ရန်ကုန် (မဇ္ဈိမ)။ ။ တစ်မိနစ် ကျပ် ၅၀ ဖြင့် ကောက်ခံနေသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းဖုန်းခေါ်ဆိုခများကို ၃၅ ကျပ်သို့ လျော့ချသည်ဟု ဆိုသော်လည်း ယင်းသို့ သုံးစွဲနိုင်ရန်အတွက် ၄င်းတို့အသစ်မိတ်ဆက်သည့် ဆွေသဟာ အစီအစဉ်သစ်ကို သုံးစွဲရမည် ဖြစ်ပြီး ယင်းသို့ သုံးစွဲခြင်း မပြုပါက မူရင်းအတိုင်း ကျပ် ၅၀ ဖြင့်သာ ကောက်ခံမည် ဖြစ်သည်။
အဆိုပါ အစီအစဉ်သစ်ကို မှတ်ပုံတင် ပြုလုပ်ပြီးပါက မည်သည့်ဖုန်းကိုမဆို တစ်မိနစ်လျှင် ၃၅ ကျပ်ဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်သော်လည်း မှတ်ပုံတင်ပြီးနောက်တွင် အသုံးပြုသူ၏ အင်တာနက် အသုံးပြုခအတွက် ကောက်ခံမှုမှာ အသုံးပြုသည့် ဒေတာ အလိုက် ကောက်ခံသည့် စနစ်ကို ပြောင်းလဲသွားမည် ဖြစ်သည်။ ယင်းသို့ ကောက်ခံ ရာတွင် 1MB အတွက် ၁၅ ကျပ် ကျသင့်မည် ဖြစ်သည်။ အခြားအော်ပရေတာ များဖြစ်သည့် တယ်လီနောနှင့် အူရီးဒူးတို့အတွက် အင်တာနက် အတွက် ကောက်ခံခမှာ 1MB လျှင် ခြောက်ကျပ် ဖြစ်သောကြောင့် ထက်ဝက်ကျော်ခန့် များနေပြီဖြစ်သည် ။ ယင်းအစီအစဉ်အသုံးပြုပါက စာတိုပို့ခစနစ်မှာ တစ်စောင်လျှင် ၁၅ ကျပ်ဖြစ်သည်။
ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး MPT -KDDI-Sumitomo ပူးပေါင်းလုပ်ငန်းအဖွဲ့၏ အမှုဆောင်အရာရှိချုပ် မစ္စတာနာဂရှီးမားက “ ဆွေသဟာ ၀န်ဆောင်မှုကို မှတ်ပုံမတင်ဘဲ အသုံးပြုမယ် ဆိုရင် ၀န်ဆောင်ခကို ပုံမှန်အတိုင်း (ကျပ် ၅၀ ) ဆက်လက် ကောက်ခံသွားမှာ ဖြစ်ပါတယ်“ ဟု မိတ်ဆက်သည့် အစီအစဉ်တွင် ဆိုသည်။
ယင်းအစီအစဉ်အသစ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဇန်န၀ါရီ ၉ ရက် က ပတ်ခ်ရိုင်ရွယ် ဟိုတယ်တွင် ပြုလုပ်သည့် မိတ်ဆက်ပွဲတွင် မိတ်ဆက် ပြောကြားလိုက်ခြင်းဖြစ်သည်။ ယင်းအစီအစဉ်ကို မိတ်ဆက်ပြီးနောက် လူမှု ကွန်ရက် စာမျက်နှာများ တွင် ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စီးပွားရေးဌာနမှ အရာရှိတစ်ဦးဖြစ်သည့် ဦးစောထူးသာက “MPT အနေနဲ့ ဆွေသဟာ သုံးရင် ၃၅ ကျပ် ကောက်ပါတယ်။ အခုမှ မြန်မာနိုင်ငံမှာ တယ်လီကွန် Industry ဖြစ်ထွန်းအောင်မြင်အောင် ကြိုးစားခါစ ရှိပါသေးတယ်။ ဒီဟာကို အရှိန်အဟုတ် မြှင့်တင်ပြီးတော့မှ တည်ငြိမ် အေးချမ်းပြီးတိုးတက် လာဖို့အတွက် ဒါကို စီမံ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်“ ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဆွေသဟာ အစီအစဉ်ကို မှတ်ပုံတင်သုံးစွဲပါက မိုဘိုင်း အင်တာနက် သုံးစွဲရာတွင် HSPA+3G ဆက်သွယ်ရေး ကွန်ရက်နည်းပညာဖြင့် ချိတ်ဆက်ကာ ပိုမိုမြန်ဆန်သော အင်တာနက်ကို သုံးစွဲခွင့်ရမည် ဆိုသော်လည်း အသုံးပြုသည့် နေရာ၊ အသုံးပြုသည့်အချိန်၊ အသုံးပြုသည့် မိုဘိုင်းဖုန်းနှင့် အသုံးပြုနေသော နေရာရှိ ဆက်သွယ်ရေး စနစ်က ပေးထားသည့် အခြေအနေတို့အပေါ် မူတည်မည်ဟုလည်း ၄င်းတို့က ထုတ်ပြန်ထားသည်။
ယင်းအစီအစဉ်မှာ ဇန်န၀ါရီ ၁၂ ရက်တွင် စတင်မည်ဖြစ်သည်။ ယင်းအပြင် အဆိုပါ ၀န်ဆောင်မှု သစ်ကို GSM နှင့် WCDMA ဖုန်းများတွင်သာ အသုံးပြုနိုင်မည် ဖြစ်ပြီး အခြားဖုန်းများတွင် ပါဝင်ခြင်းမရှိပေ။ သို့ဖြစ်၍ ၇၃ ဖြင့်စသည့်ဖုန်းများ၊ ၄၉၊ ၄၇၊ ၃၁၊ ၃၆ စသည့် ဖုန်းများသည်လည်း အကျုံးဝင်မည် မဟုတ်ပေ။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးက အင်တာနက် အသုံးပြုခအတွက် ကောက်ခံသည့် နှုန်းထားမှာ မိနစ် အလိုက် ကောက်ခံသည့် နှုန်းထားဖြစ်ပြီး WCDMA ဖုန်းဖြစ်ပါက တစ်မိနစ် လေးကျပ်နှင့် GSM ဖုန်းဖြစ်ပါက တစ်မိနစ် နှစ်ကျပ် ဖြစ်သည်။
ယင်းအစီအစဉ်သစ်ကို မှတ်ပုံတင်မယူမိပါက ဖုန်းခေါ်ဆိုခမှာ မူရင်းအတိုင်း တစ်မိနစ်လျှင် ကျပ် ၅၀ ကောက်ခံမည် ဖြစ်သည်။ ယင်းအပြင် အဆိုပါ ဆွေသဟာ အစီအစဉ်ကို အသုံးပြု၍ မိမိကြိုက်နှစ်သက်ရာ နံပါတ်သုံးခုကို မှတ်ပုံတင်ပါက ရက်ပေါင်း ၃၀ အတွင်း တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်သည်။
အဆိုပါ အစီအစဉ်နှင့် ပတ်သက်ပြီး ဖွံ့ဖြိုးမှု အတွက် အိုင်စီတီ အဖွဲ့ (MIDO) ၏ အမှုဆောင် အရာရှိချုပ် ကိုနေဘုန်းလတ်က “ဝန်ဆောင်မှုမှာ ဈေးကွာတယ် ဆိုရင် အသုံးပြုသူက ဈေးကြီးတာကို မရွေးချယ်မိဖို့ လိုတယ်။ တစ်မိနစ် ၂၅ ကျပ် ရဖို့ ဖုန်းသုံးလုံးကို သတ်မှတ်ပေးထားရမယ် ဆိုတာ ကိုယ်ဒီဖုန်းတွေကို ခေါ်ပါမယ်လို့ စာရင်း ပေးထားရတဲ့သဘော ဖြစ်နေတယ်။ ကိုယ်ရဲ့ လွတ်လပ်ခွင့်ကို ထိခိုက်ပါတယ်“ ဟု မဇ္ဈိမကို ပြောသည်။
ပွင့်လင်း မြန်မာ့ရှေ့ဆောင်မှ နည်းပညာ အရာရှိချုပ် ဦးစိုးသီဟနောင်က “ ဈေးကွက်အတွင်းမှာ အကြီးဆုံးသူက ရုတ်တရက် လျော့လိုက်ရင် ပြဿနာ ရှိတယ်။ ၀န်ဆောင်မှု ပေးနေတဲ့ အော်ပရေတာ အချင်းချင်းမှာ ကြီးမားတဲ့သဘောတူညီချက် တစ်ခု ရှိနေမယ်လို့ မြင်တယ်“ ဟု ဆိုသည်။
ယင်း ဆွေသဟာ အစီအစဉ်သစ် အသုံးပြုပြီးနောက် အင်တာနက် အခမဲ့ ပေးထားခြင်း၊ ဖုန်းခေါ်ဆိုခ ၂၅ ကျပ် ဖြင့် ခေါ်ဆိုနိုင်သည့် အစီအစဉ်များကို ရမည်ဟုလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သတင်းထုတ်ပြန် ထားသည်။
ဆွေသဟာ အစီအစဉ်ကို သုံးစွဲပါက အင်တာနက် အသုံးပြုနိုင်ရန် အတွက်ယခင်က ကျပ် တစ်သောင်းပေး ရသော်လည်း ယခု မပေးရတော့ဘဲ အခမဲ့ ရရှိမည် ဖြစ်သည်။ ယင်းအပြင် ယခင်က ကတ်ပျက် လျှောက်ထား ရာတွင် ကျပ် ၂၀၀၀၀ ပေးရသော်လည်း ယခုတွင် ကျပ် ၁၅၀၀ သာ ပေးရတော့မည် ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ဖုန်းငွေဖြည့်ကတ်များကိုလည်း ကျပ် ၁၀၀၀ နှင့် ၃၀၀၀ တန် ငွေဖြည့်ကတ်များကိုလည်း ထုတ်လုပ် လိုက်သည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ပြီးခဲ့သည့် ၁၀ စုနှစ် တစ်စုကျော်က မိုဘိုင်းဖုန်းများကို ကျပ် သိန်းဆယ်ဂဏန်းကျော်ဖြင့် ရောင်းချခဲ့ ပြီးနောက် မိုဘိုင်းဖုန်း ဆက်သွယ်မှုများကို တစ်ဦးတည်း ချုပ်ကိုင် ထားခဲ့သည်။ ယင်းနောက် ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ပြည်ပ အော်ပရေ တာဖြစ်သည့် တယ်လီနောနှင့် အူရီးဒူးတို့ကို လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ပေးခဲ့ပြီး ၄င်းတို့၏ ၀န်ဆောင်မှုများကို ၂၀၁၄ တွင် စတင်ခဲ့ကြသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိတ်ဆက်လိုက်သည့် ဆွေသဟာ အစီအစဉ်အသစ်
မူလနှုန်းထား ဆွေသဟာ
သုံးစွဲနိုင်ခွင့်ရှိသူ MPT သုံးစွဲသူ အားလုံး GSM/ WCDMA သုံးစွဲသူများ
မှတ်ပုံတင်နည်း Default tariff
Prepaid သုံးစွဲသူအတွက် “SWE” ဟု ရိုက်ပါ။
(သို့မဟုတ်) Postpaid သုံးစွဲသူအတွက်
"POSTSWE" ဟု ရိုက်ပါ။ ထို့နောက် ၁၃၃၂
သို့ SMS ပို့ပါ။ (မူလ ဈေးနှုန်းမှ ဆွေသဟာသို့
ပြောင်းသုံးခြင်း)
ဖုန်းခေါ်ဆိုခနှုန်း တစ်မိနစ် ၅၀ ကျပ် အသုံး မများချိန်
(၂၃း၀၀-၀၇း၀၀) တွင် တစ်မိနစ်
၂၅ ကျပ် အရောင်းမြှင့် အစီအစဉ် နှစ်သက်ရာ
MPT နံပါတ်(၃) ခုအတွက် တစ်မိနစ်
လျှင် ၂၅ ကျပ် နှုန်းဖြင့် ရက်ပေါင်း
(၃၀)
SMS ပို့ခနှုန်း တစ်စောင် ၂၅ ကျပ် တစ်စောင်လျှင် ၂၅ ကျပ်
အင်တာနက်သုံးခနှုန်း
အင်တာနက်ဖွင့်ခ ၁၀၀၀၀ ကျပ်
အင်တာနက်မြန်နှုန်း 256kbps for 3G and 128Kbps for 2G SIM cards.
အင်တာနက် လျှောက်ထားခြင်း အခမဲ့
မြန်နှုန်းမြင့်အင်တာနက် (42Mbps ထိ)
အရောင်းမြှင့်အစီအစဉ် မှတ်ပုံတင်ပြီးသည့် နေ့မှစ၍ ရက် (၃၀) အတွင်း 50MB အပိုဆောင်း ပေးခြင်း
Mizzima
မြန်မာ့ဆက်သွယ်ရေး အော်ပရေဒါတစ်ခုဖြစ်သော MPTမှ ဖုန်းခေါ်ဆိုခ ဈေးနှုန်း လျော့ခြင်းအတွက် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Park Royal Hotel တွင် ဇန်နဝါရီလ ၉ရက်နေ့က ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
Posted via Blogaway
Friday, January 9, 2015
" မြန်မာ့ ဆက်သွယ်ရေး ဒုံရင်းအတိုင်း အမြတ်ထုတ်နေဆဲ "
Labels:
သရော်စာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment