Friday, February 13, 2015

" ဘဝကို မိတ်ဆွေကောင်းတွေနဲ့ ရှင်သန်နေထိုင်ပါ .."

" ဘဝကို မိတ်ဆွေကောင်းတွေနဲ့ ရှင်သန်နေထိုင်ပါ .."

လူတွေအတွက် မိတ်ဆွေကောင်းဆိုတာ အမြဲမပြတ်စီးဆင်းနေတဲ့ မြစ်ရေနဲ့တူပါတယ်။ အေးမြတဲ့ အရိပ်အာဝါသကို ပေးတဲ့ သစ်ပင်ကြီးတစ်ပင်နဲ့ တူပါတယ်။ မျိုးစေ့တွေ ရှင်သန်ဖို့ အားဖြည့်ပေးတဲ့မြေဆီသြဇာနဲ့ တူပါတယ်။ ဒါကြောင့် လူတွေဟာ မိတ်ဆွေကောင်းတွေနဲ့ မိတ်ဖွဲ့ပြီး ရှင်သန်နေထိုင်ဖို့ လိုအပ်ပါတယ်။ မိမိရဲ့ပတ်ဝန်းကျင်မှာ မိတ်ဆွေကောင်းတွေနဲ့ ဝိုင်းရံပြီး ရှင်သန်နေထိုင်ရခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်ပြီး မှန်ကန်တဲ့ဘဝနေထိုင်မှုတစ်ခုကို ရရှိစေပါတယ်။

ဘာကြောင့်လဲဆိုတော့ စိန်ခေါ်မှုတွေများလွန်းတဲ့ ခေတ်ကာလမှာ လူတွေဟာ ကိုယ့်အရေးကိစ္စနဲ့ကိုယ် ရှုပ်ထွေးနေတတ်ကြပါတယ်။ သူ့အရေးကိုယ့်အရေးကို လှည့်မကြည့်နိုင်ကြဘဲ ရုန်းကန်လှုပ်ရှားမှုတွေနဲ့ နစ်မြှုစ်နေကြရတာဟာ ခေတ်သစ်ကာလရဲ့ ပုံစံတစ်ခုလိုဖြစ်နေပါတယ်။

ဒီလိုခေတ်မျိုးမှာ လူတွေဟာ အထီးကျန်ဆန်မှုဝေဒနာကို ပိုမိုခံစားကြလာရပါတယ်။ နည်းပညာတိုးတက်မှုနဲ့အတူ လူတွေဟာ  ရုပ်ဝတ္ထုရဲ့လွှမ်းမိုးမှုကို များစွာ ခံကြရပါတယ်။ ရုပ်ဝထ္တုရဲ့ တက်မက်မှုအပေါ်မှာ စိတ်ချမ်းသာမှုတွေနည်းပါးလာကြပါတယ်။ ညဘက် အိပ်မပျော်နိုင်တဲ့ဝေဒနာတွေ ပိုမိုခံစားကြလာရပါတယ်။ စိတ်ဓာတ်ကျဆင်းမှုတွေ၊ စိတ်ဖိစီးမှုတွေများပြားပြီး စိတ်ဓာတ်ခွန်အားတွေ ပျက်သုဉ်းပြီး ပျက်စီးကြတာများပါတယ်။

အနောက်နိုင်ငံတွေမှာ ဒီလို ရုပ်ဝထ္တုအပေါ် တက်မက်မှုတွေက ပိုမိုများပြားလွန်းပါတယ်။ တစ်မိုးအောက်အတူနေ ဇနီးမောင်နှံဖြစ်ပေမယ့် ဇနီးသေဆုံးနေတာကို ၂ ရက်အကြာမှ သိရတဲ့ အဖြစ်အပျက်တွေက လူတွေအတွက် လူချင်းအနီးကပ်ရှိပေမယ့် စိတ်ချင်းက လွန်စွာ ဝေးကွာနေစေတယ်ဆိုတာ ပေါ်လွင်စေပါတယ်။ ဘာကြောင့်ဒီလိုတွေ့ကြုံရတာလဲ။ သုံးသပ်မိကြည့်တဲ့အခါ ဒါဟာ လူတွေအတွက် ရုပ်ဝထ္တုအပေါ်မှာ အလွန်အကျွံတပ်မက်မှုရဲ့ ရလာဒ်တစ်ခုဘဲဖြစ်ပါတယ်။ လက်ကိုင်ဖုန်းလေးတစ်လုံးနဲ့ သီးခြားကမ္ဘာတစ်ခုကို တည်ဆောက်မှုတွေဖြစ်လာတဲ့အခါ  တစ်ခန်းထဲမှာ အတူနေထိုင်သူတွေဖြစ်ပေမယ့် ကိုယ်စီကိုယ်စီ သီးခြားကမ္ဘာတွေနဲ့ အထီးကျန်ဆန်မှုဝေဒနာတွေ ပိုမိုခံစားလာကြရခြင်းဖြစ်ပါတယ်။

ဒါကြေင့် အခုလိုခေတ်မျိုးမှာ မိမိအတွက် အကောင်း၊ အဆိုးကို ဝေဖန်အကြံပေးနိုင်သူ ၊မိမိအတွက် မိတ်ဆွေကောင်းပီသစွာ မျဝေခံစားပေးသူ၊ မိမိအပေါ်နွေးထွေးတဲ့ နှလုံးသားတစ်စုံကို ပေးအပ်နိုင်သူ၊ နည်းမှန်လမ်းမှန်နဲ့ ညွန်ပေးနိုင်တဲ့ စိတ်ထားလှပ မိတ်ဆွေကောင်းတွေဆိုတာ တကယ်ကိုလိုအပ်လှပါတယ်။ ဒီအတွက် မိမိကိုယ်တိုင်က သူတစ်ပါးအပေါ် ရင်းနှီးနွေးထွေးစွာ၊ မှန်ကန်စွာ ဆက်ဆံနေထိုင်ခြင်းဖြင့် မိမိအတွက် မှန်ကန်တဲ့ မိတ်ကောင်းဆွေမွန်တွေ ရရှိလာနိုင်ပါတယ်။

လူတွေအတွက် နွေးထွေးတဲ့နှလုံးသားနဲ့ တစ်ဦးကိုတစ်ဦး ဖေးမကူညီစည်းရုံးစွာနေထိုင်ခြင်းဟာ ကျန်းမာတဲ့ကိုယ်စိတ်နှစ်ပါးကို ပိုင်ဆိုင်စေပါတယ်။ စိတ်ကိုရွှင်လန်းစေပြီး ဥာဏ်ကိုပွင့်လင်းစေပါတယ်။ ဘဝမှာ အောင်မြင်မှုကို ရရှိစေပါတယ်။

ဘဝမှာ မိမိရဲ့အမြင်ဟာ မိမိရဲ့ပျော်ရွှင်မှု အတိုင်းအတာကို ဆုံးဖြတ်ရာမှာ အရေးကြီးဆုံး အရာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် မိမိမှာ ချစ်ခင်ရင်းနှီးသူ မိတ်ဆွေတွေကလည်း ဘဝကို ပျော်ရွှင်မှုတွေရရှိအောင် ကူညီပေးနိုင်စွမ်း ၊ စိတ်ဓာတ်ခွန်အားပေးနိုင်စွမ်း ရှိတယ်ဆိုတာ နားလည်သိရှိဖို့ လိုပါတယ်။ မိမိရဲ့ပတ်ဝန်းကျင်မှာ မိမိနဲ့အတူ ရှင်သန်နေထိုင်တဲ့လူတွေက မိမိရဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးအပေါ် များစွာ အကျိုးသက်ရောက်မှုပေးကြောင်း နားလည်သိရှိနေဖို့ လိုပါတယ်။ လူအများစုဟာ ဒီလို အကြောင်းတရားကို သိနားလည်တာ နည်းပါးကြပါတယ်။

Dan Buettner ဆိုတဲ့ ပုဂ္ဂိုလ်ဟာ  ဘဝမှာ ပျော်ရွှင်မှုဆိုတာကို ရှာဖွေဖို့ ကမ္ဘာအနှံ့ကို လှည့်လည်ခရီးသွားခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ မတူညီတဲ့လူတွေရဲ့ ကွဲပြားစွာနေထိုင်မှုကို လေ့လာခဲ့ပါတယ်။ ဒိန်းမတ်၊ စင်ကာပူ၊ မက္ကစီကို၊ ကယ်လီဖိုးနီးယားနဲ့ နိုင်ငံတစ်ချို့တို့ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီမှာ သူ့အနေနဲ့ လူတွေအတွက် ဘဝမှာ ပျော်ရွှင်မှုကိုရရှိဖို့ အဓိက အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်တဲ့အချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ မိမိနေထိုင်ရာပတ်ဝန်းကျင်မှာ လူတွေနဲ့ နှလုံးသားရင်းနှီးစွာ နေထိုင်ခြင်း၊ ချစ်ခင်နွေးထွေးစွာ နေထိုင်ခြင်းတို့ပဲဖြစ်ပါတယ်။

“လူအများစုဟာ သူတို့ရဲ့မိသားစုဝင်တွေနဲ့ ချစ်ခင်စွာနေထိုင်ကြသလို မိတ်ဆွေသူငယ်ချင်းတွေနဲ့လည်း ရင်းနှီးစွာ နေထိုင်ကြတာကိုတွေ့ရပါတယ်။ သူတို့ဆီမှာ ကျွန်ုပ်ရှာဖွေနေတဲ့ ပျော်ရွှင်မှုတွေကို တွေ့ရပါတယ်။ ဒီအကြောင်းအရင်းတရားတွေက အိမ်နဲ့ဝေးကွာစွာ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဝေးကွာစွာ နေထိုင်ခဲ့တဲ့ကျွန်ုပ်ရဲ့ နှလုံးသားကို များစွာ ရိုက်ခတ်သွားစေခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်ုပ်ဟာ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရင်းနှီးချစ်ခင်စွာ နေထိုင်ဖို့ သူတို့ရှိတဲ့  မီချီဂန် ကို ချက်ချင်းပြောင်းရွှေ့လာခဲ့ပါတယ်။ ကျွန်ုပ်အနေနဲ့ ကျွန်ုပ်ကို ချစ်ခင်တဲ့ သူတွေ၊ ယုံကြည်တဲ့သူတွေ၊ အထောက်အပံ့ပေးနိုင်သူတွေနဲ့ဘဲ ရှင်သန်နေထိုင်ဖို့ စိတ်ထက်သန်လာခဲ့ပါတယ်။ ကျွန်ုပ်ကိုယ်တိုင်ကလည်း သူတို့အပေါ် အလားတူ ပြုမူဆက်ဆံဖို့ စိတ်ဆန္ဒကြီးမားလာခဲ့ပါတယ်” ဆိုတဲ့အကြောင်း Dan Buettner ကပြောဆိုထားပါတယ်။

ဒါဟာ မိမိကိုယ်တိုင်က မိမိရဲ့ မိတ်ဆွေသူငယ်ချင်း၊ မိသားစုဝင်တွေအပေါ် မှန်ကန်စွာ ပြုမူဆက်ဆံပေးခြင်းဖြင့် မိမိအတွက်လည်း မှန်ကန်တဲ့ မိတ်ဆွေသူငယ်ချင်းတွေ ရရှိလာစေတယ်ဆိုတဲ့ သော့ချက်တစ်ခုဘဲဖြစ်ပါတယ်။ ဒ့ါအပြင် ဘဝမှာ စစ်မှန်တဲ့ပျော်ရွှင်မှုတွေကို ရရှိကာ အထီးကျန်ဆန်မှုတွေ ကင်းဝေးပြီး မှန်ကန်တဲ့ လူနေထိုင်မှုစနစ်တစ်ခုကို ရရှိစေမှာဖြစ်ပါတယ်။

ဒါကြောင့် Robin Sharma ဆိုတဲ့ပုဂ္ဂိုလ် က “ပတ်ဝန်းကျင်မှာ အပြုသဘောဆောင် စိတ်ထားနဲ့ လူတွေအပေါ်ဆက်ဆံနေထိုင်ခြင်း၊ အပြုသဘောဆောင်စိတ်ထားနဲ့ နေထိုင်သူတွေကို လေ့လာပြီး သူတို့ဆီမှ သင်ယူခြင်း၊ သင့်ရဲ့ တန်ဖိုးရှိတဲ့စွမ်းရည်တွေကို မပွန်းပဲ့စေတဲ့ အပြုသဘောဆောင်တဲ့ လူတွေနဲ့ စုဝေးနေထိုင်ခြင်း ၊ ဒီလိုမှန်ကန်တဲ့လူတွေနဲ့ ရှင်သန်နေထိုင်ခြင်းဟာ  လူတွေအနေနဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး ဘဝမှာ မိမိတို့လိုချင်တဲ့ အောင်မြင်မှုကိုလည်း ပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်း ” အလေးအနက်ပြောဆိုထားခဲ့ပါတယ်။

ဒါကြောင့် လူတွေအတွက် မိမိရှင်သန်ရာပတ်ဝန်းကျင်မှာ စိတ်နှလုံးချမ်းမြေ့စွာ နေထိုင်နိုင်ဖို့ မိမိကိုယ်တိုင်ကလည်း အရေးကြီးသလို သူတစ်ပါးအပေါ် အပြုသဘောဆောင် ဆက်ဆံပေးခြင်းဖြင့် မိမိအတွက် အပြုသဘောဆောင်တဲ့လူတွေကို တွေ့ရှိလာနိုင်ပြီး မှန်ကန်တဲ့ဘဝနေထိုင်မှုတစ်ခုကို ရရှိလာနိုင်မှာဖြစ်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

Credit: Yangon Life Myanmar


No comments:

Post a Comment