Thursday, June 4, 2015

"ဒေါက်ဖိနပ်စီးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ"


"ဒေါက်ဖိနပ်စီးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ"

သိပ်ပြီး သေသပ်လှပတဲ့ ဒေါက်မြင့်ဖိနပ် တစ်ရံဟာ သင် ၀တ်ဆင်ထားတဲ့ ၀တ်စုံအတွက် စမတ်ကျအောင် ပံ့ပိုးပေးနိုင်တာမှန်ပါတယ်။ ဒါပေမယ့် ဒေါက်ဖိနပ်စီးနေတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ခြေထောက်တွေအတွက် ဘာတွေ ဘေးထွက်ဆိုးကျိုး ရှိလာနိုင်မလဲဆိုတာ သတိမပြုမိကြပါဘူး။

သိပ္ပံပညာရှင်တွေဟာ အလုပ်ကို နေ့စဉ် ပုံမှန် ဒေါက်ဖိနပ်ဝတ်ဆင်သွားတဲ့ အမျိုးသမီးတွေရဲ့ သက်ရောက်မှုတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်ခဲ့ကြပါတယ်။

ပုံမှန် ဒေါက်ဖိနပ် ၀တ်ဆင်သူတွေဟာ ခြေချင်းဝတ် ပတ်လည်မှာရှိတဲ့ အရေးပါတဲ့ ကြွက်သားတွေကို အစပိုင်းမှာတော့ သန်မာ လာစေပါလိမ့်မယ်။ ဒါပေမယ့် ဒေါက်ဖိနပ်စီးတာ ၃ နှစ်ခန့် ဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့ အချို့ကြွက်သားတွေကို ပုံသေ ကြီးမားလာစေပြီး အဆစ်ယောင်ခြင်း၊ အဆစ်လွဲခြင်းတို့ကို အလွယ်တကူ ဖြစ်ပေါ်စေမယ့် အခွင့်အရေးတွေ များလာပါတယ်။

"ဒေါက်မြင့်ဖိနပ်တွေဟာ ဖက်ရှင်အတွက် ကောင်းမွန်တာ မှန်ပါတယ်။ ပြီးတော့ ပရော်ဖက်ရှင်နယ် ရပ်တည်မှုတွေမှာလည်း တစ်ခါတစ်ရံ လိုအပ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေအနေနဲ့ ဒေါက်မြင့်ဖိနပ်တွေဟာ သူတို့ရဲ့ ခန္ဓာကိုယ် အချိုးအစား မျှတနေမှုကို ဘာတွေ အားနည်းချက် ရှိသွားစေနိုင်လဲဆိုတာတော့ သတိပြုဖို့လိုပါတယ်" လို့ တောင်ကိုရီးယား Hanseo တက္ကသိုလ်က ဒေါက်တာ Yong-Seok Jee က ဆိုပါတယ်။

ဒေါက်တာ Jee ဦးဆောင်တဲ့ သုတေသီ အဖွဲ့ဟာ ပရော်ဖက်ရှင်နယ် ဘ၀မှာ ရပ်တည်နေပြီး ၁၀ စင်တီမီတာနဲ့ အထက်ရှိတဲ့ ဒေါက်ဖိနပ်တွေကို တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ် ၀တ်ဆင်တဲ့ အမျိုးသမီး အယောက် ၄၀ ကို လေ့လာကြည့်ခဲ့ကြပါတယ်။

သူတို့အဖွဲ့က တွေ့ရှိခဲ့တာကတော့ ထို အမျိုးသမီးတွေရဲ့ ခြေချင်းဝတ်ဟာ လိုအပ်တာထက်ပိုသန်မာနေပြီး အဓိက ကြွက်သား အစိတ်အပိုင်း ၄ ခုမှာ ၂ ခုလောက်က ကြီးမာနေတာကို ၁ နှစ် ကနေ ၃ နှစ်အတွင်း ၀တ်ဆင်ပြီးတဲ့အခါမှာ တွေ့လာရပါတယ်။

ခြေထောက် ပုံပျက်နေတာ၊ ကျော နာကျင်တာ၊ ကျန်းမာရေးအရ မသင့်တော်တဲ့ လမ်းလျှောက်ပုံ လမ်းလျှောက်နည်းတွေဟာ ဒေါက်မြင့်ဖိနပ်စီးခြင်းကနေ စတင် ဖြစ်ပေါ်လာတာဖြစ်ပြီး ခြေချောင်းတွေ ကော့လာတာမျိုးလည်း ဖြစ်သွားစေနိုင်တယ်လို့ ဒေါက်တာ Jee က သတိပေးထားပါသေးတယ်။

လက်တွေ့အားဖြင့်လည်း ၃ နှစ်ခန့် နေ့စဉ် ပုံမှန် ဒေါက်မြင့်ဖိနပ်စီးသူတွေအနေနဲ့ သာမန် ဆိုဖာထိုင်ခုံမျိုးမှာ ထိုင်တဲ့အခါ ကြမ်းပြင်ပေါ်မှာ ချထားတဲ့ ခြေထောက်ရဲ့ အနေအထားဟာ ဖနောင့်နေရာက ကြမ်းပြင်နဲ့ ရေပြင်ညီ အနေအထား ဖြစ်နေပေမယ့် ခြေချောင်းတွေကတော့ အပေါ်ကို အနည်းငယ်ကော့နေတာကို တွေ့ရမှာပါ။

ဒါကြောင့် ပုံမှန် ဒေါက်မြင့်ဖိနပ် စီးဖြစ်နေတဲ့ အမျိုးသမီးတွေအနေနဲ့ ခြေထောက် ကျန်းမာရေးအတွက် ကျွမ်းကျင်သူတွေ ညွှန်ကြားထားတဲ့ လေ့ကျင့်ခန်းတွေ ပုံမှန် ပြုလုပ်ပေးနေဖို့ လိုအပ်ပါတယ်။

( Mario )
Ref : Dailymail

No comments:

Post a Comment