"လာဘ်ဆိုသည့် စကားလုံး၏ သမိုင်းအကျဉ်း"
ယခုတစ်လော ဖီဖာအဖွဲ့ခေါင်းဆောင်များ လာဘ်စားမှုဖြင့် စုံစမ်း စစ်ဆေးခံရသည် ဆိုသည့် သတင်း ပျံ့နှံ့နေခဲ့သည်။ လာဘ်ယူငွေချည်းပဲ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိခဲ့သည်ဟု ဆိုသည်။ လာဘ်ယူခြင်းကို အင်္ဂလိပ်ဘာသာ စကားဖြင့် Bribe ဟု ခေါ်ဆိုကြသည်။
ယင်းစကားလုံးလေး Bribe ၏ သမိုင်းကို အနည်းငယ်ပြောလိုပါသည်။ အလယ်ခေတ်တွင် Briber ဆိုသည့် စကားလုံးသည် ဓားပြ၊ သူတောင်းစား၊ လူလိမ် စသည်ဖြင့် အဓိပ္ပာယ်ရခဲ့သည်။ Bribe မှာ တရားမ၀င် နည်းလမ်းဖြင့် ရရှိသော အရာများဟု အဓိပ္ပာယ်ရသည်။
အဆိုပါ စကားနှင့် ပတ်သက်သည့် အရင်းအမြစ်ကို ပြောကြလျှင် ရန်ဒယ်ကောဂရေ့ ၏ ၁၆၁၁ ခုနှစ်ထုတ် ပြင်သစ်- အင်္ဂလိပ် အဘိဓာန်တွင်ကို ညွန်းကြသည်။ Bribe မှာ ပြင်သစ်တွင် သူတောင်းစားကို ပေးသော ပေါင်မုန့်ဟု အဓိပ္ပာယ်ရသည်။ ကော့ဂရေ့၏ အဘိဓာန်တွင် Briber မှာ တောင်းစားသည် သို့မဟုတ် လောဘတကြီး စားသောက်သည်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။
စပိန် အဘိဓာန် များတွင်တော့ Baribon ဟု ခေါ်ဆိုကြသည်။ သူတို့က ဂရိဘာသာ စကား Biblia မှ လာသည်ဟု ဖွင့်ဆိုကြသည်။ အဓိပ္ပာယ်မှာ စာအုပ်များ သို့မဟုတ် အသိဉာဏ်ပညာကို ရည်ညွန်းသည်။ တစ်နည်းဆိုသော် ဉာဏ်များသော နည်းဖြင့် လိုချင်တာကို ရယူသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
တရားမ၀င်သော နည်းလမ်းဖြင့် စည်းစိမ်ဥစ္စာများ ရယူသည်ဆိုသည့် အဓိပ္ပာယ် ထွက်လာအောင် နှစ်များစွာ စောင့်ခဲ့ရသည်။ (၁၆) ရာစု အစောပိုင်းတွင် Briber မှ ယနေ့ခေတ်မှာ သုံးသလို လာဘ်ပေးသူ မဟုတ်။ လာဘ်ရအောင် နည်းလမ်းမျိုးစုံဖြင့် ကြံဖန် ကြိုးစားသူဖြစ်သည်။
တရားသူကြီးလည်း ဖြစ်သလို အတွေးအခေါ် ပညာရှင်လည်း ဖြစ်သည့် ဖရန်ဆစ်ဘေကွန် က တရားသူကြီး တစ်ဦးသည် လူများ လေးစားခံရသူထက် လူများထံမှ ငွေညှစ်သူ ဖြစ်လာနိုင်ခြေပိုများကြောင်း ၁၆၀၅ ခုနှစ်တွင် ရေးသားခဲ့ဖူးသည်။
သို့သော် ခေတ်သစ် အဓိပ္ပါယ်ကသာ နောက်ဆုံးတွင် ကြီးစိုးခဲ့သည်။ ဂျိမ်းဘုရင်၏ သမ္မတ ကျမ်းစာ (၁၆၀၄-၁၁) တွင် ဆယ်မြူယယ်၏ သားများသည် ငွေကို မက်ပြီး လာဘ်ယူကာ တရားစီရင်မှုကို ပြောင်းပြန် လှန်ခဲ့သည်ဟု ရေးသားထားသည်။
ရည်မွန်အောင်
Credit: messenger

No comments:
Post a Comment