" ခဏတာအပျော် တစ်ဘ၀စာနောင်တ "
ရက်အနည်းငယ်အတွင်း ကျရောက်လာတော့မည့် သင်္ကြန်အတွက် မဏ္ဍပ်ဆောက်သည့်သူများ၊ ရေပက်ခံထွက်မည့်သူများ အလျှိုလျှို ပြင်ဆင်နေကြသည်။ သူတို့နှင့်အပြိုင် ရန်ကုန်ရှိ တည်းခိုခန်းများကလည်း နာရီပိုင်း လာရောက်တည်းခိုမည့် ဧည့်သည်များအတွက် ပြင်ဆင်နေကြပြီ ဖြစ်သည်။
ရန်ကုန်မြို့ရှိ တည်းခိုခန်းအချို့သည် သင်္ကြန်တွင်း ကြိုတင်စာရင်းပေးငှားရမ်းမည့် ဧည့်သည်များကို လက်မခံတော့ဘဲ ပွဲတော်ရက်အတွင်း အချိန်ပိုင်း တည်းခိုမှုများကိုသာ လက်ခံစောင့်ဆိုင်းနေသည်။ ‘‘နာရီပိုင်း၊ အချိန်ပိုင်းတည်းခိုမှုတွေကိုပဲ ရာသီပေါ်ဈေးကွက်တစ်ခုအနေနဲ့ လက်ခံဖို့ ပြင်နေကြတာများတယ်။ ဈေးနှုန်းကတော့ အစဉ်အလာမပျက်ရိုက်ကြမှာပဲ’’ ဟု မြောက်ဥက္ကလာပမြို့နယ်ရှိ အမည်မဖော်လိုသော တည်းခိုခန်းတစ်ခုမှ မန်နေဂျာ ဦးကျော်ဆွေက ပြောသည်။
ယင်းရက်များတွင် သင်္ကြန်မဏ္ဍပ်နှင့် နီးသော တည်းခိုရိပ်သာများမှာ ပို၍ အလုပ်ဖြစ်ကြလေ့ရှိပြီး တစ်နာရီစာ တည်းခိုမှုအခန်းခ ကျပ်တစ်သောင်းမှ ငါးသောင်းခန့် ရှိတတ်သည်ဟု ယင်းလုပ်ငန်းနှင့် နီးစပ်သူများကပြောသည်။ သာမန်ရက်များတွင် ယင်းအခန်းများမှာ တစ်ရက်တည်းခိုခ ကျပ်နှစ်သောင်းခန့်သာ ရှိကြသည်။ လွတ်လွတ်လပ်လပ် ပျော်ပါးလေ့ရှိသော သင်္ကြန်တွင်းတွင် စုံတွဲအချို့သည် ရေသဘင်ပွဲတော်မှ ချစ်ရည်လူးပွဲတော်သို့ ရောက်သည်အထိ ပျော်မြူးကြသည်။ တည်းခိုခန်းများမှအစ မဏ္ဍပ်နောက်ဘက်မှ ဗီနိုင်းစများကာထားသော အခန်းငယ်များအလယ် ပန်းခြံများအဆုံး ချစ်တင်းနှောနေကြသည့် စုံတွဲများမှာ သင်္ကြန်တွင်းတွင် အလျှိုအလျှို ပေါ်လာတော့မည် ဖြစ်သည်။ အချို့က နှစ်ဦးသဘောတူ ကြည်ဖြူစွာ ချစ်ရည်လူးကြသည်။ အချို့ကတော့ မမျှော်လင့်ဘဲ ချစ်သူနှင့် ချစ်ရည်လူးပွဲဆီသို့ ဆိုက်ရောက်ကြသည်။ အချို့ကျတော့ အရက်နှင့် မူးယစ်ဆေးဝါးများ၊ လိင်စိတ်တက်ကြွဆေးများကြောင့်။
ဘာကြောင့်ပဲဖြစ်ဖြစ် သင်္ကြန်တွင်း ချစ်တင်းနှောခြင်း၏ နောက်ဆက်တွဲပြဿနာများက မသေးလှ။ မိနစ်ပိုင်းအတွင်း တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်ကြောင့် တစ်ဘ၀လုံး ရင်းနှီးလိုက်ရသူများလည်း ရှိကြသည်။ ထိုအထဲတွင် အရက်နှင့် ကာမစိတ်ကြွဆေးများကြောင့် အပျိုစင်ဘ၀ကို ဖျက်ဆီးခံလိုက်ရသူများလည်းရှိသည်။ အနံ့နှင့် အရသာကင်းမဲ့နေသည့် ကာမစိတ်ကြွဆေးများသည် အမျိုးသမီးများအတွက် အဓိကအန္တရာယ်ဖြစ်ကြောင်း ဆေးပညာရှင်များက သတိပေးကြသည်။ ‘‘တချို့က အိပ်ဆေးတွေ၊ စိတ်ကြွဆေးတွေနဲ့ အမျိုးသမီးလေးတွေကို ဆွဲဆောင်ကြတာရှိတယ်။ အဲဒီလိုမျိုးက ဘာထည့်ထားလဲဆိုတာကိုလည်း လုံးဝမသိနိုင်ဘူးလေ။ အဲဒီတော့ သတိရှိရမယ်။ ဒီလိုလုပ်တတ်တယ်ဆိုတဲ့ အကြားအမြင်ဗဟုသုတ ရှိရမယ်။ သူစိမ်းကျွေးတာကို ကိုယ့်ရှေ့မှာ ပါကင်ဖောက်ထားတာ မဟုတ်ရင် မစားရဘူး’’ ဟု HIV ပပျောက်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့် ဒေါက်တာထွန်းဝင်းက ပြောသည်။
သင်္ကြန်ကာလတွင် မူးယစ်ဆေး၊ လိင်စိတ်ကြွဆေးနှင့် အရက်၊ ဘီယာတို့မှာ လူငယ်တို့ကို ပျက်စီးရာလမ်းသို့ ရောက်စေနိုင်သည်။ ယခင်နှစ်များက နာမည်ဆိုးဖြင့် ကျော်ကြားသော ကာမစိတ်ကြွဆေးများကို ရဲတပ်ဖွဲ့က ယခုနှစ်သင်္ကြန်တွင် တင်းတင်းကျပ်ကျပ် ကိုင်တွယ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ သင်္ကြန်တွင်း ကာမစိတ်ကြွဆေး ရောင်းချသူများကို အရေးယူမည်ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ကာမစိတ်ကြွဆေးလို ပုန်းလျှိုးကွယ်လျှိုးရောင်းခြင်း မဟုတ်ဘဲ တရားဝင် ရောင်းချခွင့်ရထားသည့် အရက်နှင့် အဖျော်ယမကာများကလည်း အမျိုးသမီးများအတွက် နောက်ဆက်တွဲပြဿနာများကို အစပြုသည့်အရာများ ဖြစ်လာခဲ့သည်။ အချိုရည်နှင့် ရောစပ်ထားသော အရက်များကြောင့် ဘ၀ပျက်ခဲ့ကြရသော အမျိုးသမီးများလည်းရှိကြသည်။ အိပ်ဆေး၊ ကာမစိတ်ကြွဆေးနှင့် အရက်ယမကာများကြောင့် အသိလွတ်သွားခဲ့ကြသည့် အမျိုးသမီးများအား သင်္ကြန်တွင်းတွင် နာရီပိုင်းငှားရမ်းသည့် ဟိုတယ်နှင့် တည်းခိုခန်းများက စောင့်ကြိုနေပြီဖြစ်သည်။
အကြောင်းကြောင်းကြောင့် သင်္ကြန်တွင်း ချစ်တင်းနှောပြီးနောက် ကိုယ်ဝန်ရကြသည့် အမျိုးသမီးများလည်း ရှိကြသည်။ လိင်ဆက်ဆံပြီးနောက် ကိုယ်ဝန်တားဆေး သုံးသည်ဆိုသော်လည်း သင်္ကြန်တွင်းတွင် ဆေးဝါးအဆင်သင့်ရရန် ခက်ခဲလှကြောင်း ဆေးပညာရှင်များက ပြောသည်။ ‘‘သန္ဓေတားဆေးဆိုတိုင်း စိတ်ချရတာမဟုတ်ဘူး။ ဆေးဝါးတုတွေ၊ ရက်လွန်ဆေးတွေကြောင့် ကိုယ်ဝန်ရတာတွေ အများကြီးပဲ။ အရည်အသွေးပြည့်တဲ့ အစစ်ဆိုရင်တောင် ၁၀၀ ရာခိုင်နှုန်း စိတ်ချရတာမဟုတ်ဘူး။ အဲဒီတော့ အကောင်းဆုံးက ကွန်ဒုံးလို အကာအကွယ်နဲ့ လိင်ဆက်ဆံဖို့ပဲ’’ ဟု အထွေထွေရောဂါကုဆရာဝန် ဦးမျိုးသန့်ကျော်က ပြောသည်။ ယခုနောက်ပိုင်း နာမည်ဆိုးဖြင့် ကျော်ကြားသည့် သင်္ကြန်မဏ္ဍပ်များ နောက်ဘက်ရှိ ချစ်တင်းနှောသည့် အခန်းငယ်များ ဆောက်လုပ်မှုကို ရန်ကုန်မြို့တော်စည်ပင်ကလည်း စောင့်ကြည့်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်း/တံတားဌာနမှ ဒုတိယဌာနမှူး ဦးစိုးသိန်းအောင်ကပြောသည်။
သင်္ကြန်တွင်း နာရီပိုင်းမျှ ချစ်ရည်လူးခဲ့ကြသည့် နောက်ဆက်တွဲပြဿနာက အမျိုးသမီးများအဖို့သာမက အမျိုးသားများအတွက်လည်း ဘ၀နှင့်ရင်းရသည့် အန္တရာယ်များ ကြုံတွေ့နိုင်သည်။
သင်္ကြန်ကာလပြီးနောက် လာရောက်ဆေးဝါးကုသမှု ခံယူသူများထဲတွင် လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်သည့် ရောဂါများခံစားနေရသူများလည်း သိသိသာသာရှိနေကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမြင့်ဦးက ပြောသည်။ ‘‘သင်္ကြန်ကာလမှာ လူငယ်အများစုက မူးရူးပြီး ဘာမှမသိကြတော့ဘူး။ လမ်းပေါ်က အမျိုးသမီးကို ကားပေါ်ခေါ်တင်၊ အမျိုးသား လေး၊ ငါးယောက်နဲ့ အဲဒီအမျိုးသမီး နှစ်ယောက်လောက်နဲ့ အုပ်စုလိုက် ဆက်ဆံကြတော့ အကုန်လုံး ကူးစက်ကြကုန်ရော။ အဲဒီထဲက တစ်ယောက်ယောက်ကများ အိတ်ခ်ျအိုင်ဗီပိုးရှိရင် ကူးစက်နိုင်တာပေါ့’’ ဟု ၎င်းကပြောသည်။ သင်္ကြန်ကာလအတွင်း မူးယစ်သောက်စားပြီးနောက် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းသည် ကူးစက်ရောဂါများ ဖြစ်နိုင်ခြေအလွန်များပြားကြောင်း ဆေးပညာရှင်များက ဆိုသည်။ ‘‘မြန်မာတွေက လူရှေ့သူရှေ့ကခုန်ရမှာတောင် ရှက်တတ်ကြပေမယ့် သင်္ကြန်တွင်းဆိုရင် အံ့သြစရာကောင်းလောက်အောင် လွတ်လွတ်လပ်လပ် ပျော်တတ်ကြတယ်လို့ နိုင်ငံခြားသားတွေက ပြောလေ့ရှိတယ်။ ဒါပေမဲ့ တချို့အပျော်တွေက နောက်ဆက်တွဲတွေ ပါလာတယ်။ ခဏပျော်စရာလောက်နဲ့ တစ်ဘ၀စာ မလဲမိဖို့ကတော့ အရေးကြီးတယ်’’ ဟု အထွေထွေရောဂါကု ဆရာဝန် ဦးမျိုးသန့်ကျော်က ပြောသည်။
By: Sai Htun
lutawlupyaw
No comments:
Post a Comment