Thursday, April 9, 2015

"စိတ်နေသဘောထား အမူအကျင့်များကို စက်ရုပ် ဦးနှောက်ထဲ ဒေါင်းလုဒ် ဆွဲထည့်နိုင်သည့် ခေတ်ရောက်တော့မည်"

"စိတ်နေသဘောထား အမူအကျင့်များကို စက်ရုပ် ဦးနှောက်ထဲ ဒေါင်းလုဒ် ဆွဲထည့်နိုင်သည့် ခေတ်ရောက်တော့မည်"

စိတ်နေစိတ်ထား၊ အမူအကျင့် အမျိုးမျိုးကို ကြိုက်ရာရွေးပြီး အွန်လိုင်းက ဒေါင်းလုဒ်ဆွဲကာ စက်ရုပ် ဦးနှောက်ထဲ ထည့်ပေးနိုင်သည့် စနစ်မျိုးကို ဂူဂဲက တီထွင် ဖန်တီးလျက်ရှိသည်။

ယနေ့ ဖုန်းအပလီကေးရှင်းများကို ဒေါင်းလုဒ် ဆွဲထည့်သလိုကို လွယ်ကူမည်ဟု သိရသည်။ ထိုအခါ စက်ရုပ်သည် သတ်မှတ် စိတ်နေစိတ်ထား၊ အမူအကျင့်များအတိုင်း ပြုမူလိမ့်မည်။ မိမိချစ်သူ ခင်သူ တစ်ယောက်ယောက်  ဆုံးပါးသွားသည့်တိုင် ထိုလူ၏  စိတ်နေစိတ်ထား၊ အမူအကျင့်များကို မကွယ်လွန်ခင်ကတည်းက ကွန်ပျူတာပုံစံဖြင့် ရယူထားလိုက်မည် ဆိုပါက ၎င်းကွယ်လွန်ပြီးနောက်တွင် စက်ရုပ်တစ်ရုပ်၏ ဦးနှောက်ထဲ ထိုအချက်အလက်များ ထည့်ပေးလိုက်သည်နှင့် ထိုစက်ရုပ်သည် မိမိ ချစ်ခင်ရသူ၏ စိတ်နေစိတ်ထား အမူအကျင့်အတိုင်း ပြုမူ ပြောဆိုလိမ့်မည်။ ကိုယ်ပွားလေးရသည့် သဘောဖြစ်၏။

ဂူဂဲက အထက်ပါ နည်းလမ်းကို မူပိုင်ခွင့် မှတ်ပုံတင်ထားသည်တွင် ၎င်းတို့ ထုတ်လုပ်မည့်  စက်ရုပ်သည် အခြေခံ စိတ်နေစိတ်ထားများ ဖြစ်သော ပျော်ခြင်း၊ ၀မ်းနည်းခြင်း၊ ကြောက်ခြင်း၊ ရဲရင့်ခြင်း စသည်တို့ ပါဝင်မည်ဖြစ်ပြီး ကျန်အသေးစိတ်ကိုမူ သုံးစွဲသူအလိုကျ အွန်လိုင်းကနေ ဒေါင်းလုဒ်ဆွဲ အသုံးပြုရမည်ဟု ဆိုသည်။ မိမိချစ်ခင်သူ၏ စိတ်ထားနှင့် အကျင့်များကို ကွန်ပျူတာပုံစံ ရယူ၍ ထည့်သွင်းလိုက်လျှင်လည်း ကိုယ်ပွားလေး ဖြစ်လာလိမ့်မည်။

ဥပမာ မိမိသည် အခြားမြို့တစ်မြို့သို့ အလည်သွားရန် ရှိသည့်အခါ ထိုမြို့နှင့် ပတ်သက်သော စိတ်နေစိတ်ထားကို အွန်လိုင်းမှာရှာပြီး မိမိစက်ရုပ်၏ ဦးနှောက်ထဲ ထည့်ပေးလိုက်မည်ဆိုလျှင် စက်ရုပ်သည် မြို့ခံများ၏ သဘာဝကို နားလည်နေကာ မိမိအတွက် လမ်းညွှန်ကောင်း ဖြစ်နေလိမ့်မည်။

ဂူဂဲသည် စက်ရုပ်နည်းပညာများကို စမ်းသပ်လျက် ရှိသည်။ လက်ရှိမှာပင် သတ္တု၊ ပလတ်စတစ်တို့ဖြင့် လုပ်ထားသော အရပ် (၆) ပေ (၂) လက်မရှိသည့် Atlas စက်ရုပ်ကို ဖန်တီးထားသည်။ ထိုစက်ရုပ်သည် လမ်းလျှောက်နိုင်၊ ပြေးနိုင်၊ ခုန်ပေါက်နိုင်သည့် အပြင် တံခါးပါ ဖွင့်နိုင်သည်။

သဘာဝဘေး ကျရောက်သည့် နေရာများတွင် ရှာဖွေ ကယ်ဆယ်ရေးများ လုပ်ဆောင်မည့် စက်ရုပ်များကို အဓိက ထုတ်လုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။


Credit : messenger



lutawlupyaw

No comments:

Post a Comment