Sunday, June 14, 2015
"လင်မယား ၂ ယောက်ပဲနေတဲ့ ထားဝယ်ဒေသက ရွာကြီး"
"လင်မယား ၂ ယောက်ပဲနေတဲ့ ထားဝယ်ဒေသက ရွာကြီး"
အိမ် ၄၈၀ ရှိတဲ့ ရွာမှာ လူ၂ ယောက်ပဲ နေထိုင်တာ ဖြစ်နိုင်ပါ့မလား။
ဒီရက်ပိုင်း ထွက်လာတဲ့ စာအုပ်တအုပ်မှာတော့ ထားဝယ်ဒေသထဲက အဲဒီရွာကြီးမှာ လင်မယား ၂ ယောက်ပဲ နေတယ်လို့ တိတိကျကျ ရေးထားပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန် စီမံကိန်းအတွက် နေအိမ်တွေကနေ ဖယ်ပေးရမယ့် ဒေသခံတွေ ရှိပါတယ်။ သူတို့တွေအတွက် အဲဒီရွာကို ၂၀၁၂ မှာ ဆောက်တယ်။ ဆောက်ထားတာက ပုံစံတူအိမ်တွေ။ နောက်တနှစ်မှာ အဲဒီရွာ သွားနေရပါတယ်။
ကျေးရွာသစ်နာမည်က ဘဝါ လို့ ဆိုပါတယ်။ ဘဝါရဲ့ ဘဝ အကြောင်း ဆက်ရရင်...
ဘဝါကို ပြောင်းရွှေ့နေသူ စုစုပေါင်း မိသားစု ၄ စု ရှိပေမယ့် အခုတော့ မိသားစု တစုပဲ ကျန်ပါတော့တယ်။ အဲဒီမိသားစုကတော့ အထက်မှာ ရေးခဲ့တဲ့ လင်မယား ၂ ဦးပါပဲ။
သူတို့ရဲ့ သားသမီးတွေက မြိတ်မြို့မှာ အလုပ်သွားလုပ်တာကြောင့် အိမ်မှာ သူတို့ပဲ ကျန်နေတာပါ။ သူတို့ ဒီအိမ်သစ်ကို ရွှေ့ရမယ် ဆိုတာကို ရက်သတ္တပတ် အနည်းငယ်ပဲ ကြိုသိခဲ့ရတာပါတဲ့။
အိမ်က အသစ်ဆိုပေမယ့် မိုးယိုတယ်။ စားရေးသောက်ရေးအတွက် ဒီရေတောမှာရှိတဲ့ ဂဏန်း၊ ခရု၊ ဟင်းရွက်တွေကို အားကိုးရတယ်၊ အိမ်နီးချင်း မရှိတဲ့အတွက် ရေဒီယိုကို အဖော်ပြုရတယ်၊ ဟိုတုန်းက သူတို့က တံငါသည်။ အခုတော့ နေရာသစ်မှာ ရွာသစ်မှာ အပင်လေးတွေစိုက်၊ ကြက်ဝက်တွေ မွေး၊ ဘဝက အသွင်ပြောင်းသွားပြီ။
တခြားအိမ်တွေမှာ လူတွေ ဘာကြောင့် ရောက်မလာသေးတာလဲ၊ ရောက်ပြီးသား မိသားစုတချို့ ဘာကြောင့် ပြန်ထွက်သွားကြသလဲ ဆိုတာကတော့ စာအုပ်ထဲမှာ တိတိကျကျ ဖြေမထားပါ။
အခု ဖော်ပြထားတဲ့ ဘဝါ ပြန်လည်နေရာချထားရေး အိမ်ရာပုံတွေကို "ပြောင်းလဲမှု၏ ရှုထောင့်များ" ဆိုတဲ့ ဓာတ်ပုံစာအုပ်ကနေ ယူထားပါတယ်။
စာအုပ်ကို ပဒေသာမိုး လူမှုအဖွဲ့အစည်းက ဖြန့်ချိထားတာပါ။
စီမံကိန်းကြီးကြီးတခု လုပ်ပြီဆိုရင် ဒေသခံတွေ နေရာဖယ်ပေးရပါတယ်။ လုပ်လက်စ လယ်ယာမြေတွေကို စွန့်လွှတ်ရပါတယ်။ စွန့်လွှတ်ရတဲ့အတွက် လျော်ကြေး ရသူတွေလည်း ရှိပါတယ်။ အဲဒီလျော်ကြေးကို မစီမံတတ် မခန့်ခွဲတတ်ရင် ဘ၀ ပျက်ပါလိမ့်မယ်။
လျော်ကြေးပေးရာမှာ ငွေကြေးပေးမယ့်အစား မြေနေရာ အစားပေးဖို့ ဒေသခံတို့နဲ့ ညှိနှိုင်းခဲ့ဟန် မတူပါဘူး။ ထားဝယ် အထူး စီးပွားရေးဇုန်မှာတော့ လျော်ကြေး မရတဲ့သူလည်း အများကြီးရှိပါတယ် တဲ့။
အထူးစီးပွားရေးဇုန်ကြောင့် ဘယ်သူတွေ အထူး စီးပွားဖြစ်ကြမလဲ? ဒေသခံတို့ကတော့ စီးပွားဖြစ်မလား၊ စီးပွားပျက်မလား?
ဒေသခံတွေဟာ သူတို့ မှီခိုအားထားတဲ့ ဥယျာဉ်ခြံမြေတွေ မရှိတော့ဘူးဆိုရင် အသက်မွေးဝမ်းကြောင်း အတွက် စိုးရိမ်ရမယ်လို့ ပဒေသာမိုးအဖွဲ့က ဆိုပါတယ်။
စီမံကိန်း အစမပြုခင် မဖြစ်မနေ ပြုလုပ်ရမယ့် လူမှုစစ်တမ်းနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်းတွေကို ရွာတချို့မှာ ပြုလုပ်ခဲ့ပေမယ့် ထွက်ပေါ်လာတဲ့ ရလဒ်တွေကို ဒေသခံများ သိခွင့် မရခဲ့ဘူး၊ အရပ်ဘက် အဖွဲ့တွေလည်း ကြည့်ခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။
ဒီစီမံကိန်းကြီးက လောလောဆယ် ပါဝင်ပတ်သက်သူ အားလုံး၊ ဒေသခံတွေ အားလုံးလိုလို အဆင်မပြေတဲ့ ဟန်မကျတဲ့ စီမံကိန်းဖြစ်နေတယ်လို့ ဆိုရမယ် ထင်ပါတယ်။
စည်သူလင်း
ဧရာဝတီ
Labels:
ပြည်တွင်း သတင်း
Subscribe to:
Post Comments (Atom)


No comments:
Post a Comment