"ပုံပြင်ထဲမှာ မိချောင်းဟာ ရယ်မောစရာ အညာမိသူပါ ဟေ့..."
ဟိုးရှေးရှေးတုန်းက မြစ်ကမ်းပါးတနေရာက သဖန်းပင်ကြီးတပင်ပေါ်မှာ မျောက်ကလေး တစုဟာ မျောက်တို့ သဘာဝအတိုင်း တက်လိုက် ဆင်းလိုက်နဲ့ ပျော်ရွှင်စွာ ပြေးလွှား ဆော့ကစားနေကြသတဲ့။ အဲဒီလို ဆော့နေကြရင်းက မြစ်ထဲမှာအုန်းသီးတလုံး မျောလာတာကို တွေ့တော့ မျောက်တကောင်က
ရေထဲဆင်းပြီး ကောက်တဲ့အခါ မိချောင်းကြီးတကောင်နဲ့ တွေ့ပါလေရောတဲ့။
ဗိုက်ဆာလို့ အစာရှာနေတဲ့ မိချောင်းကြီဒဟာ မျောက်ကလေးကို စားတော့မယ်အလုပ်မှာ မျောက်ကလေးက
“ခဏလေး နေပါအုံး ကိုမိချောင်းရယ်… ခင်ဗျားက ကျွန်တော့ကို ဘာလို့ စားချင်တာလဲ...” လို့ မေးသတဲ့။ ဒီအခါမှာ မိချောင်းက
“မျောက်ရဲ့ အသည်းနှလုံးကို စားရင် အလွန်အားရှိတယ် ကြားဖူးလို့ စားချင်တာပါ...” လို့ ပြန်ဖြေတယ်တဲ့။
ဒီအခါမှာ ဖြတ်ထိုးဉာဏ်သိပ်ကောင်းတဲ့ မျောက်ကလေးက ခွက်ထိုးခွက်လန် ရယ်မောပြီး
“ဖြစ်မှဖြစ်ရလေ ကိုမိချောင်းရယ်… ကျွန်တော်တို့ မျောက်ဆိုတဲ့ သတ္တဝါမျိုးဟာ တစက်ကလေးမှ အငြိမ်မနေ ဟိုခုန် ဒီကူးနဲ့ အချိန်လုံး ဆော့ကစားနေတာကြောင့် အသည်းနှလုံးကို ဘယ်တော့မှ ကျွန်တော်တို့နဲ့ အတူတူမထားဘူး၊ သစ်ပင်ပေါ်မှာပဲ ချိတ်ထားတတ်တာ၊ ဟောဟိုမှာ တွေ့လား ကျွန်တော်တို့ရဲ့ အသည်းနှလုံးတွေ...” လို့ ပြောပြီး သဖန်းပင်ပေါ်မှာ အခိုင်လိုက် အခိုင်လိုက် သီးနေတဲ့ နီနီရဲရဲ သဖန်းသီးတွေဆီကို ညွှန်ပြလိုက်သတဲ့။ အဲဒီအခါမှာ မိချောင်းကြီးလဲ တော်တော် တွေဝေသွားတာပေါ့။ ပြီးတော့ မျောက်ကလေးက
“ကိုမိချောင်းက ကျွန်တော့ရဲ့ အသည်းနှလုံးကိုမှ စားချင်ပါတယ်ဆိုရင်တော့ ကျွန်တော် သစ်ပင်ပေါ်ကို ပြန်တက်ပြီး ယူပေးပါ့မယ်လေ…” လို့ ဂရုဏာသက်စဖွယ် မျက်နှာလေးနဲ့ ဆက်ပြောလိုက်သတဲ့။
ဒီတော့ အစာစားချင်စိတ်သာရှိပြီး စဉ်းစား ဆင်ခြင်ဉာဏ် နည်းပါးလှတဲ့ မိချောင်းကြီးက မျောက်ကလေးရဲ့ စကားကို အဟုတ်မှတ်ပြီး "ဒါဆိုလည်း မင်း အသည်းနှလုံးကို သဖန်းပင်ပေါ်မှာ ပြန်ယူချေ" လို့ ပြောပြီး မျောက်ကလေးကို လွှတ်ပေးလိုက်တယ်တဲ့။ ဒီအခါမှာ မျောက်ကလေးက လှစ်ကနဲဆို သဖန်းပင်ပေါ်ကို ပြန်ရောက်သွားပြီး သူရယ် သူ့ အပေါင်းအပါတစုရယ် မိချောင်းကြီးကို သဖန်းသီးတွေနဲ့ လှမ်းပြီး ပစ်ပေါက်ကြတာ မိချောင်းကြီးလဲ နာကျင်ပြီး ထွက်ပြေးသွားရတော့တယ် တဲ့။
ကဲ… ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ မောင်ညီမလေးတို့လည်း အခက်အခဲတခုခု တွေ့ကြုံလာရတိုင်း၊ ခေါင်းအေးအေးထားပြီး ဖြတ်ထိုးဉာဏ်သုံးရင်း ဖြေရှင်းအောင်မြင်နိုင်ကြပါစေ လို့ ဆုတောင်းလိုက်ပါတယ်နော်…။
သက်ဝေ
lutawlupyaw
No comments:
Post a Comment