: Yangon Life

No comments:

Post a Comment