"အမျိုးသားများတွင် ဖြစ်သော စိတ်ကျရောဂါ လက္ခဏာ ရှစ်ရပ်"
စိတ်ကျရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါမျိုးပါ။ ဒါပေမဲ့ တချို့အမျိုးသားတွေမှာလည်း တွေ့ရှိရတတ်ပါတယ်။ သင့်ပတ်ဝန်းကျင်က သူငယ်ချင်း ယောကျာ်းလေးတွေ၊ အစ်ကို၊ မောင်နဲ့ ဦးလေးတွေမှာ အောက်ပါ လက္ခဏာတွေ ရှိတယ် ဆိုရင်တော့ စိတ်ဓာတ်ကျ ရောဂါရဲ့ လက္ခဏာတွေလား ဆိုတာ နားလည်နိုင်စေဖို့ ဖော်ပြပေးလိုက် ပါတယ်။
၁။ နောက်ကျော သို့မဟုတ် ဗိုက်နာခြင်း
အမျိုးသား အများစုဟာ စိတ်ကျရောဂါ စတင်တော့မယ် ဆိုရင် အများအားဖြင့် နောက်ကျောနေရာက နာကျင်နေတတ်တာမျိုး၊ ဒါမှမဟုတ် မကြာခဏ ဆိုသလို ဗိုက်အောင့်၊ ဗိုက်နာဖြစ်တာမျိုးတွေ ခံစားကြရတတ်ပါတယ်။ စိတ်ဖိစီးမှု များလာလေလေ နာကျင်မှုက မသက်သာဘဲ နာတာရှည် ပုံစံမျိုး ဖြစ်လာတတ် ပါတယ်။ ဒါဟာ စိတ်ကျရောဂါ စတင်ဖို့ ဦးတည်နေပါတယ်။ ကျန်းမာတဲ့ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းက ယင်းပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်။
၂။ အစာစားလိုစိတ် မရှိခြင်းနှင့် ကိုယ်အလေးချိန် ကျခြင်း
ပုံမှန်စားနေကျ အစားအစာတွေကိုတောင် အရသာမရှိဘူးလို့ ဆိုလာတတ်ပါတယ်။ ခံတွင်းပျက်နေတတ်ပြီး ဘာစားစား အရသာ မရှိဘူးလို့ ခံစားနေရတတ်ပါတယ်။ အစာမစားတာ အချိန် ကြာလာတာကြောင့် သင့်ဝေဒနာက ပိုဆိုးလာနိုင်ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် ထိုးကျသွားတာမျိုး၊ ကိုယ်အလေးချိန် တိုးလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။
၃။ စိတ်တို၊ ဒေါသဖြစ်လွယ်ခြင်း
စိတ်ဖိစီးမှုတွေ များလာတဲ့ အချိန်မျိုးမှာ စိတ်ခံစားမှုတွေက အထိမခံ ဖြစ်လာပြီး စိတ်တိုဒေါသ ဖြစ်လွယ် လာတတ်ပါတယ်။ စိတ်တိုဒေါသ ဖြစ်တာတွေက မကြာခဏ ဆိုသလို ဖြစ်ပေါ်လာတတ်ပြီး တစ်ခါတလေ အကြောင်းပြချက် ရေရေရာရာ မရှိဘဲ စိတ်တိုနေတတ် ပါတယ်။ ယောဂလေ့ကျင့်ခန်းတွေက သင့်ကို ကူညီနိုင်ပါလိမ့်မယ်။
၎။ စိတ်အာရုံ စုစည်းရန် ခက်ခဲခြင်း
စိတ်ကျခြင်းရဲ့ အဓိက ပြဿနာရပ် ပါပဲ။ စိတ်အာရုံကို မစုစည်းနိုင်ဘဲ စိတ်ဂနာမငြိမ် ဖြစ်လာပါတယ်။ ဆုံးဖြတ်ချက် တစ်ခုကို ချဖို့တွက် တွေဝေနေတတ်ပြီး တော်ရုံကိစ္စတွေကို ဝေခွဲရ ခက်ခဲနေတတ်ပါတယ်။ ပြဿနာ အသေးအဖွဲတွေကိုတောင် စိတ်ဒုက္ခရောက်နေ တတ်ပြီး အမြဲတမ်း တွေဝေနေတတ်ပါတယ်။
၅။ စိတ်လှုပ်ရှား နေတတ်ခြင်း
အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ စိတ်ဂနာမငြိမ်ခြင်း လိုမျိုးပဲ စိတ်လှုပ်ရှားနေတတ်ပြီး၊ အကြောင်းအရာ တစ်ခုခုကို မှန်မှန်ကန်ကန် ပြောဆိုဖို့ ခက်ခဲနေတတ်ကာ လူအများက သင့်ကို မယုံမကြည် ဖြစ်လာတဲ့အထိ စိတ်ဂနာမငြိမ်မှုတွေ ဖြစ်ပေါ်နေတတ်ပါတယ်။ တခြားသူတွေက အပြစ်ပြောဆိုမှာလား ဆိုတဲ့ အတွေးမျိုးတွေ ဖြစ်ပေါ်နေတတ်ပြီး လိမ်လည်ပြောဆိုမှုတွေ ဖြစ်ပေါ်လာတတ် ပါတယ်။ အနားယူခြင်း မရှိဘဲ အချိန်ကြာကြာ အလုပ်လုပ်တာကြောင့် စိတ်လှုပ်ရှားမှုဟာ ပိုဆိုးလာတတ် ပါတယ်။ သက်သောင့်သက်သာနဲ့ စိတ်အပန်းပြေစေမယ့် ခရီးထွက်တာမျိုးက ကူညီနိုင်ပါလိမ့်မယ်။
၆။ အရက် ပိုသောက်လာခြင်း
စိတ်ကျရောဂါ ပိုဆိုးလာချိန်မျိုးမှာ အရက်နဲ့ မူးယစ်ဆေးဝါးတွေကို စွဲလမ်း နှစ်ခြိုက်လာတတ်ပြီး၊ အရက်နဲ့ မူးယစ်ဆေးဝါး သုံးဆွဲပြီးချိန်မှာ ဖြစ်ပေါ်လာတတ်တဲ့ ခန္ဓာကိုယ်က နှစ်ခြိုက်မှုအပေါ်မှာ သာယာနေတတ် တာကြောင့် အရက်နဲ့ မူးယစ်ဆေးဝါးတွေကသာ စိတ်သက်သာရာ ရစေတယ်လို့ ထင်မြင်လာတတ်ပါတယ်။
၇။ လိင်စိတ် ကုန်ခန်းခြင်း
အမျိုးသား အများစုဟာ အမျိုးသမီးတွေထက် လိင်ကိစ္စကို စိတ်ဝင်စားပြီး၊ ပျော်မွေ့တတ်ကြပါတယ်။ လိင်ကိစ္စမှာ စိတ်မ၀င်စားတော့ဘဲ ဖြစ်လာပြီဆိုရင်တော့ ဒါဟာ တစ်ခုခု မှားယွင်းနေတာပါပဲ။ စိတ်ကျရောဂါ အခြေအနေ ပိုဆိုးလာတာနဲ့အမျှ လိင်ကိစ္စကို လုံးဝ စိတ်မ၀င်စားတော့ဘဲ အိမ်ထောင်ရေး သာယာမှုတွေလည်း လျော့နည်းလာပါ တော့တယ်။
၈။ အဆိုးမြင်စိတ် ပိုလာခြင်း
အရာရာကို အကောင်းမြင်စိတ် မရှိတော့ဘဲ အပြုသဘောဆောင် တွေးတောမှုတွေ နည်းလာပါတယ်။ ပျော်ရွှင်ရယ်မောမှုတွေ နည်းပါးလာပြီး စိတ်အလိုမကျမှုတွေကသာ ဦးဆောင်နေတတ်တာကြောင့် သင့်ပတ်ဝန်းကျင်က လူတွေကလည်း သင်နဲ့ စကားပြောဆိုဖို့ ၀န်လေးလာကြပါတယ်။ တစ်ယောက်တည်း မျက်ရည်တွေ ကျပြီး ငိုနေတာမျိုး၊ စကားတွေ ပြောနေတာမျိုး ဆိုရင်တော့ နာတာရှည် စိတ်ကျရောဂါ ဖြစ်သွားနိုင်ပါတယ်။ အတတ်နိုင်ဆုံး အပြုသဘောဆောင် တွေးတောတတ်ဖို့ လေ့ကျင့်ပေးသင့် ပါတယ်။ ဖော်ပြပါ လေ့ကျင့်မှုတွေကို ပြုလုပ်နေတာတောင် စိတ်သက်သာရာ မရဘူး ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုအပ်နေပါပြီ။
Credit : Swesone Media Group
lutawlupyaw
No comments:
Post a Comment