Tuesday, June 16, 2015
"ထိုင်ခုံလျော်ကြေး"
"ထိုင်ခုံလျော်ကြေး"
လူငယ်နှင့်လူကြီး ဘယ်သူက ပိုတန်ဖိုးရှိသလဲ။ ၎င်းသည် မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ် ပြဿနာဖြစ်ပါသည်။ ထိုကဲ့သို့ အဟောင်းနှင့်အသစ် အပြန်အလှန် အားပြိုင်မှုသဘောက ဘယ်နေရာ၊ ဘယ်ခေတ်၊ ဘယ်အချိန်မှာမဆို ရှိနေမည်သာ ဖြစ်သည်။ အချိန်ကာလ၏ သဘောတရားအရလည်း အဟောင်းက အမြဲထာဝရ ရပ်တည်ချင်လို့မရ။ အချိန်တန်လျှင် အဟောင်းက နောက်ဆုတ်ရသည်။ အသစ်က ရှေ့တက်လာရသည်။ အသစ်ကို ဦးစားပေးရပါသည်။ ဒါသည် ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတိုင်းတွင်ရှိသော မျိုးဆက် လက်ဆင့်ကမ်းသယ်ဆောင်မှု ဖြစ်ပါသည်။
ဤနေရာတွင် ဆရာအောင်သင်း ပြောဖူးတာတစ်ခုကို သတိရမိပါသည်။ သူအိမ်ထောင်ဦးစီး အဖြစ်နေရာရစဉ်က တစ်အိမ်လုံးကို သူ့ခြေသူ့လက် စီမံအုပ်ချုပ်ခွင့် ရခဲ့ပါသည်တဲ့။ သူ့ဆီလာသော ဧည့်သည်များကို ဧည့်ခန်းတွင် အကျအနထိုင်ကာ ဧည့်ခံလေ့ရှိပါသည်တဲ့။ သို့သော် တဖြည်းဖြည်း အသက်တွေကြီးလာပြီးသားတွေ၊ သမီးတွေ အရွယ်ရောက်လာသောအခါ သူပိုင်သည်ဟု ထင်ထားခဲ့သော ဧည့်ခန်းကို သားတွေ၊ သမီးတွေက သူတို့သူငယ်ချင်းတွေ တရုန်းရုန်းနှင့် နေရာယူမှန်းမသိ ယူသွားကြပါတော့သည်။ ထိုအခါကျမှ သြော် . . . ငါနေရာ ဖယ်ပေးရတော့မှာပါလားဟု သဘောပေါက်သွားပါသည်တဲ့။ ဒါသည်ပင် အဟောင်းနှင့်အသစ်၏ နိယာမ သဘောတရား ဖြစ်သည်။
မြန်မာပြည်သည် အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်း ၅၀ ကျော်နေထိုင်လာခဲ့ရသည်။ ထိုအာဏာရှင်ခေတ် တစ်လျှောက်လုံးလည်း မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်းတို့ အမြဲပဋိပက္ခ ဖစ်ခဲ့ကြပါသည်။ လူဟောင်းတို့က လူသစ်တို့ကို နေရာဖယ်မပေးချင်သည့်အခါ သွေးမြေကျသည်အထိ တိုက်ပွဲတွေ ဆင်နွှဲရင်း ထိုင်ခုံပြဿနာကို ဖြေရှင်းခဲ့ရပါသည်။ သို့သော် ထိုင်ခုံပြဿနာက ပြေလည်မသွားခဲ့။ လူဟောင်းတွေနေရာ ဖယ်မပေးသရွေ့လည်း ထိုပြဿနာကို အမြဲရင်ဆိုင်နေရဦးမည်သာ။ ဤထိုင်ခုံကို ဘယ်သူ ထိုင်ခွင့်ရှိသလဲဆိုသည့် မေးခွန်းကို မေးလျှင် အဟောင်းနှင့်အသစ်က ခေတ်အဆက်ဆက် အားပြိုင်နေ ကြဆဲဖြစ်သည်။
လူ့သဘာဝအရလည်း ကျွန်တော်တို့သည် အဟောင်းထက် အသစ်ကို ပိုလိုလားကြပါသည်။ ပြောင်းလဲဆန်းသစ်မှုမရှိသည့် အဟောင်းကို ငြီးငွေ့တတ်ကြပါသည်။ အဟောင်း၏ သဘာဝသည် ယေဘုယျအားဖြင့် လေးလံထိုင်းမှိုင်းသည့် သဘော။ မည်းမှောင်ညစ်ထေး ဆွေးမြည့်သည့် သဘောရှိပါသည်။ ဤနေရာတွင် အချို့ကမေးချင်ကြပေလိမ့်မည်။ အဟောင်းတိုင်းက ထိုကဲ့သို့ပင် ရှိသလား၊ အဟောင်းထဲက အကောင်းတွေမရှိသလော။ တကယ်တော့ လူဟောင်းထဲမှာလည်း လူကောင်းတွေရှိနိုင်ပါသည်။ သို့သော် အဓိကပြောချင်သည်က မျိုးဆက်ဟောင်းသည် အချိန်တန်လျှင် မျိုးဆက်သစ်ကို နေရာဖယ်ပေးရမည့်တာဝန် ရှိပါသည်။ လူဟောင်းမှန်လျှင်တော့ မိမိဟောင်းသွားမှန်းကို ကောင်းကောင်းကြီး သိသင့်ပါသည်။
မြန်မာမှာ ‘အသစ်ဘယ်လောက်ကောင်းကောင်း၊ အဟောင်းတလည်လည်’၊ ‘ဟောင်းပေမယ့်လည်း ကောင်းနေဆဲပါပဲ’ ဆိုသည့် စကားတွေရှိပါသည်။ သို့သော် ဟောင်းတိုင်းကောင်းသလား။ လူဟောင်းနှင့်လူသစ် မည်သူက တန်ဖိုးပိုရှိပါသလဲ။ ပြတိုက်သို့အပို့ခံလိုက်ရသော ပစ္စည်းများ ကို ကြည့်ခြင်းအားဖြင့် အဟောင်းသည် သမိုင်းတန်ဖိုးမျှသာ ရှိတော့သည်မှာ သိသာထင်ရှားလှပါသည်။ ထို့အတူ တကယ်ထူးချွန်ပြီး တော်သည့် လူဟောင်းများမှာလည်း အတွေ့အကြုံ တည်းဟူသော သမိုင်းတန်ဖိုးရှိပါသည်။ ထို့ကြောင့်လည်း အချို့သော အသင်း၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာတို့တွင် အကြံပေးအဖြစ် တလေးတစား ပြန်လည်ခန့်ထားခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့သော လူဟောင်းများ၏ တန်ဖိုးကို မထီမဲ့မြင်ပြုကာ လက်လွတ်စပယ် ပြောလိုခြင်းမဟုတ်ပါ။ သမိုင်းစာမျက်နှာများကလည်း ထိုကဲ့သို့သော ပုဂ္ဂိုလ်တို့ကို လေးလေးစားစား မှတ်တမ်းတင် ထားရှိမှာ သေချာပါသည်။ သို့သော် ထို့ထက်ပိုသေချာသည့်အချက်က အဆိုပါ ပုဂ္ဂိုလ်များသည် သမိုင်းတန်ဖိုးသာရှိပြီး အသုံးချတန်ဖိုးမရှိတော့ပါ။ လူဟောင်းက တန်ဖိုးသေသွားပြီဟု ပြောလိုခြင်းဖြစ်ပါသည်။ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် လူငယ်၏ တန်ဖိုးကား တရိပ်ရိပ်တက်နေသောကြောင့် သူတို့၏ တန်ဖိုးက ဆုံးဖြတ်၍မရသော အနှိုင်းအဆမဲ့ တန်ဖိုးဖြစ်ပါသည်။
ကျွန်တော် ဤဆောင်းပါးကို ရေးရသည့် ရည်ရွယ်ချက်မှာ သမိုင်းမှာ တန်ဖိုးရှိခဲ့သော ပုဂ္ဂိုလ်များ၏ ကျေးဇူးဂုဏ်ကို စော်ကားလိုခြင်း မဟုတ်ပါ။ လူကြီးဟူသည် အကျဘက်သို့ တဖြည်းဖြည်း ရွေ့လျားနေသလောက် လူငယ်ကတော့ အတက်ဘက်သို့ တရိပ်ရိပ် ထိုးတက်နေသည်ဆိုတာကို ပြောလိုခြင်းဖြစ်ပါသည်။ လူငယ်မျိုးဆက်သစ်တို့၏ တန်ဖိုးကို မထီမဲ့မြင်ပြုကာ လေးလေးစားစားဖြင့် အသိအမှတ်မပြုလိုသော၊ နေရာမပေးချင်သော အခြေအနေ ရပ်ဝန်းတစ်ခု ဖြစ်တည်နေသမျှ ကာလပတ်လုံး ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေဦးမှာကတော့ ဗေဒင်မေးစရာပင် မလိုပေ။ လူကြီးသည် အတိတ်သမိုင်း အတွေ့အကြုံတန်ဖိုးရှိသော်လည်း လူငယ်သည် အနာဂတ်သမိုင်းအတွက် ပိုမို၍ တန်ဖိုးရှိကြောင်း သိစေချင်ပါသည်။ တိုင်းပြည်အတွက်ဆိုလျှင် ကိုယ့်ထက်ပိုတော်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်မျိုးဆက်သစ်များကို နေရာပေးသည့်အနေဖြင့် မိမိနှစ်ရှည်လများ နေရာဦးထားသည့်ထိုင်ခုံမှ ထပေးသင့်လှပါသည်။ ဒါသည် နိုင်ငံရေးတစ်ခုတည်းကိုပြောခြင်း မဟုတ်ပါ။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် နယ်ပယ်ပေါင်းစုံကို ရည်ညွှန်းလိုပါသည်။
မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ် ဘယ်သူက ပိုတန်ဖိုးရှိသလဲဆိုတာကို ပုံပြင်တစ်ပုဒ်ဖြင့် သက်သေပြချင်ပါသည်။ တစ်ခါတုန်းက လူနှစ်ယောက် စပါးတစ်တင်းစီ ပခုံးပေါ်ထမ်းရင်း တံတားတစ်ခုပေါ်မှာ မျက်နှာချင်းဆိုင် လျှောက်လာကြပါသည်။ လူနှစ်ယောက် ယှဉ်လျှောက်လို့မရအောင်ပင် တံတားက ကျဉ်းမြောင်းလွန်းသောကြောင့် တံတားအလယ်သို့ ရောက်သောအခါ တစ်ဦးနှင့်တစ်ဦး တိုက်မိပြီး နှစ်ဦးစလုံး မြစ်ထဲကျသွားပါတော့သည်။ နှစ်ဦးစလုံးက ရေကူးတတ်သောကြောင့် အသက်မသေသော်လည်း ထမ်းလာသည့် စပါးတွေ ရေမြုပ်ပြီး ဆုံးရှုံးသွားကြသည်။ ထိုအခါ တစ်ယောက်နှင့်တစ်ယောက် သူမှားတယ် ငါမှားတယ် ငြင်းခုံပြီး စပါးဆုံးရှုံးမှုအတွက် အပြန်အလှန် လျော်ကြေးတောင်းကြပါတော့သည်။ နောက်ဆုံး ဘယ်သူမှ မဆုံးဖြတ်နိုင်သည့်အတွက် တရားရုံး ရောက်သွားကြသည်။ သူတို့အမှုကို ကိုင်တွယ်သူက တရားဥပဒေအရာမှာ ကျွမ်းကျင်သည့် မင်းသမီးတစ်ပါး ဖြစ်နေသည်။
ဤသို့ဖြင့် မင်းသမီးက ဖြစ်ကြောင်းကုန်စင်ကို သေချာနာ ထောင်ပြီး မေးခွန်းတွေ မေးပါတော့သည်။ ဖြစ်ချင်တော့ နှစ်ယောက်စလုံးက အသက်လည်း တူ၊ အားခွန်ဗလလည်းတူ၊ လမ်းလျှောက်နှုန်းလည်း တူနေသည်။ သူတို့နှစ်ယောက်စလုံး တံတားအလယ်တည့်တည့်ကို တစ်ပြိုင်တည်း ရောက်ပြီး တိုက်မိကြခြင်း ဖြစ်သည်။ အကယ်၍ တစ်ယောက်က ကျန်းမာရေးအားနည်းလျှင် ထိုသူကို အရင်ဦးစားပေးရမည် ဖြစ်သောကြောင့် စုံစမ်းကြည့်ရာ နှစ်ယောက်စလုံးက ကျန်းမာရေးလည်း တူနေသည်။ ဆက်လက်၍ စုံစမ်းကြည့်ရာ စပါးတစ်တင်းစီ ပါတဲ့အတွက် ဆုံးရှုံးမှု တန်ဖိုးကလည်း တူနေသည်။ ပိုပေါ့သောစပါးကို သယ်လာသူက လေးသည့်သူကို ဦးစားပေးရမည် ဖြစ်သောကြောင့် စုံစမ်းကြည့်ရာစပါး အလေးချိန်ကလည်း တူနေသည်။ ရောင်းချလျှင်ရမည့် ငွေကြေးတန်ဖိုးကလည်း တူနေသည်။ သို့သော် မတူသည့် အချက်တစ်ချက်တော့ ရှိနေပါသည်။ ၎င်းမှာ တစ်ဦးက စပါးဟောင်းသယ်လာပြီး တစ်ဦးက စပါးသစ် သယ်လာခြင်းဖြစ်သည်။ စပါးဟောင်းသည် ထမင်းချက်ဖို့အတွက်သာ အသုံးဝင်ပါတော့သည်။ စပါးသစ်ကတော့ မျိုးစေ့အဖြစ်စိုက်ပျိုးလျှင် မရေမတွက်နိုင်သည့် စပါးမျိုးတွေ တိုးပွားလာမည်ဖြစ်သည်။ စပါးဟောင်းထက် စပါးသစ်က ပိုတန်ဖိုးရှိနေသည်။ ထို့ကြောင့် စပါးဟောင်းထမ်းလာသူက စပါးသစ် ထမ်းလာသူကို လျော်ကြေးငွေ ပေးစေဟု တရားရုံးက ဆုံးဖြတ်လိုက်ပါသည်။
တကယ်တော့ ခေတ်အဆက်ဆက်မှာ မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်တို့ အမြဲတစေ ထိပ်တိုက်တွေ့ခဲ့ကြသည်ချည်းသာ။ သို့သော် မျိုးဆက်ဟောင်းများက မျိုးဆက်သစ်တို့ကို တန်ဖိုးထားပြီး ဦးစားပေးခဲ့ပါသလား။ နေရာဖယ်ပေးခဲ့ကြပါသလား။ အထက်ပါ ပုံပြင်က ဘယ်သူ ပိုတန်ဖိုးရှိသလဲဆိုတာ ကျွန်တော်တို့ကို ပြောပြခဲ့ပြီးပါပြီ။
မည်သို့ဆိုစေ ထိုင်ခုံပေါ်မှ မဆင်းချင်သေးသော လူဟောင်းကြီးများသည် တဖြည်းဖြည်း တန်ဖိုးလျော့လာသည်ကို သိရန်လိုပါသည်။ သို့အတွက် မိမိတို့နေရာကို လွှဲပေးခြင်းဖြင့် တဖြည်းဖြည်း တန်ဖိုးတက်လာသည့်လူငယ်များကို ဦးစားပေးသင့်ပါသည်။ လိုတာထက် ပိုကြာကြာထိုင်နေမည့်အစား မိမိတို့ထက် ပိုတန်ဖိုးရှိပြီး ပိုတန်ဖိုးတက်နေသော လူငယ်များကို ပြန်လည်ပြီး လျော်ကြေးပေးလိုက်တာ အကောင်းဆုံးဖြစ်ပါသည်။ ယင်း လျော်ကြေးကတော့ ထိုင်ခုံလျော်ကြေးပင် ဖြစ်ပါသည်။
ကိုးကား - ကြည်နိုင် ကွင်းပဟေဠိနှင့် သမာဓိပုံပြင်.
7daydaily.com
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)

No comments:
Post a Comment