" အချိန် "
“အချိန်သည်ငွေ” “Time is money” ဟူသော စကားဖြင့် အချိန်တန်ဖိုးရှိကြောင်း ဆုံးမကြသည်။ သို့သော် ထိုစကားသည် ဟုတ်သလိုလိုနှင့် လွဲသည်။ တကယ်တမ်းတွင် အချိန်သည် ငွေထက် တန်ဖိုးကြီးသည်။ တိတိကျကျ ပြောရလျှင် အချိန်သည် တန်ဖိုးဖြတ်မရပါ။
ငွေသည် အကန့်အသတ်မရှိပါ။ တစ်နေ့လျှင် တစ်ဒေါ်လာ မြန်မာငွေ တစ်ထောင်ရဖို့ အနိုင်နိုင် ဖြစ်နေသူများ ရှိချိန်တွင် ဒေါ်လာသန်းရာချီပြီး ချမ်းသာသောသူများ မနည်းပါ။ သို့သော် အဆိုပါငွေမာဖြင့် သန်းရာချီကြွယ် သူဌေးများသည် အချိန်မူ အများနည်းတူ အကန့်အသတ်ဖြင့်သာ ရှိသည်။ ချမ်းသာသောကြောင့် ၂၄ နာရီအစား ၂၅ နာရီ၊ ၃၆၅ ရက်အစား ၃၆၆ ရက်ဟု အချိန်ပိုရအောင် ယူမရနိုင်ပါ။ သက်တမ်း ၁၀၀ တန်းတွင် ၈၀ ကျော် နေရလျှင်ပင် ကံကောင်းသည်ဟု ဆိုနိုင်သည်။ အလွန်ချမ်းသာသောကြောင့် အချိန်အများကြီး ပိုနေရသည် ဆိုသည်မရှိ။
အချိန်သည် ငွေထက် အရေးကြီးသော်လည်း တကယ်တမ်းတွင် ငွေလောက် အချိန်ကို ဂရုမစိုက်ဘဲ ပစ်ထားတတ်ကြသည်။ ငွေကို သဲကြီးမဲကြီး ရှာသလောက် အချိန်ကို ရှာကြံကုတ်ကတ် မထားတတ်ကြ။ ငွေကို စုတတ်ဆောင်းတတ်သလောက် အချိန်ကို မစုမဆောင်းကြ။ ငွေကို ချွေတာသောသူတို့ပင်လျှင် အချိန်ကို မချွေတာကြသည်ကို တွေ့ရသည်။ ငွေအဝင်အထွက် စာရင်းမှတ်ကြသော၊ တစ်နေ့တာတွင် ငွေကို မည်သည့်အရာများအတွက် သုံးလိုက်ကြောင်း မှတ်သားသူတို့ မနည်းလှသော်လည်း အချိန်ကို မည်သို့သုံးလိုက်ကြောင်း မှတ်သားသူတို့ ရှားပါးလှသည်။ ရုံးများတွင်လည်း ငွေကို စနစ်တကျသုံး မသုံးစစ်ဆေးသည့် ငွေစာရင်းစစ်တို့ ရှိကြသော်လည်း အချိန်ကို စနစ်တကျသုံး မသုံး စစ်ဆေးသည့် အချိန်စာရင်းစစ်တို့ မထားရသေး။
ဘဝကို အမျိုးစုံ အဓိပ္ပာယ်ဖွင့်ဆိုကြသော်လည်း ရှင်းရှင်းပြတ်ပြတ် ဖွင့်ဆိုရလျှင် ဘဝသည် အချိန်ပင်ဖြစ်သည်။ Time is life။ ဘဝတွင် အနှစ် ငါးဆယ်နေရလျှင် သူ့ဘဝသည် နှစ်ငါးဆယ်သော အချိန်သာ ဖြစ်သည်။ အချိန်ကို သုံးစွဲပုံသည် ဘဝကိုပြဋ္ဌာန်းသည်။ အချိန်ကို အကျိုးရှိရှိ အသုံးချလျှင် ဘဝသည် အကျိုးရှိသောဘဝ ဖြစ်မည်။ အချိန်ကို ဖြုန်းတီးလေလွင့်စေလျှင် ဘဝသည် ပြုန်းတီးသော အကျိုးမဲ့သောဘဝ ဖြစ်ပေလိမ့်မည်။
အချိန်ကို စီမံခန့်ခွဲခြင်းသည် ဘဝကို စီမံခန့်ခွဲခြင်းပင် ဖြစ်သည်။ မိမိဘဝရည်မှန်းချက် ပန်းတိုင်သို့ ရောက်နိုင်အောင် အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်လျှင် လိုလားသော ပန်းတိုင်သို့ ရောက်နိုင်သည်။
အချိန်နှင့်ငွေ၏ ကွာခြားချက်မှာ ငွေသည် မသုံးလျှင် သိမ်းထားနိုင်သော်လည်း အချိန်မှာမူ မသုံးလိုက်သည်နှင့် ပျောက်ပျက်သွားသည်။ တစ်နေရာတွင် သော့ခတ်သိမ်းထားမရ။ ငွေကို ဘဏ်တိုက်တွင် အပ်နှံပြီး အတိုးယူကာ ငွေပွားလာအောင် လုပ်နိုင်သော်လည်း အချိန်ကို တစ်နေရာတွင် အပ်နှံပြီး အချိန်ပွားလာအောင် လုပ်၍မရ။ အချိန်ကို ငွေကဲ့သို့ မည်သို့ သုံးမည်စွဲမည်ကို စဉ်းစားချိန်မရ။ ထို့ကြောင့် အချိန်ကို စီမံခန့်ခွဲခြင်းသည် ငွေကို စီမံခန့်ခွဲရသည်ထက် ပိုခက်သည်။
အချိန်ကို စီမံခန့်ခွဲရာတွင် နည်းကောင်းတစ်နည်းမှာ Quality Time ခေါ် မိမိအတွက် တန်ဖိုးအရှိဆုံး အချိန်များ သတ်မှတ်ထားခြင်းပင် ဖြစ်သည်။ ထိုသို့ မိမိစိတ်တွင် အလန်းဆန်းဆုံး၊ ဉာဏ်အပွင့်ဆုံး အချိန်များ Quality Time တို့ကို အခက်ခဲဆုံးသော၊ မိမိအတွက် တန်ဖိုးအရှိဆုံး အလုပ်များ လုပ်ဆောင်ရန် ချန်လှပ်ထားရမည်။ အချို့သောသူများအတွက် နံနက်ခင်းအချိန်၊ အချို့အတွက် ညအချိန်သည် Quality Time ဖြစ်တတ်သည်။ စရိုက်ပေါ် မူတည်ပြီး တစ်နေ့တာ၏ အချိန်အမျိုးမျိုးသည် Quality Time ဖြစ်မည်။ မိမိအကြိုက် အချိန်ကိုသာရွေးပါ။ ထိုအချိန်သည် ပင်ပန်းငိုက်မျဉ်း အားကုန်သောအချိန် မဖြစ်လျှင်ရပြီ။ အပုပ်ချိန်များတွင် ရွေးပြီး အရေးကြီးအလုပ်များ လုပ်မိလျှင် ထွက်လာသောရလဒ် မကောင်းနိုင်။ တီထွင်ဖန်တီးရန်၊ အဖြေထုတ်ရန် အလုပ်မျိုးကို အပုပ်ချိန် ရှောင်ပြီးလုပ်သင့်သည်။ အပုပ်ချိန်များသည် ကိုယ့်အတွက် အညံ့စားအလုပ်များကို လုပ်ဆောင်ရန် ဖြစ်သည်။
အချိန်ပို အလေအလွင့်များကို အကျိုးရှိရှိ အသုံးချနိုင်ခြင်းသည် အချိန်ကို စီမံခန့်ခွဲနိုင်သူတို့၏ အရည်အချင်းဖြစ်သည်။ မိမိ၏ ရည်မှန်းချက်အတွက် ဖြည့်ဆည်းရန် လိုအပ်သည်များကို ကိုယ်နှင့်မကွာ ထားပါက အချိန် အတိုအစလေးများသည်ပင် လေလွင့်တော့မည် မဟုတ်ပါ။ မိမိဘဝခရီးတွင် အင်္ဂလိပ်စာ ကျွမ်းကျွမ်းကျင်ကျင်တတ်ရန် လိုသည်ဆိုလျှင် မိမိဖတ်လိုသော အင်္ဂလိပ်စာအုပ်တစ်အုပ် ဆောင်ထားရန် လိုသည်။ မိမိဖုန်းထဲတွင် အင်္ဂလိပ်စာအုပ် e-Book ထည့်ထားရမည်။ ကားစီးရင်း၊ ကားစောင့်ရင်း အင်္ဂလိပ်သီချင်း၊ အင်္ဂလိပ်စာကို အသံထွက်ဖတ်ပြသော Audiobook တို့ကို နားထောင်နိုင်သည်။ ဟင်းချက်တတ်လိုသူ၊ သင်္ဘောလိုက်မည့်သူ၊ ကျောင်းဆရာ လုပ်မယ့်သူ စသူစသူတို့သည် သက်ဆိုင်ရာ စာအုပ်စာပေတို့ကို ကိုယ်နှင့်မကွာ၊ ဖုန်းနှင့်မကွာ ဆောင်ထားခြင်းဖြင့် အချိန်ပို ထွက်လာအောင် ဆောင်ရွက်နိုင်သည်။
ခရီးသွားရင်း အိပ်တတ်အောင် လေ့ကျင့်ထားခြင်းသည်လည်း အချိန်ပိုရစေသော နည်းလမ်းကောင်းတစ်ရပ် ဖြစ်သည်။ ညကားစီးပြီး အိပ်လိုက်လျှင် အိပ်ရေးဝထားသည့်အတွက် မနက်ရောက်သည်နှင့် ရောက်သည့်နေရာတွင် အလုပ်လုပ်နိုင်သည်။ ခရီးမပန်းတော့ဘဲ အိမ်ပြန်ရောက်သည့်အခါ အချိန်သတ်သတ်ပေး နားစရာမလိုတော့။ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်သည် နိုင်ငံ့တာဝန်များ များပြားလျက်၊ တစ်နိုင်ငံမှတစ်နိုင်ငံ ခရီးများပြားလျက်နှင့် အလုပ်များများ ပြီးခြင်းမှာ ထိုသို့ နားတတ်သောကြောင့်ဟု ဆိုသည်။ လေယာဉ်ပေါ်တွင်၊ ကားပေါ်တွင် အိပ်ရေးဝအောင် အိပ်လိုက်သည့်အတွက် အလည်အပတ်သွားသော နိုင်ငံ ရောက်သည်နှင့် ချက်ချင်း လန်းလန်းဆန်းဆန်း အလုပ်လုပ်နိုင်သည်ဟု သူကိုယ်တိုင်က လျှို့ဝှက်ချက်ကို ထုတ်ဖော်ဝေငှခဲ့သည်။
“ကိစ္စမြားမြောင်၊ လူတို့ဘောင်” ဆိုသည့်အတိုင်း လူ့လောကတွင် လုပ်စရာကိုင်စရာ များပြားလှသည့်အတွက် မလိုအပ်သော ကိစ္စများကို ရှောင်ရှားခြင်းသည် အချိန်ကို အကောင်းဆုံး စီမံခန့်ခွဲခြင်း ဖြစ်သည်။ အချိန်သည် ဝေမျှသုံးစွဲမရသော သဘောရှိသည့်အတွက် ကိစ္စတစ်ခုကို အချိန်ပေးလျှင် နောက်ကိစ္စတစ်ခုအတွက် အချိန်ဆုံးရှုံးသွားသည်။ ထို့ကြောင့် ကိုယ့်အတွက်၊ အများအတွက် အကျိုးမရှိသော ကိစ္စများကို ရှောင်ရှားနိုင်ရန် လိုသည်။ အချိန်နှင့် ပတ်သက်လျှင် " 'ဘူး' တစ်လုံးဆောင်၊ အိုတောင် မဆင်းရဲ။”
အချိန်သည် ကုန်သွားလျှင် ပြန်မရ။ အချိန်နှင့်အတူ ပါလာသော ငယ်ရွယ်နုပျိုခြင်း၊ ကျန်းမာသန်စွမ်းခြင်းတို့သည် ပြန်မရ။
“အချိန်” ကို ရိုသေလေးစား ဂရုစိုက်ရမည်။ အချိန်ကို အလေးထားခြင်းသည် ကိုယ့်ဘဝကိုယ် အလေးထားခြင်းပင် ဖြစ်သည်။
ဇေယျသူ
No comments:
Post a Comment