Sunday, May 31, 2015

"ကမ္ဘာကျော်မင်းသမီး မီရှဲယိုးကို မိတ်ကပ်လိမ်းခြယ်ခွင့်ရခဲ့တဲ့ မြန်မာမိတ်ကပ်ဖန်တီးရှင် ယျာယျာ"


"ကမ္ဘာကျော်မင်းသမီး မီရှဲယိုးကို မိတ်ကပ်လိမ်းခြယ်ခွင့်ရခဲ့တဲ့ မြန်မာမိတ်ကပ်ဖန်တီးရှင် ယျာယျာ"

အမှတ်တရ နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော် တက်ရောက်ရန် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး မီရှဲယိုးအား မိတ်ကပ်နှင့် ဆံပင်အပြင်အဆင်ကို လိမ်းခြယ်ဖန်တီးခွင့် ရခဲ့ကြောင်း မိတ်ကပ်ဖန်တီးရှင် ယျာယျာက ပြောသည်။

‘‘သင်္ကြန်ပြီးကတည်းက မိတ်ကပ်လိမ်းပေးဖို့ သူငယ်ချင်းတစ်ယောက်က ကြိုပြောထားခဲ့တယ်။ ဒါပေမဲ့ ဘယ်သူ့ကိုလိမ်းရမယ်ဆိုတာလည်း မသိထားဘူး။ အနားနီးမှ မင်းသမီးမီရှဲယိုးမှန်း သိခဲ့တာ’’ ဟု အလှဖန်တီးရှင် ယျာယျာက ပြောသည်။

မြန်မာနိုင်ငံမှ မင်းသမီးများ၊ မော်ဒယ်များကို မိတ်ကပ်လိမ်းခြယ်ပေးရာတွင် အခက်အခဲမရှိ အပြောင်းအလဲသစ်များနှင့် လိမ်းခြယ်ပေးနိုင်သော်လည်း ကမ္ဘာကျော်မင်းသမီး မီရှဲယိုးအား ၎င်း ကြိုက်နှစ်သက်သည့် မိတ်ကပ်လိမ်းခြယ်ခြင်း ပုံစံအတိုင်းသာ ဖန်တီးပေးခဲ့ရသည်ဟု ယျာယျာက ပြောသည်။

‘‘ဒီကလူတွေကို လိမ်းပေးရတာ ပြဿနာမရှိဘူး။ အပြောင်းအလဲသစ်လေး လိမ်းပေးလိုက်ရင်လည်း ကြိုက်ကြတယ်။ အခုကတော့ သူ့အကြိုက် မိတ်ကပ် ထသွားထလာ ပုံစံကိုပဲလိမ်းပေးဖြစ်တယ်။ ကမ္ဘာကျော်မင်း သမီးတစ်ယောက်လည်းဖြစ်တော့    အပြောင်းအလဲလုပ်ပေးလို့မရဘူး’’ ဟု ၎င်းက ပြောကြားသည်။

မေလ ၂၉ ရက်က ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံတွင် ကျင်းပသည့် နိုင်ငံတကာရုပ်ရှင်ပွဲတော်သို့ တက်ရောက်သည့် မင်းသမီး မီရှဲယိုးအား အရောင်နုနုများသုံး၍ မိတ်ကပ်ပါးပါးလေးသာ လိမ်းပေးဖြစ်ပြီး နှာတံဖော်ခြင်းနှင့် မျက်လုံးအောက်နား လိုင်နာအမည်းဆိုးခြင်းတို့ကို မင်းသမီး မီရှဲယိုးက ကြိုက်နှစ်သက်ခြင်းမရှိ ဟု ယျာယျာက ဆက်လက်ပြော ကြားသည်။

‘‘သူ့စိတ်တိုင်းကျလေး မိတ်ကပ်ပြင်ဆင်ပေးဖြစ်တော့ သူနဲ့ ဓာတ်ပုံအတူတူတွဲရိုက်ပြီး သဘောကျတယ်ဆိုတဲ့ပုံစံလေးနဲ့လည်း အသိအမှတ်ပြုခံရတယ်။ ကမ္ဘာကျော် မင်းသမီးတစ်ယောက်ကို မိတ်ကပ်ပြင်ခွင့်ရလို့လည်း အရမ်းပျော်တယ်’’ ဟု ယျာယျာက ပြောကြားသည်။

ထို့အပြင် မေလ ၃၁ ရက်က လည်း Savoy ဟိုတယ်တွင် တည်းခိုနေသော မီရှဲယိုးထံသို့ ဒုတိယအကြိမ် ထပ်မံသွားရောက် လိမ်းခြယ်ပေးခဲ့ရကြောင်း သိရသည်။

မိတ်ကပ်ဖန်တီးရှင် ယျာယျာသည် ပြည်တွင်းတွင် မော်ဒယ်သရုပ်ဆောင် သီရိရှင်းသန့် အပါအဝင် အနုပညာရှင်အချို့အတွက် ပင်တိုင် မိတ်ကပ်ဖန်တီးရှင်အဖြစ် တာဝန်ယူထားပြီး လက်ရှိတွင် မိတ်ကပ်ခင်စန်းဝင်းထံ ၌   မင်္ဂလာဆောင်သည့်  သတို့သမီးများအား မိတ်ကပ် ပြင်ဆင်ပေးလျက်ရှိသည်။

ဖြူဖွေးသန့်

Credit: 7day daily

" သုံးရာသီ "


" သုံးရာသီ "

နဂိုမျက်နှာထားကိုက ပြုံးရွှင်နေတဲ့ ယာဉ်ထိန်းရဲတစ်ယောက် (၂၆x၈၀) လမ်းထောင့်က မီးပွိုင့်မှာ အလုပ်လုပ်နေတယ်။ မန္တလေးမြို့ရဲ့ မေလ၊ နေ့ခင်း (၁၂း၃၀) အချိန် ရာသီဥတုက ကျဲကျဲတောက်ပူလောင်နေတယ်။ အမိုးအကာအောက်မှာ နေထိုင်ရတဲ့သူတွေအတွက် သိပ်မသိသာလှပေမယ့် မိုးကောင်းကင် ဟင်းလင်းပြင်အောက်၊ လမ်းမတစ်ခုထက် ရောက်နေတဲ့ ကျွန်တော့်အဖို့တော့ သူ့ကိုစောင့်ကြည့်နေရတဲ့ (၁၅) မိနစ်လောက် အချိန်ကလေးမှာတောင် သက်သောင့်သက်သာ မရှိခဲ့ဘူး။

သူကတော့ အပူဒဏ်ကို မမှုတဲ့ဟန်နဲ့ လမ်းမအလယ်မှာ လက်ကလေးပြလိုက်၊ ၀စီမှုတ်လိုက်နဲ့ အပြုံးမပျက် ၀န်ဆောင်မှုပေးနေတယ်။
“ရဲလင်းတယောမှ သုံးရာသီ”
“ရဲလင်း (၅) ဘက်ကို (၃၅)”
သူ့ခါးကြားမှာချိတ်ထားတဲ့ စကားပြောစက်က စကားဝှက်အသံတချို့ထွက်ပေါ်လာတယ်။ “သုံးရာသီ” ဆိုတာက သူ့ရဲ့ စက်အမည်။ ကိုယ်ပိုင်အမှတ် လ-၁၇၉၀၀၉ ၊ ယာဉ်ထိန်းကုတ်နံပါတ် ၃၄၃၅၊ တပ်ကြပ်ကြီး သန့်ဇော်မင်း ဆိုတဲ့ သူရဲ့ အမည်နာမထက် မန္တလေးသားတွေ သိကြတာက “သုံးရာသီ” “အပြုံးလှပိုင်ရှင်” “Ever Smile” ဆိုတဲ့ နာမည်တွေပါ။
မန္တလေးမြို့၊ (၂၆ x ၈၀)မီးပွိုင့်၊ လမ်း (၃၀ x ၇၃) မင်္ဂလာဈေး မီးပွိုင့်၊ (၆၂ x ၆၆) လမ်း ဆီဒိုးနားထောင့် မီးပွိုင့်၊ (၂၆ x ၇၈) လမ်း မီးပွိုင့်နဲ့ ဈေးချိုတစ်လျှောက် လမ်းမတွေပေါ်မှာ သူ့ကို တွေ့နိုင်တယ်။ တွေ့တိုင်းလည်း ပြုံးပြုံးရွှင်ရွှင်၊ ရယ်ရယ်မောမော ရှိနေစမြဲ။ လက်ပြရင်း၊ ၀စီမှုတ်ရင်း လမ်းရှင်းတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ လမ်းဖြတ်ကူးဖို့ကူညီတယ်။ မတော်တဆမှု တစ်စုံတစ်ရာဖြစ်လာရင်လည်း ဖေးဖေးမမရှိတယ်။ ဒီတော့ သူနဲ့ကြုံတွေ့ဖူးတဲ့ လူတော်တော်များများက မတော်တဆ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ရင်တောင် ရောက်လာတဲ့ယာဉ်ထိန်းရဲကို သူပဲ ဖြစ်နေစေချင်ကြတာ တွေ့ရတယ်။

ရန်ကုန်မြို့၊ ဓမ္မစေတီလမ်းနဲ့လင့်လမ်းဆုံက ယာဉ်ထိန်းရဲတပ်ကြပ်ကြီး ခင်မြင့်မောင်က တာဝန်ဝတ္တရားကျေပွန်မှု၊ ပျူငှာစွာဝန်ဆောင်မှုတွေကြောင့် ပြည်သူချစ်တဲ့ ယာဉ်ထိန်းရဲတစ်ယောက်အဖြစ် ပြည်သူကြားမှာ နာမည်ကောင်းတစ်ခုရခဲ့သလို မန္တလေးမြို့က တပ်ကြပ်ကြီး သန့်ဇော်မင်းကလည်း ရွှေမန်းသူ၊ ရွှေမန်းသားတွေအတွက် ဂုဏ်ယူစရာ ဖြစ်လာခဲ့တယ်။ ဒါကြောင့် မန္တလေးမြို့မှာ ယာဉ်ထိန်းရဲအဖြစ် သူတာဝန်ကျတဲ့ (၂) နှစ်လောက် ကာလကလေးအတွင်းမှာပဲ “အပြုံးလှပိုင်ရှင်” အဖြစ်၊ “Ever Smile” အဖြစ် လူသိများလာခဲ့တယ်။
“(၂၆ x ၈၀) နဲ့ ဈေးချိုနာရီစင် မီးပွိုင့်က အရှုပ်ဆုံးနဲ့ အလုပ်အများဆုံးပဲ။ ထမင်းကို မစားရဘူးရယ်။ (၂၆) လမ်းပေါ်ရှင်းလိုက်၊ လမ်း (၈၀) ပေါ်ရှင်းလိုက်နဲ့၊ ဟိုလျောက်၊ သည်လျောက် တစ်နေကို ကုန်ရော” လို့ တပ်ကြပ်ကြီး သန့်ဇော်မင်းက သူ့ရဲ့ မူပိုင်အပြုံးမျက်နှာနဲ့ ကျွန်တော့်ကိုပြောပြတယ်။
မန္တလေးမြို့က ယာဉ်ထိန်းရဲတွေဟာ အလှည့်ကျစနစ်နဲ့ တစ်နေ့တစ်နေရာစီ လှည့်လည် တာဝန်ထမ်းဆောင်ကြရတာပါ။ မီးပွိုင့်တွေ၊ လမ်းဆုံတွေမှာ ယာဉ်ကြောရှင်းလင်းရေးအပြင် ပညာပေးဟောပြောပွဲနဲ့ စည်းကမ်းထိန်းသိမ်းရေး တာဝန်တွေလည်း ရှိကြတယ်။ မီးပွိုင့်စနစ်ရှိတဲ့လမ်းဆုံတွေမှာ တာဝန်ကျတဲ့ နေ့ရက်တွေဆို လူသက်သာပေမယ့် မီးပွိုင့်စနစ်မရှိတဲ့နေရာ၊ မီးပွိုင့်စနစ်ရှိပေမယ့် မနိုင်မနင်းဖြစ်လာလို့ ပွိုင့်ကိုပိတ်ပြီး ကိုယ်တိုင် အချက်ပြရတဲ့အခါမျိုးတွေမှာ တစ်နေကုန်နီးပါး လမ်းမပေါ်မှာ အလုပ်ရှုပ်ကြရတာတွေ့ရတယ်။
“ခုလို ပူအိုက်နေတဲ့ရာသီမျိုးမှာ ဒီဝတ်စုံကြီးနဲ့ အကြာကြီး နေပူထဲနေရတာ တကယ်တော့ ဘယ်ခံနိုင်မလဲဗျာ။ ဒါပေမဲ့ ၀ါသနာပါတော့လည်း လမ်းပေါ်ရောက်တာနဲ့ အဲဒါတွေက ပျောက်သွားတာပါပဲ။ ယာဉ်ကြောတွေ ကျပ်နေတာမြင်လိုက်ရရင် စိတ်ထဲတမျိုးဖြစ်တာပေါ့။ သွားရ၊ လာရ အဆင်ပြေအောင် လုပ်ပေးချင်တာပဲ။ လမ်းရှင်းနေတဲ့အချိန် ကျန်တာဘာမှကိုမရှိဘူး။ အန္တရာယ်ကင်းဖို့၊ လမ်းရှင်းဖို့ပဲ စိတ်ထဲရှိတော့တယ်” လို့ သူက ပြောတယ်။

သူခဏနားတဲ့အချိန် လမ်းဆုံက ယာဉ်ထိန်းရဲရုံးလေးမှာ အချိန်အတော်ကြာအောင် စကားတွေပြောဖြစ်တယ်။ မီးပွိုင့်က အချက်ပြမီးတွေနဲ့ ဆက်သွယ်ထားတဲ့ ကိရိယာတွေရယ်၊ စကားပြော ဆက်သွယ်ရေးစက်တွေရယ်၊ သောက်စရာ ရေဗူးအချို့ရယ်၊ ကျောပိုးအိတ်နဲ့ အသုံးအဆောင်အချို့ရယ်ကလွဲပြီး ဘာမှမရှိတဲ့ အဲဒီအခန်းလေးထဲမှာ ၀ါးကုလားထိုင်လေးတွေပေါ်ထိုင်ပြီး စကားပြောရင်း သူ့ဘ၀အကြောင်း တတ်နိုင်သလောက် ထိတွေ့ဖို့ကြိုးစားမိတယ်။

သူ့အနေနဲ့ကတော့ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ဇာတိ၊ ၀န်ထမ်းမိဘကမွေးဖွားလာတဲ့ မွေးချင်း (၄) ယောက်ထဲက ဒုတိယမြောက်သားတစ်ယောက် ဖြစ်တယ်ဆိုတာကလွဲလို့ သူ့ရဲ့ ငယ်ဘ၀အကြောင်းကို ထူးထူးခြားခြား ပြောပြစရာမရှိခဲ့။ သူ (၁၀) တန်းကျောင်းသားဘ၀မှာ ၀န်ထမ်းတွေရဲ့သဘာဝအတိုင်း မိဘတွေက ရွှေဘိုမြို့ကို ပြောင်းလာတော့ သူလည်း ရွှေဘိုမြို့ရောက်လာတယ်။ ရွှေဘို အ.ထ.က (၂) ကနေ (၁၀) တန်းအောင်ခဲ့တယ်။ မြန်မာစာ အဓိကနဲ့ အဝေးသင်တက္ကသိုလ်တက်နေရင်း ဒုတိယနှစ်မှာ ရဲတပ်ဖွဲ့ထဲဝင်ခဲ့တယ်။ ရဲတပ်ဖွဲ့ထဲဝင်ရတဲ့ ရည်ရွယ်ချက်ကတော့ ခပ်ရှင်းရှင်းပါပဲ။
“ ရွှေဘိုမှာနေရင်း မန္တလေးကအဒေါ်အိမ်လာရင်း လမ်းပေါ်မှာ ယာဉ်ထိန်းရဲမြင်တော့ သဘောကျတယ်ဗျ။ လက်ပြရတာသဘောကျတယ်။ ရဲထဲဝင်မှ ယာဉ်ထိန်းရဲဖြစ်တာဆိုတော့ ရဲထဲဝင်လိုက်တာပဲ” တဲ့။

ဒါပေမဲ့ သူစိတ်ကူးယဉ်ခဲ့ရတဲ့ ယာဉ်ထိန်းရဲဘ၀ကို လက်တွေ့မှာတော့ ရဲတပ်ဖွဲ့ထဲဝင်ပြီး (၁၇) နှစ်လောက် ကြာတဲ့အခါမှ ရခဲ့တယ်။ တောင်လေးလုံးရဲလေ့ကျင့်ရေး သင်တန်းကျောင်းမှာ သင်တန်းတက်ခဲ့ပြီးတဲ့နောက် ရွှေဘိုမြို့မှာ တာဝန်ကျတယ်။ နယ်ထိန်းအဖြစ် (၁၁) နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပြီးတဲ့နောက်မှာတော့ မန္တလေး၊ ရွှေစာရံ ရဲတပ်ရင်း (၄) မှာ ပြောင်းရွှေ့ တာဝန်ထမ်းတယ်။ အဲဒီမှာ (၆) နှစ် တာဝန် ထမ်းဆောင်ပြီးတဲ့နောက်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ထဲ ရောက်လာခဲ့တယ်။

ယာဉ်ထိန်းရဲအဖြစ် လက်ရှိ တာဝန်ကျနေတာ (၂) နှစ်လောက်ပဲရှိသေးပေမယ့် သူတကယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်ရတဲ့ အဲဒီ (၂) နှစ်တာကာလက သူ့အတွက် စိတ်ကျေနပ်စရာကောင်းမယ်ဆိုတာ သေချာခဲ့သလို အစိုးရ၀န်ထမ်းတွေအနေနဲ့ ရဖို့မလွယ်ကူတဲ့ ပြည်သူကပေးတဲ့အချစ်တော်ဆု ရခဲ့တယ်ဆိုတာကလည်း အခုအမည်တွင်နေတဲ့ “အပြုံးလှပိုင်ရှင်” တို့၊ “Ever Smile” တို့ ဆိုတဲ့ နာမည်တွေက သက်သေပြနေတယ်။“

အလုပ်လုပ်တာကိုသဘောကျလို့ ဒီနာမည် ရတယ်ထင်ပါတယ်ဗျာ။ ဒီလိုကြီးဖြစ်လာစေချင်တာ၊ နာမည်ကြီးချင်တာမျိုးတော့ စိတ်ကူးထဲမရှိဘူး။ အဲလိုဖြစ်လာရင်လည်း နေရထိုင်ရတာ ကျဉ်းကျပ်လာမှာလေ။ လမ်းပေါ်ရောက်လာရင် ယာဉ်ကြောရှင်းတဲ့ ရဲတစ်ယောက်လို့ပဲ စိတ်ထဲရှိတော့တယ်။ ရဲဘော်တွေ၊ တပ်ကြပ်တွေ၊ အရာရှိတွေဆိုတဲ့စိတ်က ရှိကိုမရှိတာ” လို့ တပ်ကြပ်ကြီးက ဆိုတယ်။

သူက ၂၀၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ထဲ ရောက်လာတယ်။ သူ့ရဲ့ တာဝန်သိသိ၊ စေတနာပါပါ လုပ်ဆောင်ချက်တွေကြောင့် အချိန်တိုတိုအတွင်းမှာပဲ ရဲချုပ်ကပေးတဲ့ ၀န်ထမ်းကောင်းလက်မှတ်ကို ၂၀၁၄ ခုနှစ်မှာ ရခဲ့တယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးကပေးတဲ့ ထူးချွန်ဆုကိုလည်း ရခဲ့တယ်။
ရဲတပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့တော့ ရဲချုပ်ကပေးတဲ့ ၀န်ထမ်းကောင်းလက်မှတ်ဟာ သူ့အတွက် အမြင့်ဆုံး၊ ကျေနပ်စရာအကောင်းဆုံး ဆုတစ်ဆု ဖြစ်ခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ မန္တလေးသတင်းပုံရိပ်အဖွဲ့နဲ့ လောကပါလ လူမှုကူညီရေးအသင်းကပေးတဲ့ “အပြုံးအလှပိုင်ရှင်” ဆုကတော့ ပြည်သူကပေးတဲ့ ဆုဖြစ်တာကြောင့် အစိုးရ၀န်ထမ်းတိုင်းမရနိုင်တဲ့၊ တန်ဖိုးကြီးတဲ့ဆုတစ်ခုလို့ ကျွန်တော် ယုံကြည်လိုက်တယ်။

ပြည်သူက အသိအမှတ်ပြုတဲ့ ဆုလာဘ်အဖြစ် သူတာဝန်ကျရာ လမ်းပေါ်မှာ သူ့ကိုရေလာတိုက်သူ၊ အစားအသောက်ကျွေးသူတွေ မရှားပါးလှဘူး။ သူ့အတွက် အ၀တ်အထည်၊ သေတ္တာ၊ အိတ် စတဲ့ အသုံးအဆောင်ပစ္စည်းတွေလည်းပေးကြတာလည်းများတယ်။ ကားကိုရပ်ပြီး သဘောကျလို့ဆိုပြီး ပေးသွားတဲ့စာအိတ်တွေအထဲမှာ နှစ်သိန်း၊ တစ်သိန်း၊ ငါးသောင်းဆိုတဲ့ ပမာဏရှိတဲ့ ငွေကြေးတွေလည်း ပါခဲ့တယ်။

တပ်ကြပ်ကြီး သန့်ဇော်မင်းက “ကျွန်တော့်အတွက်ကတော့ ပြည်သူနဲ့အဆင်ပြေတယ်။ တသားတည်းပဲ။ မိုက်မိုက်ရိုင်းရိုင်းဆက်ဆံခံရတာ မရှိပါဘူး။ ဟိုနေ့က ရုံးသွားတော့ လမ်းပိတ်နေတာ။ ဆိုင်ကယ်ရပ်၊ အကျီလေးကဗျာကယာလဲ၊ လမ်းပေါ်ပြေးတက်ပြီး ရှင်းပေးမိတယ်။ ဦးထုပ်ဆောင်းဖို့တောင် မေ့နေတာ။ လူတွေက ကျွန်တော့်ကို ဦးထုပ်လာပေးတယ်။ ဆိုင်ကယ်ကြည့်ပေးတယ်။ ကူညီကြတယ်။ မကောင်းမြင်ရင် ယူနီဖောင်းအပြည့်အစုံမ၀တ်ဘူး ပြောကြမှာပေါ့။ သော့တန်းလန်းထားခဲ့တဲ့ ကျွန်တော့် ဆိုင်ကယ်တောင် ကြည့်ပေးကြတယ်။ ကျွန်တော့်အတွက်ကတော့ ဘယ်နေရာမှာပဲ လမ်းရှင်းရှင်း၊ သဟဇာတဖြစ်ပါတယ်” လို့ ဆိုတယ်။
ယာဉ်ထိန်းရဲတပ်ဖွဲ့မှာ သူပျော်ရွှင်နေပေမယ့် နယ်ထိန်းရဲတပ်ဖွဲ့မှာ တာဝန်ကျစဉ်ကလည်း တာဝန်ကျေအောင်ဆောင်ရွက်ခဲ့တာပါပဲလို့ သူကဆိုတယ်။ ရွှေဘိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတစ်ခုမှာ သူကနယ်ထိန်းတာဝန်နဲ့ စုံစမ်းဖော်ထုတ်နေတုန်း ရွှေစာရံ၊ တပ်ရင်း (၄) ကို ပြောင်းရွှေ့ခဲ့ရတဲ့အခါ မပြီးပြတ်သေးတဲ့အမှုအတွက် တစ်ဖက်တစ်လမ်းက စုံစမ်းရင်း (၄) နှစ်နေမှ အမှုမှန်ပေါ်ခဲ့ရတာကတော့ သူ့အတွက် မှတ်မှတ်ရရ ရှိနေခဲ့တယ်။

“တော်တော်လေး မခံမရပ်နိုင်ဖြစ်လို့ တပ်ရင်း (၄) ကနေ ခွင့်နဲ့ပြန်တယ်။ ပြန်တာနဲ့ အဲဒီအမှုပဲလိုက်နေတာ။ အမှန်တော့ ကျွန်တော်က တအားလိုက်လုပ်လို့မရတော့ဘူး။ အဲဒီအမှုက စီအိုင်ဒီက ရဲအုပ်လှဟန်နဲ့၊ ရဲတပ်သား အောင်ဇော်လင်းတို့ ကိုင်တာပေါ့။ ကျွန်တော်က သူတို့ကိုကူပြီး တတ်နိုင်သလောက် ဒီဘက်က စုံစမ်းတာ။ (၄) နှစ်တိတိကြာမှပေါ်တယ်။ အဲဒါကတေ့ မှတ်မှတ်ရရပဲ” လို့ သူက ဆိုတယ်။

သူ့ရဲ့မိသားစုဘ၀၊ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော်မေးတဲ့မေးခွန်းတွေအများစုကိုတော့ သူက ဖြေလိုဟန်မရှိပါဘူး။ ပုဂ္ဂိုလ်ရေး ထင်ပေါ်ကျော်ကြားမှုအတွက်လည်း သူအသားမပေးချင်ဘူး။ ပြောသမျှစကားလုံးတွေ၊ ဖြေသမျှအဖြေတွေရဲ့အဆုံးသတ်မှာ “ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေအကြောင်း၊ ကျွန်တော့်တာဝန်နဲ့ပတ်သက်တာပဲ ရေးပါဗျာ” ဆိုတဲ့ စကားက ပါပါလာတတ်တယ်။ သူ့ရဲ့အမြင်တွေ၊ သူရဲ့ဝေဖန်ချက်တွေကို ရယူမယ့်အစား သူ့ကိုစောင့်ကြည့်ပြီးတော့ ဝေဖန်တာမျိုးကိုခံချင်တယ်။ အမှန်တကယ် အလုပ်လုပ်၊ မလုပ်စောင့်ကြည့်ပြီး အမှားအမှန်ကို ဝေဖန်ထောက်ပြစေချင်တယ်။
“ကျွန်တော့်ကိုသိတာမဟုတ်ဘူး။ ကျွန်တော့်အလုပ်ကို သိတာ။ သန့်ဇော်မင်းကို လက်ခံတာမဟုတ်ဘူး။ ကျွန်တော့်ယူနီဖောင်းနဲ့ အလုပ်လုပ်တာကို လက်ခံကြတာဗျ” လို့သူက ပြတ်ပြတ်သားသားပဲ ဆိုတယ်။

သူ့ရဲ့ ပုဂ္ဂိုလ်ရေးတည်ဆောက်မှုထက် ယာဉ်ထိန်းရဲတပ်ဖွဲ့တစ်ခုလုံးရဲ့ ဂုဏ်ကို တည်ဆောက်ချင်တဲ့စိတ်၊ တပ်ဖွဲ့အပေါ် လေးစားတဲ့စိတ်ရှိတာ သူ့ရဲ့စကားတွေထဲမှာ ပိုပိုပြီးမြင်သာလာရတယ်။ ဒါပေမဲ့ ကျွန်တော်က
“ပြည်သူတွေဆိုတာကလည်း အခုအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းကိုတော့ အားလုံးက လေးစားကြည်ညိုကြတာချည်းပဲ။ ဒါပေမဲ့ ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ တပ်မတော်ကိုတော့ အားလုံးရဲ့ရင်ထဲမှာ ကြည်ညိုမှုရှိတယ်လို့ မပြောနိုင်ဘူးလေဗျာ။ အခုလည်း အဲဒီလို သဘောမရှိနိုင်ဘူးလား” လို့ သူ့ကို တုံ့ပြန်ပြီး မေးခွန်းထုတ်မိတဲ့အခါ သူက ထုံးစံအတိုင်းပြုံးတယ်။ ဒီလိုနဲ့ ရဲနဲ့ပြည်သူ့ကြားက ဆက်ဆံရေး အဖုအထစ်လေးတွေအကြောင်း ကျွန်တော်တို့ ဆက်ပြီး ပြောဖြစ်ကြတယ်။
“စိတ်မကောင်းတော့ဖြစ်မိတာပေါ့။ ကိုယ်တိုင်ခံစားကြည့်မိမှ သိမယ်လို့လည်း မပြောချင်ဘူး။ အဲဒီစကားက မသုံးသင့်တဲ့စကားပဲ။ အခုနောက်ပိုင်း ဖေ့စ်ဘုတ်မှာ ပုံတွေနဲ့ တက်လာတယ်။ ပြောဆိုခံရတယ်။ ကိုယ့်တပ်ဖွဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ တကယ်တော့ အဲဒီလို တက်လာတာတွေ မမြင်ချင်ဘူးဗျာ။ အများနဲ့ လုပ်ရတာဆိုတော့လည်း။ ဒါပေမဲ့ ကောင်းတာလုပ်ပြီး ကောင်းတာပြောခံရတာတွေလည်း ရှိပါတယ်” လို့ သူက ခပ်ဝေးဝေးကို ငေးကြည့်ရင်း ဆိုတယ်။
သူ့ရဲ့လှုပ်ရှားမှုပုံရိပ်တွေကို စောင့်ကြည့်၊ ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီး ကျွန်တော်ပြန်လာတဲ့အခါ မန္တလေးနေက ခြစ်ခြစ်တောက်ပူနေဆဲ။ တပ်ကြပ်ကြီး သန့်ဇော်မင်းကလည်း ပွိုင့်အလယ်မှာ သူ့အလုပ်ကိုသူ ဆက်လုပ်ဆဲ။ မီးပွိုင့်စနစ်ရှိတဲ့ အဲဒီမီးပွိုင့်မှာတောင် သူ့ရဲ့ အပြုံးလှပိုင်ရှင်ဆိုတဲ့ဘွဲ့ကို ဆက်လက်ထိန်းသိမ်းရင်း၊ လက်အချက်ပြရင်း ခရီးသွားပြည်သူတွေကို ဝန်ဆောင်မှုပေးနေဆဲ။ ရုံးကိုပြန်ဖို့ ဆိုင်ကယ်ရှိရာအလာ ယာဉ်ထိန်းရဲရုံကလေးထဲက သူ့မိတ်ဆွေတစ်ယောက်ရဲ့ ကရုဏာဒေါသနဲ့ စကားသံက နောက်ကျောဘက်ဆီက ပျံ့လွင့်လာတယ်။

“ဟေ့ရောင်။ လာနားဦး။ နေပူထဲတောက်လျောက်ကြီး ဆင်းနေတယ်။ မင်းတော့ သေမှာပဲ” တဲ့။


ဇော်နောင်လင်း

"ချစ်သူကိုသာ စွန့်မည်၊ ဖုန်းကိုတော့ မစွန့်နိုင်"


"ချစ်သူကိုသာ စွန့်မည်၊ ဖုန်းကိုတော့ မစွန့်နိုင်"

ဗြိတိန်နိုင်ငံသား သုံးပုံတစ်ပုံသည် ချစ်သူနှင့် မိုဘိုင်းဖုန်းတို့အနက် တစ်ခုခုကို ရွေးချယ်ရမည်ဆိုပါက မိုဘိုင်းဖုန်းကိုသာ ရွေးချယ်ကြမည်ဖြစ်ကြောင်း စစ်တမ်းတစ်ခုအရ သိရသည်။

ကာစီနို Leo Vegas.com  အတွက် လူ (၁၀၀၀) ကို စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။ စစ်တမ်း ဖြေဆိုသူများအား ငွေ ဘယ်ရွေ့ဘယ်မျှ ရမည်ဆိုလျှင် စမတ်ဖုန်းကို တစ်နှစ်မသုံးဘဲ နေမည်နည်း ဆိုသည့်မေးခွန်းကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ဖုန်းအသုံးပြုသူ အများစုသည် ၎င်းတို့၏ မိုဘိုင်းဖုန်းများကို တစ်နှစ်ကြာ အသုံးမပြုဘဲ မနေနိုင်ကြောင်း ပြောဆိုခဲ့သည်။ ပေါင် (၅၀၀၀၀) ရလျှင်တောင် ဖုန်းကို မစွန့်ပစ်ပါဟု စစ်တမ်းဖြေဆိုသူ (၃၄) ရာခိုင်နှုန်းက ပြောဆိုခဲ့သည်။ (၇) ရာခိုင်နှုန်းက ပေါင်တစ်သန်းရမှ သာလျှင် ဖုန်းကို တစ်နှစ် အသုံးမပြုဘဲနေ ပေးမည်ဟု ပြောဆိုခဲ့သည်။

ထို့ပြင် ငွေဘယ်ရွေ့ဘယ်မျှ ရမည်ဆိုလျှင် ချစ်သူကို တစ်နှစ် စွန့်ပစ်ထားရမည် ဖြစ်ပြီး တစ်နှစ် ပြည့်လျှင်လည်း ၎င်းချစ်သူကို ပြန်ရနိုင်ဖွယ်မရှိသည့် အခြေအနေကို လက်ခံပေးမည်နည်းဟု မေးမြန်းပြန်ရာ (၁၄) ရာခိုင်နှုန်းက ပေါင် (၅၀၀) ပေးလျှင်ပင် လက်ခံမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

လူလူငြိမ်း

Credit: messenger

"ဘယ်တော့မှ လက်မလွှတ်ချင်ဘူး"


"ဘယ်တော့မှ လက်မလွှတ်ချင်ဘူး"

ချစ်ရတာ လွယ်သလောက် ပေါင်းဖက်ဖို့ရာ ခက်တယ်……

အချင်းချင်းချစ်နေချိန်မှာ သက်ဆုံးတိုင်ချစ်ကြရဖို့ လူအများမျှော်လင့်တတ်ကြတယ်…… ဒါပေမယ့် အချစ်တော်တော်များများက လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ကြရတယ်……

နှစ်ယောက်အတူ ချစ်နေချိန်ဟာ ကော်နဲ့ကပ်ထားသလို မခွဲမခွာကြပေမယ့်…… မင်္ဂလာခန်းမအထိ လျှောက်လှမ်းနိုင်သူတွေ နည်းတယ်……

တကယ်ချစ်ကြရင်၊ အတူပေါင်းဖက်ဖို့ ရည်ရွယ်ထားရင်… တစ်ယောက်ကိုတစ်ယောက် ချစ်ဖို့လိုအပ်တယ်… တစ်ယောက်ကိုတစ်ယောက် အနစ်နာခံဖို့ လိုအပ်တယ်… တစ်ယောက်ကိုတစ်ယောက် ပေးဆပ်နိုင်ဖို့ လိုအပ်တယ်… တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ လိုအပ်တယ်… ဒီသံယောဇဉ်ကို နှစ်ယောက်အတူ ကြိုးစားထိန်းသိမ်းရတယ်……

အချစ်က အရမ်းကြွပ်ဆတ်ပါတယ်… ကျိုးလွယ်၊ ပျက်လွယ်တယ်… တစ်ယောက်ယောက်က လက်လွတ်လိုက်တာနဲ့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားနိုင်ပါတယ်………


Credit: Lwan Lay

"သွေးမတိုးအောင် တရားထိုင်"


"သွေးမတိုးအောင် တရားထိုင်"

သွေးမတိုးအောင် တရားထိုင်သူတွေမှာ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနှုန်း နည်းပါးကြောင်း သက်သေပြလာနိုင်ပါပြီ။

အမေရိကန် သုတေသီများရဲ့ ၁၅ မိနစ် ကြာအောင် တစ်နေ့လျှင် ၂ ကြိမ်ဖြင့် ၄ လတိတိ ကြာအောင် တရားထိုင်ခဲ့သော ဆယ်ကျော်သက်များတွင် နှလုံးဘယ်ဘက် သွေးလွှတ်ခန်းမကြီး ကြွက်သားများ ပို၍သန်မာ သေးငယ်လာကြောင်း တွေ့ခဲ့ရပါသည်။

အီးစီဂျီ နှလုံးစမ်းသပ်စက် ရိုက်ကြည့်သည့်အခါ မှန်မှန်တရားထိုင်ခဲ့သည့် ဆယ်ကျော်သက်များတွင် နှလုံးသို့ အာရုံကြောစနစ် လှုပ်ရှားမှု နည်းပါးကျဆင်းစေတဲ့အပြင် စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းပမာဏ ပို၍နည်းပါးလာကြောင်း တွေ့ခဲ့ရပါသည်။

ထိုအချက်များက နှလုံးအပေါ် အလုပ်ပိမှု ပိုနည်းပါးစေပြီး သွေးဖိအားလည်း ကျလာစေသည့် ရလဒ်အကျိုးကျေးဇူး ရရှိစေပါသည်။


Credit : Health Digest

လက်ကိုင်ဖုန်းနှင့် tablet သုံးသူများ သတိထား"


လက်ကိုင်ဖုန်းနှင့် tablet သုံးသူများ သတိထား"


ညဘက်များတွင် လက်ကိုက်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာသုံးသူများ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အနှောင့်အယှက် ဖြစ်လာနိုင်ပါသည် ။

သင်သည် ညမအိပ်မီ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များသုံးလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာအဝေးတွင် ထားရှိပြီး အသုံးပြုသင့်ကြောင်းကို သုတေသီများကလည်း အကြံပြုထားပါသည် ။

ညဖက်တွင် အသုံးပြုနေသော အိုင်တီပစ္စည်းများ၏ မျက်နှာပြင်မှ အလင်းတန်းများကြောင့် ဖြစ်ပါတယ်။ မျက်စိ အမြင်အာရုံကို အယ်လ်အီးဒီမီးရောင် ရိုတ်ခတ်သဖြင့် လူကို အိပ်ပျော်စေသည့် မေလာနင် ဟိုမုန်းဓာတ်ကို ပျက်ပြယ်သွားစေပြီး အိပ်ချင်စိတ် ပျောက်သွားတက်ပါသည် ။

လူတစ်ယောက်သည် အိပ်ချင်စိတ် ပျောက်သွားခဲ့လျှင် မျက်စိကြောင်ခြင်းနှင့် အတူ အိပ်စက်ခြင်း မရတော့ပါ ။ထိုကဲ့သို့ အိပ်စက်ခြင်း ပျောက်လာသည့် ညအချိန်များစွာ ဖြစ်လာခဲ့လျှင် လူ့ကျန်းမာရေးကို ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်ပါသည်။

အိပ်ရေးပျက်လျှင် ရေရှည်တွင် အဝလွန်ရောဂါနှင့် ဆီးချို၊ နှလုံး၊ စိတ်ကျရောဂါများ အစ လူကြီးများတွင် လေဖြတ်ရောဂါအထိ ရရှိနိုင်ပါသည်။

ဒါကြောင့် သင်သည် မဖြစ်မနေ အိုင်တီပစ္စည်များကို ညပိုင်း အိပ်စက်ခြင်းမပြုမိ အသုံးပြုလေ့ရှိလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာအဝေးတွင် ထားရှိပြီး အသုံးပြုသင့်ကြောင့် တင်ပြရင်း အသက်ရာကျော် ရှည်ပါစေ။


Credit : Mg Mandalay

Saturday, May 30, 2015

"မြေးလေးနာမည်ကို ဆွဲကြိုးပုံစံ တက်တူးထိုးလိုက်တဲ့ ခင်လှိုင်"


"မြေးလေးနာမည်ကို ဆွဲကြိုးပုံစံ တက်တူးထိုးလိုက်တဲ့ ခင်လှိုင်"

တက်တူးဝါသနာရှင် တစ်ဦးဖြစ်သည့် ဟာသသရုပ်ဆောင် ခင်လှိုင်က မြေး၏ အမည်ကို ၎င်း၏လည်ပင်းတွင် ဆွဲကြိုးပုံစံဖြင့် တက်တူးထိုးခဲ့ကြောင်း ပြောသည်။

‘‘မြေးလေးရရင် ထိုးမယ်ဆိုပြီး လုပ်ထားတာ။ ယောက်ျားလေးမှန်း၊ မိန်းကလေးမှန်းလည်း မသိသေးဘူး။ နဂိုကတည်းက လည်ပင်းမှာ ဆွဲကြိုးလေးထိုးမယ်ဆိုပြီး စိတ်ကူးထားပြီးသား။ အရင်က နာမည်လည်းမရွေးရသေးလို့ မထိုးဖြစ်တာ’’ ဟု ခင်လှိုင်က ပြောသည်။

ခင်လှိုင်၏မြေဦးဖြစ်ပြီး ရွှေပိုးဝတ်မှုံလှိုင်ဟု ၎င်းကိုယ်တိုင် အမည်ပေးခြင်းဖြစ်ကာ နာမည်တစ်ခုလုံးကို ဆွဲကြိုးပုံစံတက်တူးထိုး၍ အိမ်နာမည် ရွှေပိုးကို လော့ကတ်နေရာတွင် ထိုးထားသည်ဟုဆိုသည်။

‘‘မိသားစုဝင်တွေရဲ့ နာမည်နဲ့ မွေးနေ့တွေကို ညာဘက်လက်ဖျံမှာ ထိုးထားတယ်။ အစ်ကို့အမျိုးသမီးမှာလည်း ထိုးထားတယ်။ တစ်ခါတလေ နယ်ရောက်နေရင် မွေးနေ့ဆုတောင်းလုပ်ဖို့ သူတို့ ခုနှစ်တွေကို မေ့လို့ မွေးနေ့တွေ အကုန်လုံးထိုးထားတာ’’ ဟု ခင်လှိုင်ကပြောသည်။

တက်တူးကို ငယ်စဉ်ကတည်းက ၀ါသနာပါခဲ့သော်လည်း မိဘများက မကြိုက်သောကြောင့် ကိုယ်တိုင် အိမ်ထောင်ဦးစီးဖြစ်သည့် အချိန်မှစတင်၍ တက်တူးထိုးခဲ့ခြင်းဖြစ်ပြီး တစ်ကိုယ်လုံးတွင် တက်တူးထိုးထားသည့်ပုံ ၄၀ ခန့် ရှိကြောင်း ၎င်းကဆိုသည်။

‘‘တက်တူးဆိုတာ လူတစ်ယောက်ရဲ့သေချာမှုပဲ။ ဆုံးဖြတ်ချက်မသေချာတဲ့ လူတွေက တက်တူးမထိုးသင့်ဘူး။ နောက်ပြီး တက်တူးကို ကိုယ်ပိုင်အရေပြားပေါ်က ကိုယ်ပိုင်ပန်းချီလို့ ယူဆတယ်’’ ဟု တက်တူးနှင့်ပတ်သက်၍ ခံစားချက်ကို ပြောကြားသည်။

တက်တူးနှင့်ပတ်သက်၍ နေမင်းနှင့် ဇာတ်ကားတစ်ကား ရိုက်ကူးခဲ့ရာ ပရိသတ်အားပေးမှု ရခဲ့သလို သားဖြစ်သူ ထက်ပိုင်ဦးနှင့်လည်း တက်တူးကားတစ်ကား ရိုက်ကူးထားကြောင်း ခင်လှိုင်က ပြောကြားသည်။

ဇွဲဉာဏ်

Credit: 7 Day Daily

"မနက်စာမစားပဲကျောင်းသွားတဲ့ ကလေးတွေ စာမလိုက်နိုင်ဖြစ်"


"မနက်စာမစားပဲကျောင်းသွားတဲ့ ကလေးတွေ စာမလိုက်နိုင်ဖြစ်"

သြစတြေးလျနိုင်ငံက ကလေးငယ်အများစုဟာ ဗိုက်ဆာစွာနဲ့ ကျောင်းသွားနေရတယ်လို့ သုတေသန အသစ်တစ်ခုအရ သိရပါတယ်။

အဲဒီလို မနက်စာ မစားပဲ ကျောင်းသွားတဲ့ ကလေးတွေဟာ နေ့စဉ် စာသင်ကြားမှုမှာ ၂ နာရီစာလောက် ဆုံးရှုံးလိုက်ရတယ်လို့ လေ့လာမှုတစ်ခုက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

တစ်ပတ်မှာ တစ်ရက်လောက်ပဲ မနက်စာမစားပဲ ကျောင်းသွားတဲ့ ကလေးတွေဟာ တစ်နှစ်စာမှာ သင်ကြားနိုင်မှုနှုန်း လျော့ကျနိုင်ပါသေးတယ်။ အကြောင်းအရင်းကတော့ ဗိုက်ဆာနေတဲ့ ကလေးငယ်တွေဟာ ဗိုက်ဆာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အာရုံစူးစိုက်မှု နည်းလာခြင်း၊ မောပန်းနွမ်းနယ်ခြင်းနဲ့ အမူအကျင့်ဆိုင်ရာ ပြသနာတွေကို ကြုံတွေ့လာရနိုင်ပါတယ်။

ကျောင်းဆရာ ၅၃၂ ယောက်ကို စစ်တမ်းကောက်ယူပြီး မေးမြန်းခဲ့ရာမှာတော့ စာသင်ခန်းတစ်ခုမှာ ကျောင်းသား ၃ ယောက် ခန့်ဟာ အမြဲတမ်း မနက်စာမစားပဲ ကျောင်းကိုရောက်လာတတ်ပါတယ်။ ဒါ့အပြင် အစိုးရ စာသင်ကျောင်းတွေဟာ အစိုးရ မဟုတ်တဲ့ စာသင်ကျောင်းတွေထက် မနက်စာမစားပဲ ကျောင်းရောက်လာတဲ့ ကျောင်းသား အရေအတွက် ၃ ဆ ပိုများနေပါတယ်။

အဲဒီလို မနက်စာမစားပဲ ကျောင်းရောက်လာတတ်တဲ့ ကလေးငယ်တွေရဲက ၇၃ ရာခိုင်နှုန်းခန့်ဟာ အာရုံစူးစိုက်ရာမှာ အခက်အခဲရှိတတ်ကြပြီး ၆၆ ရာခိုင်နှုန်းဟာ သင်ကြားရေးမှာ စိတ်မပါလက်မပါ ဖြစ်တတ်ကြသလို ၅၄ ရာခိုင်နှုန်းကတော့ စာမလိုက်နိုင်ကြပဲ ၅၂ ရာခိုင်နှုန်းကတော့ အပြုအမူနဲ့ဆိုင်တဲ့ ပြသနာတွေကို ကြုံတွေ့နေရတယ်လို့ လေ့လာမှုအရ သိရပါတယ်။

ဆရာ၊ ဆရာမတွေရဲ့ ပြောကြားချက်အရ အဲဒီလို ဗိုက်ဆာနေတတ်တဲ့ ကျောင်းသားတွေဟာ အမြဲတမ်း ကျောင်းနောက်ကျတတ်တဲ့ ကျောင်းသားတွေဖြစ်ကြပြီး သူတို့ဟာ ပျက်ကွက် စာရင်းမှာ ထိပ်ဆုံးက ရှိနေတတ်တယ်လို့လည်း ဆိုပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကတော့ ကျောင်းသားတွေကို မနက်စာကျွေးတဲ့ ကျောင်းတွေမှာတော့ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ်လာပါတယ်။။ ကျောင်းမှာ မနက်စာစားတဲ့ ကျောင်းသားတွေရဲ့ ၉၇ ရာခိုင်နှုန်းဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်ကြပြီး ၉၁ ရာခိုင်နှုန်းကတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေ ကောင်းမွန်နေတာကို တွေ့ခဲ့ရပါတယ်။

ကျန်းမာရေးတင်မပဲ အဲဒီလို မနက်စာစားပြီးမှ ကျောင်းစာသင်ကြားတဲ့ ကလေးငယ် ၈၃ ရာခိုင်နှုန်းဟာ ကျောင်းက ၀န်ထမ်းအားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိကြပြီး ၇၀ ရာခိုင်နှုန်းကတော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေတတ်လာကြပါတယ်။


Credit: Thithtoolwin

"MPU ကတ်ဖြင့် ဖုန်းဘေလ်ဖြည့်နိုင်ပြီ"


"MPU ကတ်ဖြင့် ဖုန်းဘေလ်ဖြည့်နိုင်ပြီ"


ရန်ကုန်၊ မေ ၂၉

အွန်လိုင်းငွေပေးချေမှု စနစ် MPU (Myanmar Payment Union) ကတ်မှတစ်ဆင့် မိုဘိုင်းဖုန်းများအား ဘေလ် ဖြည့်သွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

ယင်းစနစ်ကို အသုံးပြုချင်သူများအနေဖြင့် www. 2c2p.com တွင်ဝင်ရောက်၍ Easy Bill အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲယူကာ မိမိမိုဘိုင်းဖုန်းတွင် ထည့်သွင်းထားရမည်ဖြစ်ကာ မိမိကိုင်ဆောင်သည့် MPU ကတ်နှင့် သက်ဆိုင်ရာဘဏ်တွင် စာရင်း ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။

မည်သည့်ဘဏ်မှထုတ်ထားသည့် MPU ကတ်မဆို အသုံးပြုနိုင်မည်ဖြစ်ပြီး ယင်းစနစ်ကို မေ ၂၆ ရက်မှစ၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

''မည်သည့်ဖုန်းငွေဖြည့်ကတ်မဆို ဖုန်းငွေဖြည့်ချင်တယ်ဆိုရင် သွားဝယ်နေ စရာမလိုတော့ဘူးပေါ့။ အက်ပလီကေးရှင်းထဲဝင်ပြီး ဖုန်းကတ်အမျိုးအစားရယ်၊ လိုချင်တဲ့ပမာဏရယ်၊ MPU ကတ်နံပါတ်ရယ် ရိုက်ထည့်ပြီး Pay လုပ်လိုက်တယ်ဆိုရင် အဆင့်ဆင့် ဖုန်းငွေဖြည့်ပေးသွားမယ့်သဘောပါပဲ'' ဟု MPU ၏ အမှုဆောင်အရာရှိ ဦးဇော်လင်းထွဋ်က ပြောသည်။

ယင်းဝန်ဆောင်မှုအား MPU နှင့် 2C2P ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် MPU အဖွဲ့ဝင် ဘဏ် ၂၂ ဘဏ် ရှိပြီး MPU ကတ်ထုတ်ထားသည့် ဘဏ် ၁၅ ဘဏ် ရှိကြောင်းသိရသည်။

စိုးမြင့်နိုင်

#TheFlowerNews

" သစ္စာတရား "


" သစ္စာတရား "

တစ်နေ့တွင် ဗုဒ္ဓထံသို့ တိတ္ထိဆရာကြီးတစ်ပါး ချဉ်းကပ်လာသည်။ တည်ငြိမ်စွာဖြင့် ငြိမ်းချမ်းသော အသွင်ဆောင်နေသည့် ဗုဒ္ဓ၏
မျက်နှာတော်ကို သူက စိုက်ကြည့်ပြီး
"ဂေါတမ .. သင်သည် ငါ့အား စာနဲ့လည်း ရေးမပြနိုင်၊ စကားနဲ့လည်း ထုတ်ဖော်မပြောနိုင်တဲ့ သစ္စာတရား ဆိုတာ ဘာလဲလို့ပြောစမ်းပါ" ဟု မေးမြန်းလိုက်ပြီး ဗုဒ္ဓကို အကျပ်ရိုက်တော့မည်ဟု လက်ပိုက်ကာစိုက် ကြည့်နေသည်။

ဗုဒ္ဓက ပြုံးရွှင်စွာဖြင့် ဘာတစ်ခွန်းမျှ ပြန်မပြောဘဲ နေလိုက်သည်။
အချိန်အနည်းငယ်ကြာလာသည့်အခါ တိတ္ထိဆရာကြီးလည်း ခေါင်းငြိမ့်ပြီး ဗုဒ္ဓကို ဦးချကာ ထွက်သွားတော့သည်။

တိတ္ထိဆရာကြီး ထွက်သွားလျှင် အာနန္ဒာသည် ဗုဒ္ဓထံပါးချဉ်းကပ်ပြီး တိတ္ထိဆရာကြီး ဘာဖြစ်သွားသနည်းဟု မေးကြည့်လိုက်သည်။ ဗုဒ္ဓက
"ချစ်သား အာနန္ဒာ မြင်းကောင်းတွေမှာ ကြာပွတ်မလိုပါဘူး" ဟု ပြန်ပြောလိုက်လေသည်။

Credit to Tin Nyunt
K.K(ကနောင်)

Friday, May 29, 2015

"ဟန် နဲ့ အဆံ"


"ဟန် နဲ့ အဆံ"

ဘွဲ့ရလူငယ်တစ်ယောက်က စားပွဲထိုးတစ်ယောက်ကို ငေါက်နေတယ်... ...
"ငါ့မှာ... ဗဟုသုတတွေရှိတယ်၊ ပညာတွေရှိတယ်၊ ဘွဲ့လက်မှတ်တွေရှိတယ်ကွ၊ ကဲ မင်းမှာ ဘာရှိလဲ"
"အလုပ်ရှိတယ်"
"ငင်..."


သန်၎ကို - ဘာသာပြန်ခဲ့မိသော ဟာသများ

"၆၇ နှစ်အဘွားရဲ့ လေးစားစရာစိတ်ဓာတ်နဲ့ ယနေ့ခေတ် ကျနော်တို့လူငယ်တွေ အတုယူစရာ"





                         ဓာတ်ပုံ-Keytu Mala


"၆၇ နှစ်အဘွားရဲ့ လေးစားစရာစိတ်ဓာတ်နဲ့ ယနေ့ခေတ် ကျနော်တို့လူငယ်တွေ အတုယူစရာ"

မွန်ပြည်နယ်က အသက် ၆၇ နှစ်အရွယ်အဖွါး တစ်ဦးမှ ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းကို ကလေးများနှင့်အတူ သင်တန်းအတူတက်ပြီး စာမေးပွဲဖြေနေတဲ့ ပုံရိပ်အချို့ကို အံ့သြစွာ တွေ့မြင်နေရပါတယ်။ မိမိရဲ့မာနတရားကို နှိမ့်ချပြီး
ကလေးများနဲ့အတူ ဘာသာရေးစာပေများကို လေ့လာ သင်ကြားနေတယ်ဆိုတာ ဗုဒ္ဓတရားနှင့်အညီ ကျင့်သုံးခြင်းဖြစ်ပါတယ်။

ဘာသာရေး လေ့လာရာတွင် အသက်ဖြင့်တိုင်းတာလို့ မရပါ။ ဗုဒ္ဓထင်ရှားရှိစဉ်တွင် အသက် ၇ နှစ်ဖြင့် သောတာပန်တည်ခဲ့ကြသည့် အရိယာများရှိသလို အသက်ကြီးမှ သောတာပန်တည်ကြသည့်
အရိယာများရှိကြ၏။ ထို့ကြောင့် ကျနော်တို့သည် ဓမ္မကိုရှာဖွေရာတွင် စည်းစိမ်၊ ဥစ္စာ၊ ရာထူးဂုဏ်သိန်၊ အသက် ဝါဖြင့် မတိုင်းတာအပ်ပေ။

ဒီလေးစားစရာ အဖွါးအိုသည် ကျနော်တို့ လူငယ်များအတွက် မီးမှောင်းထိုးပြနေသော အနာဂတ်ကြယ်ပွင့် လှလှလေးတစ်ခုဖြစ်ပေ၏။
ထို့ကြောင့် ကျနော်တို့လူငယ်တွေ အတုယူစရာ အလွန်ကောင်းပေ၏။

သူများတော့မသိဘူး ကျနော်ကတော့ အရမ်းလေးစားပါတယ်ဗျာ။
လူတိုင်းအတုယူသင့်ပါတယ် ။။

လု လင်


"ရင်ကျပ်၊ ချွဲကျပ်ပျောက်ချင်လား ကြက်ဟင်းခါးသီးစား"

"ရင်ကျပ်၊ ချွဲကျပ်ပျောက်ချင်လား ကြက်ဟင်းခါးသီးစား"

ခါးသက်သက်အရသာရှိပြီး ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါးသီးကို အာရှနိုင်ငံတွေမှာဆိုရင် ဆီးချိုရောဂါ ပျောက်ကင်းဖို့အတွက်နဲ့ သဘာဝဆေးဝါးအဖြစ် စားသုံးမှု များပြားပါတယ်။ ဒါကြောင့်မို့ ကြက်ဟင်းခါးသီးက ကျန်းမာရေးအတွက် ဘာတွေ ကောင်းကျိုးပြုသလဲဆိုတာ သိထားရအောင်လို့ မျှဝေပေးလိုက်ပါတယ်။

ဒီကြက်ဟင်းခါးသီးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေမဖြစ်အောင် ကာကွယ်နိုင်သလို ဖျားနေတာ၊ ချောင်းဆိုးတာ၊ ရင်ကျပ်၊ ချွဲကျပ်တာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ သဘာဝပိုးသတ်ဆေးလည်း ဖြစ်တာကြောင့် အပူလောင်နာ၊ ထိခိုက်ဒဏ်ရာ၊ ပြတ်ရှဒဏ်ရာနဲ့ ပွန်းပဲ့တာတွေကို ကုသနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေတဲ့အပြင် ကိုယ်တွင်းအင်္ဂါနဲ့ တစ်သျှူးတွေ ပျက်စီးခြင်းက ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါတင်မက လေဖြတ်တာတို့၊ နှလုံးရုတ်တရက် ဒုက္ခပေးတာတို့ မဖြစ်အောင်ပါ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဦးနှောက်က အာရုံကြောတွေ ဖိအားများလာရင် ဖြစ်တတ်တဲ့ ခေါင်းကိုက်တာတွေကိုလည်း သက်သာ ပျောက်ကင်းစေတဲ့အပြင် စိတ်ဖိစီးမှုလည်း ကင်းစေပါတယ်။ ကြမ်းထော်တဲ့ အနီပိမ့်တွေ ထတဲ့ အရေပြားရောဂါ အတွက်ဆိုရင်လည်း ကြက်ဟင်းခါးသီးက အကောင်းဆုံး သဘာဝဆေးဝါးလို့ ဆိုပါတယ်။ ကြက်ဟင်းခါးသီး လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့အရည်ကို အရေပြားမှိုရောဂါတွေနဲ့ ခြေထောက် အနံ့ဆိုးထွက်တာကို သုတ်လိမ်းပေးလို့ရပါတယ်။

ကြက်ဟင်းခါးသီးက အရက်ကြောင့် အသည်းနဲ့ သရက်ရွက် ပျက်စီးမှုတွေကို ကာကွယ်ပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။ ဒါတင်မက ကိုယ်အလေး ချိန်လျော့ကျစေဖို့အတွက်လည်း ထောက်ကူပေးတယ်လို့ သိရပါတယ်။ မျက်စိ ကျန်းမာရေးအတွက်လည်း အကျိုးပြုတာကြောင့် မျက်စိ အမြင်အာရုံ အားနည်းသူတွေ စားပေးသင့်ပါတယ်။ ကြက်ဟင်းခါးသီးက အကြောတက်စာလည်း ဖြစ်တာကြောင့် တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း ချင့်ချိန်စားဖို့တော့ လိုအပ်ပါတယ်။

7 Day Daily

"ပိုးမွှားအင်းစက် အကိုက်ခံရတဲ့အခါ ဒီနည်းလေးတွေ သုံးကြည့်လိုက်ပါ"


"ပိုးမွှားအင်းစက် အကိုက်ခံရတဲ့အခါ ဒီနည်းလေးတွေ သုံးကြည့်လိုက်ပါ"

ခြင်၊ ဂျပိုး၊ သန်း စတဲ့ ပိုးမွှားအင်းဆက်တွေ အကိုက်ခံရတဲ့အခါ တစ်ချို့တွေက ကုတ်တတ်ကြတယ်။ ဒါဟာ အသားရေမှာ အမာရွတ် ဖြစ်စေတတ်ပါတယ်။ တစ်ချို့ကျတော့လည်း ဆေးဆိုင်သွားပြီး ဘာလိမ်းရင် ကောင်းမလဲဆိုပြီး စိတ်ပူပန်တတ်ကြတယ်။ ဒါဟာ အသားရေကို ဂရုစိုက်ရာရောက်တာမို့ ကောင်းပေမယ့် ဆေးဆိုင်ထိသွားစရာမလိုပဲ အိမ်မှာရှိတဲ့အရာတစ်ချို့နဲ့ ဒီပြဿနာကို ဖြေရှင်းကြည့်လိုက်ရအောင်။

၁။မရှိမဖြစ်လိုအပ်တဲ့ အဆီများ

လာဗင်ဒါအဆီ၊ အုန်းဆီစတာတွေက ယားယံခြင်း၊ နာကျင်ခြင်းတွေကို သက်သာပျောက်ကင်းစေပါတယ်။ အကောင်ကောက်ပြီးပြီးချင်း သုတ်လိမ်းထားလိုက်ရင် သက်သာသွားပါလိမ့်မယ်။

၂။ပျားရည်

သင်က ကပ်စေးစေးဖြစ်တာမျိုးကို အရေးမကြီးဘူးလို့ထင်ရင်တော့ အကောင်ကိုက်ခံထားရတဲ့ နေရာကို ပျားရည်နည်းနည်း သုတ်လိမ်းထားလိုက်ပါ။ ယားယံတာတွေ သက်သာသွားမှာပါ။

၃။နို့နဲ့ရေ

နို့နဲ့ရေ ရောထားတဲ့ အရည်ထဲကို အ၀တ်လေးနှစ်ပြီး အင်းဆက်ပိုးမွှားအကိုက်ခံလိုက်ရတဲ့ အသားပေါ်ကို တို့ထိပေးပါ။  ဒါဆို အဖုအပိန့်ဖြစ်တာမျိုးလည်း မရှိတော့ပဲ ယားယံတာတွေ ပျောက်ကင်းသွားပါလိမ့်မယ်။

၎။သံပုရာရည်

ပိုးမွှားတွေကို သေစေနိုင်တဲ့ သံပုရာရည်ကို အသားအရေပေါ် သုတ်လိမ်းမယ်လို့ စဉ်းစားမိရင်တော့ အိမ်ထဲမှာနေဖို့တော့ လိုပါလိမ့်မယ်။ အပြင်သွားတဲ့အခါ ခုနသံပုရာရည်သုတ်လိမ်းထားတဲ့ အသားရေပေါ် နေထိရင် နေလောင်တတ်တာမို့လို့ပါ။

၅။သွားတိုက်ဆေး

Menthol ပါဝင်မှုနှုန်းများတဲ့ သွားတိုက်ဆေးကလည်း အင်းဆက်တွေအကိုက်ခံရတဲ့အခါ အသားပေါ် သုတ်လိမ်းသင့်တဲ့အရာပါပဲ။ ယားယံတာမျိုးတွေ မရှိပဲ သက်သာသွားပါလိမ့်မယ်။

၆။ရေခဲ

နောက်ထပ် ယားယံမှုကို သက်သာသွားစေမယ့်အရာက ရေခဲပါ။ ရေခဲတုံးလေးနဲ့ ယားယံနေတဲ့ အသားပေါ် တို့ပေးလိုက်တာနဲ့ အဖုအပိန့်ဆိုတာ မရှိတော့ပဲ အိုကေသွားမှာပါ။

၇။ရှာလကာရည်

အက်ဆစ်ဓာတ်ပါတဲ့ ရှာလကာရည်ကတော့ အိမ်နောက်ဖေး မီးဖိုချောင်မှာ အဆင်သင့်ရှိနေမှာပါ။ အင်းဆက်ပိုးမွှား အကိုက်ခံရပြီဆိုတာနဲ့ အိမ်နောက်ဖေးပြေးဝင်ပြီး ဒါလေးကို နည်းနည်းသုတ်လိမ်းထားလိုက်ရုံပါပဲ။

ဟန်နီ

Credit: Trend Myanmar

"လူရော စိတ်ရော ပင်ပန်းလွန်းတဲ့အခါ အပန်းဖြေခရီးထွက်သင့်နေပြီလား ဆိုတာ"


"လူရော စိတ်ရော ပင်ပန်းလွန်းတဲ့အခါ အပန်းဖြေခရီးထွက်သင့်နေပြီလား ဆိုတာ"

လူပင်ပန်း စိတ်ပင်ပန်းဖြစ်ပြီး ဟိုးအရင်တုန်းက ကမ်းခြေမှာ လမ်းလျှောက်ခဲ့တဲ့အချိန်လေးတွေ၊ တောင်ကုန်းပေါ်မှာ ရယ်မောပျော်ရွှင်ခဲ့ချိန်တွေကို တမ်းတနေရပြီလား။ အလုပ်က တစ်ရက်မှ အနားမရသလို အိမ်ရောက်ရင်လည်း လုပ်စရာတွေ ပုံနေပြီလား။ အားလုံးကို ချန်ထားပြီး အပန်းဖြေခရီးထွက်ဖို့ လိုကိုလိုနေပြီဆိုတာ ဒီလိုအချက်ကလေးတွေကိုကြည့်ပြီး သိသင့်ပြီပေါ့။

၁။အိပ်ယာနိုးနိုးချင်းပဲ ရေရွတ်မိတာက ..

"အား..ဒီဘ၀ကြီးကို စိတ်ကုန်လိုက်တာ" ဆိုတဲ့အရာလား။ တစ်ရက်တစ်ရက် ဘယ်လိုတွေကုန်နေမှန်းတောင် မသိရဘူး။ အနားကိုမရဘူးလို့ ခံစားနေရပြီဆိုရင်တော့ ခရီးတိုလေးဖြစ်ဖြစ် ထွက်သင့်နေပြီပေါ့။

၂။အလုပ်နားရက်တွေမှာတောင် အိမ်မှာ အလုပ်တွေယူပြီး လုပ်နေရတယ်။

အလုပ်တွေမပြီးလို့ သူများတွေ အလုပ်ပိတ်တဲ့နေ့တွေ၊ အချိန်တွေမှာတောင် အလုပ်ကနေ မပြန်ရဘူးဆိုရင်တော့ ကြာရှည်ခံနိုင်ရည်စွမ်းတွေ လျော့ကျလာပါလိမ့်မယ်။ ဒါဆိုလည်း ခရီးထွက်တာ အကောင်းဆုံးပါပဲ။

၃။အလုပ်ကနေ နေ့လည်ဘက် ထမင်းထွက်စားဖို့တောင် မလွယ်တော့ဘူး။

ထမင်းတောင် ကွန်ပျူတာရှေ့ယူစားရတဲ့အဖြစ် ရောက်နေပြီဆိုရင်တော့ ခရီးစဉ်တစ်ခုအမြန် ဆွဲလိုက်ပါတော့။

၎။အလုပ်ကနေ နေ့ခင်းဘက် ကော်ဖီလေးဘာလေး ထွက်သောက်ဖို့တောင် အချိန်မရှိဘူး။

ကော်ဖီသောက်ဖို့ အချိန်မရှိတဲ့အပြင် သူငယ်ချင်းနဲ့ ချိန်းထားလို့ ခဏထွက်တွေ့ရတာကိုတောင် ကိုယ့်စိတ်ထဲမှာ အပန်းဖြေခရီးထွက်ရသလို စိတ်ချမ်းသာမှုကို ပိုင်ဆိုင်နေရတယ်လို့ ခံစားမိတယ် ဆိုရင်တော့ အပန်းဖြေခရီးသာထွက်လိုက်ရရင် ဘယ်လိုနေမလဲ စဉ်းစားသာကြည့်လိုက်ပါတော့။

၅။လုပ်ဖော်ကိုင်ဖက်တွေကို မြင်ချင်တွေ့ချင်စိတ် မရှိတော့ဘူး။

သူတို့နဲ့ ပြဿနာဖြစ်ထားတာမျိုးမရှိပဲ သူတို့ကို မြင်ချင်စိတ် မရှိတော့တာမျိုးဆိုရင် သင်ဟာ အလုပ်ကို ငြီးငွေ့လွန်းတာကြောင့် ဒီလိုခံစားရတာမျိုးဆိုတာ သတိရပါ။

၆။ခုတစ်လော စိမ်းစိမ်းစိုစို နေရာလေးတွေကို အင်တာနက်ကဖြစ်ဖြစ်၊ မဂ္ဂဇင်းတွေထဲက ဖြစ်ဖြစ် မြင်တာနဲ့ သွားချင်စိတ်တွေ ဖြစ်နေမိတယ်။

ကိုယ်မသွားရတဲ့ ကမ်းခြေလိုနေရာမျိုးတွေ၊ တောင်ပေါ်ဒေသတွေရဲ့ ရှုခင်းဓာတ်ပုံလေးတွေကို ကွန်ပျူတာ desktop ပေါ်မှာ တင်ထားတဲ့အထိ ဖြစ်နေပြီဆိုရင်တော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ခွင့်ယူပြီး အပန်းဖြေခရီးထွက်လိုက်ပါတော့။

၇။ကြားရက်လေး တစ်ရက်လောက် ရုံးပိတ်သွားတာကို ပါးစပ်မစိနိုင်အောင် ပျော်နေရပြီ။

ဒီလိုဆိုရင်တော့ သင်ဟာ အလုပ်ကြောင့် စိတ်ပင်ပန်းပြီး အပန်းဖြေခရီးထွက်ဖို့ လိုအပ်နေသူလို့ ယူဆနိုင်ပါတယ်။

၈။အလုပ်ချိန်အတွင်း Gtalk မှာ သူငယ်ချင်းတွေနဲ့ စကားပြောချင်စိတ်တောင် မရှိတော့ဘူး။

အရာရာဟာ ပျင်းဖို့သိပ်ကောင်းတယ်လို့ ခံစားမိနေရင်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်စမ်းစစ်ဖို့ လိုပြီပေါ့။

၉။စနေ၊ တနင်္ဂနွေတွေမှာလည်း အိမ်အလုပ်တွေနဲ့ ရှုပ်နေရတာမို့ နားချိန်မရှိဘဲ တနင်္လာနေ့ပြန်ရောက်မှာ စိတ္တဇလို ဖြစ်နေပြီ။

 ဒါဟာ သင့်အတွက် စိတ်ဖိစီးမှုကြီးတစ်ရပ် ဖြစ်လာပါလိမ့်မယ်။ ခရီးထွက်လိုက်တာဟာ စိတ်တွေ ပြန်လည်လန်းဆန်းစေဖို့အတွက် အကောင်းဆုံးနည်းပါ။

၁၀။ခရီးမထွက်ဖြစ်တဲ့အခါ ဘယ်အရာနဲ့မှ မတူတဲ့ ခံစားချက်ကို သိလာမယ်။

ကိုယ့်ကိုယ်ကိုယ် ခရီးသွားရင်သုံးမယ့် ပိုက်ဆံတွေကို ဟိုဆိုင်သွားစားလိုက်၊ ဒီဆိုင်မှာ လိုချင်တာဝယ်လိုက် လုပ်တာနဲ့ ခရီးထွက်တာဟာ ဘယ်လိုမှ အရသာချင်း မတူနိုင်ပါဘူး။

ဟန်နီ

Credit: Trend Myanmar

"မျက်စိမှေးပြီး ကြည့်ခြင်းက ဘာကြောင့် အမြင်အာရုံ ပိုကောင်းစေတာလဲ"

"မျက်စိမှေးပြီး ကြည့်ခြင်းက ဘာကြောင့် အမြင်အာရုံ ပိုကောင်းစေတာလဲ"

တစ်စုံတစ်ရာကို ကြည့်ရှုရာတွင် မမြင်ရသလို အခက်ကြုံလာပါက မျက်စိကို မှေးကြည့်ခြင်းဖြင့် ပိုမို မြင်သာသွားလေ့ရှိသည်။ အဖြေမှာ မျက်လုံး၏ ပုံပန်းသွင်ပြင်ကို အနည်းငယ် ပြောင်းလဲပစ်လိုက်ခြင်းဖြင့် အလင်းရောင် ၀င်ရောက်မှုကို လိုသလို ထိန်းချုပ်နိုင်သွားကာ အရာဝတ္ထုများကို ပိုမိုရှင်းလင်းစွာ မြင်နိုင်လာခြင်း ဖြစ်ကြောင်း သိရသည်။

အရာဝတ္ထုတွေကို ကြည့်မြင်နိုင်ခြင်းသည် အလင်းရောင်ကြောင့် ဖြစ်သည်။ မျက်လုံးမှ တစ်စုံတစ်ရာကို ကြည့်ရှုလိုက်ချိန်တွင် အလင်းရောင်က သူငယ်အိမ်ကို ၀င်ရောက်ပြီး မျက်ကြည်လွှာအတွင်းရှိ ပုံဖမ်းဆဲလ်များမှ ပုံရိပ်ကို ဖန်တီးပေးလိုက် ခြင်းဖြစ်သည်။ ထို့နောက် ဦးနှောက်အတွင်းရှိ အမြင်အာရုံကြောများ ဆီသို့ သတင်းပို့ ဆောင်ပေးသည်။

မျက်ကြည်လွှာ အတွင်းတွင် ရှိသော ဖိုဖီးယားဟုခေါ်သည့် ကတော့ပုံ ဗဟိုချိုင့်လေးသည် စူးရှ ပြတ်သားသည့် အမြင်အားကို ပေးသည်။ လူသားများ အသက်အရွယ်ရလာပါက မျက်လုံးစနစ်သည် အလင်းရောင်ကို စနစ်တကျ စီမံခန့်ခွဲနိုင်စွမ်း ကျဆင်းသဖြင့် အမြင်အာရုံများလည်းေ၀၀ါးလာရခြင်းဖြစ်သည်။ အလင်းရောင်သည် မျက်လုံးအတွင်းသို့ ဘက်ပေါင်းစုံမှ ၀င်ရောက်သည်ဖြစ်ရာ အသက်ကြီးလာ၍ မျက်လုံး အလုပ်လုပ်နိုင်စွမ်း ကျဆင်းလာသောအခါ အလင်းရောင်အမျိုးမျိုးကို မျက်လုံးစနစ်က ဖိုဗီးယားပေါ်သို့ စုပြုံစိုက်ဆင်းအောင် လုပ်ပေးနိုင်မှု အားနည်းလာသဖြင့် အလင်းများ လျှံထွက်ကာ အမြင်ေ၀၀ါးကုန်ခြင်းဖြစ်သည်။

ထိုအခါ မျက်မှောင်ကြုတ်၊ မျက်စိမှေးကာ ကြည့်လိုက်ခြင်းဖြင့် မျက်လုံးထဲဝင်သည့် အလင်းရောင်ပမာဏကို ကန့်သတ်လိုက်နိုင်ရာ အနည်းငယ်သော အလင်းရောင်ကို မျက်လုံးက ကောင်းစွာ စီမံခန့်ခွဲလိုက်နိုင်သဖြင့် ကြည့်လိုသည့် အရာကို ပြတ်သားစွာ မြင်ရခြင်း ဖြစ်သည်။ အထက်ပါ ဖြစ်စဉ် အပြည့်အစုံကို ယူကျု ၀က်ဘ်ဆိုက်ရှိ Mental Floss ဗဟုသုတစာမျက်နှာတွင် အမေရိကန် ရှီကာဂို အခြေစိုက် ဘလော့ဂါတစ်ဦး ဖြစ်သော ခရစ်ဘန်ဇိုင်းက ဗီဒီယိုဖိုင် တင်ကာ ရှင်းပြထားခြင်း ဖြစ်သည်။

Credit: messenger



Lutaw Lupyaw

"ဖူးစာရှင်တွေ့ရင် အချက်ပြပေးမည့် နာရီ"


"ဖူးစာရှင်တွေ့ရင် အချက်ပြပေးမည့် နာရီ"

ပါတီပွဲတွင် အခန်းအနှံ့ မလွတ်တမ်း မျက်စိဒေါက်ထောက်ကြည့်သည့် နည်းလမ်းမှစပြီး လိမ္မော်ရည် ဖိတ်ကျသည့် နည်းလမ်းအထိ ဟောလီးဝုဒ် ဇာတ်ကားများက ဘ၀ကြင်ဖော်ကို ရှာဖွေရန် သင်ကြားပေးသော နည်းလမ်းများမှာ ရထားမီအောင် ပြေးရသလောက်ကို လွယ်ကူနေသည်။ ယခုအခါ အက်ပ်ပဲလ် နာရီများပင် လုပ်ဆောင်မပေးနိုင်သော အချစ်ရှာဖွေဖို့ ကူညီပေးနိုင်သည့် စမတ်နာရီတစ်မျိုး ရှိလာပြီဖြစ်သည်။

Serendip ဟုခေါ်သည့် အဆိုပါ နာရီကို ဘ၀ကြင်ဖော် ရှာလိုသည့် တစ်ကိုယ်တည်းသမားများ အတွက် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး သုံးစွဲသူများနှင့် ကိုက်ညီသူ အနီးအနားတွင် ရှိနေပါက အချက်ပြပေနိုင်ကြောင်း သိရသည်။ နာရီဝတ်ထားသူချင်းထဲမှသာ ရွေးချယ် ဖော်ပြပေးမည် ဖြစ်သည်။ Serendip အသုံးပြုသူ များသည် ကိုယ်ရေးအကျဉ်း အသေးစိတ်ကို ဖြည့်ထားရမည်ဖြစ်ပြီး အဆိုပါ ကိုယ်ရေးအချက်အလက်အလိုက် လိုက်ဖက်သူကို ရှာဖွေပေးနိုင်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။

ဖြစ်နိုင်ခြေရှိသည့် ကြင်ဖက်က နာရီ၏ အာရုံခံ အ၀န်းအ၀ိုင်းထဲ ရောက်လာပါက နာရီသည် တုန်ခါလာပြီး အချက်ပေးမည် ဖြစ်သည်။ သို့သော် လူရှုပ်ထွေးသည့် ရထားပေါ်တွင် ကြင်ဖက် တစ်ယောက်ကို ညွှန်ပြနိုင် မပြနိုင်တော့ မသေချာကြောင်း သိရသည်။ နာရီကို လာမည့် နှစ်ဆန်းပိုင်းတွင် ဒေါ်လာ (၅၀) ၀န်းကျင်ဖြင့် ရောင်းချနိုင်မည်ဟု သိရသည်။

ဆုမြတ်

Credit: The Messenger

"ချစ်သူနှစ်ယောက်အကြားမှာ"


"ချစ်သူနှစ်ယောက်အကြားမှာ"

ကိုယ့်ချစ်သူကို အကြောင်းပြချက်များစွာနဲ့
ခဏခဏ ဥပေက္ခာမပြုမိပါစေနဲ့...

ကိုယ်ချစ်သူကို ခဏခဏနာကျင်အောင် မလုပ်မိပါစေနဲ့...

စိတ်ဆိုးစိတ်ကောက်ကြတဲ့အခါ မာနတရားတွေနဲ့ သူပြန်လာခေါ်မှဆိုတဲ့ စိတ်တွေနဲ့ မနေပါနဲ့...

သူ ကိုယ့်အပေါ်ထားတဲ့ယုံကြည်မှုကို အလွဲသုံးစားမလုပ်ပါနဲ့...

သူ့ဆီက သေးငယ်တဲ့အပြစ်တွေကို
လစ်လျှူရှုပေးဖို့ မမေ့ပါနဲ့...

အလုပ်များနေပါစေ အလုပ်များနေတဲ့အကြောင်း
Messages တစ်စောင်ပို့ပေးဖို့ မမေ့ပါနဲ့...

စိတ်ဆိုးကြတဲ့အခါ ဖုန်းပိတ်ပြီးတော့ အဆက်သွယ်ဖြတ်ထားတာမျိုး မလုပ်မိပါစေနဲ့...

သူ့ကို တကယ်ချစ်ရင် သူ့နောက်ကွယ်မှာဖြစ်နေပါစေ သူမကြိုက်တဲ့ကိစ္စလေးတွေကို မလုပ်ပါနဲ့...

ဘယ်လိုမျိုးအချိန်မှာပဲဖြစ်ဖြစ်
သူ့ကိုတကယ်ချစ်ရင် တန်ဖိုးထားပေးဖို့ မမေ့ပါနဲ့...

သူ့ကိုတကယ်ချစ်ရင်တော့ ဘယ်လိုသောအခက်ခဲတွေနဲ့ပဲ ကြုံကြုံ
လက်တွဲဖြုတ်ဖို့ မစဉ်းစားပါနဲ့...

သေချာစဉ်းစားကြည့်ပါ ကိုယ့်ဘဝအထဲမှာ သူမရှိရင်ရော ကိုယ်ကနေနိုင်ရဲ့လားလို့...


Credit: Lwan Lay

"အလုပ်ခွင်မှာ ကိုယ်နဲ့ အဆင်မပြေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုဆက်ဆံသင့်သလဲ"


"အလုပ်ခွင်မှာ ကိုယ်နဲ့ အဆင်မပြေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုဆက်ဆံသင့်သလဲ"

လုပ်ငန်းခွင်ထဲ ရောက်သွားတဲ့အခါ ကျောင်းတုန်းကလို သူငယ်ချင်း ရွေးပေါင်းသလို လုပ်ဖော်ကိုင်ဖက်တွေကို ရွေးချယ်ပေါင်းဖို့ မဖြစ်နိုင်တော့ပါဘူး။ ကိုယ်နဲ့အဆင်မပြေတဲ့သူလည်း ရှိနိုင်သလို ကိုယ်နဲ့ကီးကိုက်တဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း ရှိလာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က အားလုံးနဲ့ အဆင်ပြေအောင် နေနေရဲ့သားနဲ့ ကိုယ့်ကိုကြည့်မရဖြစ်ပြီး အပြစ်ပြော၊ အပြစ်မြင်နေတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိတယ်ဆိုရင် သူတို့နဲ့ဆက်ဆံတဲ့အခါ ကိုယ့်ဘက်က အမှားမရှိအောင် ပြောဆို ဆက်ဆံနိုင်ဖို့ နည်းလမ်းကောင်းလေးတွေ ပေးချင်ပါတယ်။

၁။မှတ်တမ်း မှတ်ရာတွေကို သေချာသိမ်းဆည်းထားပါ။

အလုပ်မှာ သူနဲ့ အလုပ်အတူတူ တွဲလုပ်တဲ့အခါ သုံးရတဲ့ မှတ်တမ်းတွေအားလုံးကို သေချာသိမ်းထားပါ။ သူနဲ့ကိုယ် နှစ်ယောက်တည်း မဟုတ်ပဲ အခြားတစ်ယောက်ကိုလည်း သူဘာတွေပြောနေ၊ လုပ်နေတယ်ဆိုတာ သိထားပါစေ။ လိုအပ်လာမယ်ဆိုရင် သူပြောဖူးတဲ့ စကားတွေကိုပါ အားလုံးမဟုတ်တောင် record ယူထားပါ။ လုပ်ငန်းခွင်မှာ သူကိုယ့်ကို တစ်ခုခုဆို အပြစ်ပုံချလို့ မရအောင် ကိုယ့်ဘက်က ကာကွယ်ထားတဲ့ သဘောပါပဲ။

၂။ကိုယ့်ဘက်က ပြင်ဆင်စရာတွေ အားလုံးပြင်ဆင်ပါ။

သူ့ရဲ့လုပ်ရပ်တွေက ကိုယ့်အလုပ်အတွက်ပါ ထိခိုက်မှုတွေ ရှိလာပြီဆိုရင်တော့ သူနဲ့ တိုက်ရိုက်စကားသွားပြောဖို့ အချိန်ကျပါပြီ။ အလုပ်နဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးကို သူ့ကိုထောက်ပြပြောဆိုနိုင်အောင် ကိုယ့်ဘက်က ပြင်ဆင်ထားရပါလိမ့်မယ်။ သူ့ကို ပြောဆိုတဲ့အခါ ကိုယ်ရေးကိုယ်တာတွေ မပါဘဲ အလုပ်အတွက်ပဲ တိတိကျကျပြောဆိုပါ။ သင့်ရဲ့လုပ်ပုံကိုင်ပုံနဲ့ လေသံဟာ ပရော်ဖက်ရှင်နယ်ဆန်နေပါစေ။

၃။ဘာ့ကြောင့်လဲဆိုတာ ကောင်းကောင်းမွန်မွန်မေးပါ။

သူဟာ ကိုယ့်ကို သက်သက်မဲ့ ကြံစည်ပြီး ခုလို လုပ်နေတာမျိုးဆိုရင် သူ့ကို ဘာ့ကြောင့်လဲဆိုတာ မေးပါ။ သူပြောနေတာတွေကို အဆုံးထိ သေသေချာချာ ဂရုတစိုက်နားထောင်ပြီးမှ ကိုယ်မရှင်းတာတွေကို ပြန်မေးပါ။ သူဟာ ကိုယ့်ကို ရာထူးမတိုးအောင်လုပ်တာမှန်း သိနေရင်တောင် ကိုယ့်ဘက်က မရိုင်းတဲ့ မေးခွန်းမျိုးမေးပါ။ ဒါ့အပြင် သူနဲ့ကိုယ် ပြောစရာရှိတာတွေပြောပြီးသွားရင်လည်း နောက်ပိုင်း ကိုယ်ဟာ အလုပ်ကို ပိုဂရုစိုက်လုပ်တော့မယ်ဆိုတဲ့ အကြောင်း ပြောခဲ့ပါ။

၎။စိတ်လိုက်မာန်ပါ မပြောမိ၊ မလုပ်မိပါစေနဲ့။

လူပဲလေ။ ကိုယ့်အပေါ် သက်သက်ကြီး အနိုင်ကျင့်နေမှန်း၊ ကိုယ့်အိုင်ဒီယာတွေ ကူးချနေမှန်း သိတဲ့အခါမှာတော့ ဘယ်သူမဆို ဒေါသထွက်မှာပေါ့။ ဒါပေမယ့် တတ်နိုင်သလောက်တော့ ထိန်းထိန်းသိမ်းသိမ်းပြောဆိုပါ။ တကယ်လို့ မျက်ရည်ကျသွားမိရင်တောင် ဒီအလုပ်ဟာ ငါ့အတွက် သိပ်အရေးကြီးလို့ ခုလိုမျက်ရည်ကျရတယ် ဆိုတာမျိုးပြောပါ။ လက်တွေဘာတွေပါတာမျိုး လုံးဝမဖြစ်ပါစေနဲ့။

၅။ကိုယ်မဖြေရှင်းနိုင်တဲ့အရာတွေကို အထက်အရာရှိတွေ အကူအညီနဲ့ဖြေရှင်းပါ။

သူနဲ့ကိုယ်နဲ့ ပြဿနာ တစ်ခါတက်ပြီးသွားလို့ မျက်နှာချင်းဆိုင်ရှင်းပြီးသွားပြီ။ ဒါတောင် ခုထက်ထိ ကိုယ့်အပေါ် ဆိုးဆိုးဝါးဝါး ပြုမူနေတုန်း။ ကိုယ်သူနဲ့ ဘာ့ကြောင့် ဘယ်လိုဆိုတာ မျက်နှာချင်းဆိုင် ပြောဆိုပြီး သုံးခါလောက်အထိ သည်းခံပေးလိုက်ပါ။ သုံးခါကျော်သွားရင်တော့ အထက်အရာရှိတွေ၊ HR က တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်ပြောဆိုပါ။ ကိုယ့်ဘက်က ပြောဆိုချပြရမယ့် အထောက်အထား ခိုင်ခိုင်လုံလုံရှိပါစေ။

ဟန်နီ

Credit: Trend Myanmar

"သူနဲ့ကိုယ် မြဲမမြဲဆိုတာ ဒီအချက်လေးတွေက ပြောပြပေးနိုင်တာ"


"သူနဲ့ကိုယ် မြဲမမြဲဆိုတာ ဒီအချက်လေးတွေက ပြောပြပေးနိုင်တာ"

ဖူးစာပါလို့ ဆုံဆည်းလာကြရတဲ့ ချစ်သူနှစ်ဦး ဘယ်သူမဆို သူ့ဘက်ကိုယ့်ဘက် သစ္စာမဖောက်၊ ယုံကြည်မှုရှိရှိ နားလည်မှုအပြည့်နဲ့ ဘ၀ကို ဖြတ်သန်းချင်ကြမှာပါ။ တစ်ချို့အရာတွေက ကံတရားက ကြားဝင်ဖြတ်လို့ ပြတ်သွားတတ်တာမျိုး ချွင်းချက်ထားပြီး ကိုယ့်ချစ်သူဟာ ကိုယ်နဲ့ တစ်သက်မခွဲပဲ မြဲမလားဆိုတာ သိချင်တတ်ကြပါတယ်။ ဒီတော့ ချစ်သူနှစ်ဦး မြဲမမြဲ ဒီအခြေခံကျတဲ့ အချက်လေးတွေကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။

၁။တစ်ဦးနဲ့တစ်ဦး ဒီချစ်ခြင်းမေတ္တာအတွက် ကျေးဇူးတင်စကားဆိုဖြစ်တယ်။

ကိုယ့်ဘေးမှာ အမြဲရှိပေးတဲ့အတွက်၊ ကိုယ့်ကိုနားလည်ပေးတဲ့အတွက် ကျေးဇူးတင်တယ် ဆိုတဲ့အကြောင်း သူ့ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲကို ပြောဖြစ်တယ်။ ချစ်တယ်ဆိုတဲ့ စကားကိုလည်း နေ့တိုင်း တစ်ခါနှစ်ခါမက ပြောဖြစ်တယ်ဆိုရင် ဒီအတွဲဟာ မြဲဖို့သေချာပါပြီ။

၂။ချစ်သူကောင်လေးဟာ ကျန်းမာတယ်။

အတွဲတစ်တွဲမှာ ချစ်သူကောင်လေးက ကျန်းမာရေးကောင်းတယ်။ ကျန်းမာရေး လိုက်စားတဲ့သူ တစ်ယောက်ဆိုရင် သင်တို့အချစ်ရေးဟာ သာယာစိုပြေမှာပါ။ ကိုယ့်ရည်းစားက ကျန်းမာရေးချူချာလွန်းလို့  စိတ်ဆင်းရဲရတာမျိုး မဖြစ်တော့ဘူးပေါ့။ ကျန်းမာရေးကလည်း သင့်အချစ်ရေးမှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ရပ်ပဲဆိုတာ မမေ့ပါနဲ့။

၃။စကားပြောပုံ ဆိုပေါက်ကအစ တူနေတယ်။

သူနဲ့ကိုယ်နဲ့တူတဲ့ အချက်တွေ အများကြီး ရှိနေပါတယ်။ သူနဲ့တွေးခေါ်နေတဲ့ အရာတွေပါ တဖြည်းဖြည်း တူလာသလို ပြောလိုက်တဲ့ စကားတွေလည်း အတူတူဖြစ်နေတတ်တယ်။ စကားပြောပုံဆိုပေါက်ကလည်း တူနေပြီဆိုရင်တော့ ဒါဟာ အဆုံးထိ လက်တွဲရမယ့် သူတွေပဲပေါ့။

၎။အမြဲတမ်း နမ်းဖြစ်တယ်။

တစ်လကို တစ်ခါလောက် နမ်းတာမျိုး မဟုတ်ပဲ သူနဲ့တွေ့တိုင်း နှစ်ဦးသားကြည်ကြည်နူးနူး အနမ်းခြွေဖြစ်တယ်ဆိုရင်လည်း ဒါဟာ သံယောဇဉ်ကြိုးကို တိုးစေတာပဲလေ။ ဒါမြဲမယ့်အချက်ပဲပေါ့။

၅။သူငယ်ချင်းစုံတွဲနဲ့အတူ အပြင်ထွက်လည်ဖြစ်တယ်။

ကိုယ်တွေချည်းပဲ မဟုတ်ပဲ သူငယ်ချင်းစုံတွဲနဲ့ပါ ရုပ်ရှင်ကြည့်ကြတာမျိုး၊ ဒင်နာစားကြတာမျိုးတွေ လုပ်ဖြစ်တယ်ဆိုရင်တော့ ဒါဟာလည်း သင်တို့နှစ်ဦးကို ဘယ်တော့မှ ပြတ်တောက်မသွားစေဖို့ ဖြစ်နိုင်ချေများတဲ့ အချက်တစ်ခုပါပဲ။

၆။ရုပ်ရှင်အတူတူကြည့်ရင်း အမြင်တွေကို ဖလှယ်ဖြစ်ကြတယ်။ စာအုပ်တွေဖတ်ပြီးတော့လည်း ဗဟုသုတဝေမျှဖြစ်ကြတယ်။

ကိုယ့်ချစ်သူနဲ့အတူ ပေါက်ပေါက်အတူတူစားရင်း အချစ်ဇာတ်လမ်းလေးတွေ၊ အိမ်ထောင်ရေးဇာတ်ကားတွေ ကြည့်ဖြစ်တယ်။ ဇာတ်ကားအကြောင်းလည်း တစ်ဦးနဲ့တစ်ဦး ပြောဖြစ်တယ်။ ဒါဟာ နှစ်ဦးသားနားလည်မှုပိုတိုးစေဖို့ ဖေးကူတဲ့အရာပဲပေါ့။

၇။စိတ်ကအလိုလို ခံစားမိနေတယ်။

ဒီတစ်ခါတော့ ငါသူနဲ့မြဲပြီဆိုတာ စိတ်ခံစားမှုအရ သိနေတယ်။ အရင်အခါတွေတုန်းကလို မဟုတ်ဘူး။ သူနဲ့ဘယ်တော့မှ ခွဲမှာ မဟုတ်ဘူးဆိုပြီး စိတ်ကအလိုလို သိနေတာမျိုးဟာလည်း ယုံချင်စရာကောင်းတဲ့အချက်ပါပဲ။

၈။သူငယ်ချင်းအပေါင်းအသင်းတွေကလည်း နင်တို့နှစ်ယောက်မြဲမှာပါ။ သဘောတူတယ် စသဖြင့် အကောင်းတွေသာ ပြောကြတယ်။

ဘေးကလူတွေက ကိုယ်မမြင်တဲ့ အရာတွေကို ပိုမြင်တတ်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ်က အချစ်လွန်မွှန်ပြီး မမြင်တဲ့အရာတွေဆို ဘေးကလူတွေက ပိုသိနေတတ်ကြပါတယ်။ ခုတစ်ခါတော့ ဒီလိုမဟုတ်ပဲ ကိုယ့်သူငယ်ချင်း အပေါင်းအသင်းတွေအားလုံးက သဘောတူအားကျပြီး ကိုယ့်ချစ်သူကို အကောင်းပဲမြင် ချစ်ခင်ကြတယ်ဆိုရင်တော့ ဒါဟာလည်းသင်တို့ကို မြဲစေတဲ့ အချက်တစ်ချက်ပဲပေါ့။

ဟန်နီ

Credit: Trend Myanmar

"ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံစားစေဖို့"


"ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံစားစေဖို့"

အလှအပဆိုတာ ကြည့်တဲ့သူနဲ့ ဆိုင်တယ်ဆိုပေမယ့် ဓာတ်ပုံရိုက်တဲ့အခါ အပြင်ပုံနဲ့ယှဉ်ရင် ကြည့်မကောင်းဘူး၊ တစ်မျိုးဖြစ်နေတယ်လို့တော့ ဘယ်အပြောခံချင်ပါ့မလဲ။ ဒီကောင်မလေး ဓာတ်ပုံစားတယ်၊ ချောလိုက်တာလို့ပဲ ဘယ်သူမဆို အပြောခံချင်မှာပဲ။ ဟုတ်တယ်ဟုတ်၊ ဒီတော့ ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံစားအောင် သင့်ဘက်က ဘယ်လိုလုပ်နိုင်သလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

မျက်ခုံးမွှေးကို သေချာရိတ်ပြီး ကျနအောင် ဆွဲထားလိုက်ပါ။

ဓာတ်ပုံမရိုက်ခင် သင်လုပ်ရမှာက မျက်ခုံးမွှေးကို ရိတ်ထားဖို့ပါပဲ၊ မျက်ခုံးမွှေးရိတ်ပြီး မျက်ခုံးမွှေးကို ကိုယ်နဲ့လိုက်ဖက်အောင် ဆွဲထားမယ်ဆိုရင် သင်ဟာ သာမာန်အချိန်တွေမှာ ဓာတ်ပုံရိုက်တာထက် ပိုကြည့်ကောင်းနေမှာပါ။ မျက်လုံးတစ်ဝိုက်ရှင်းနေပြီး ဓာတ်ပုံထဲမှာ ပိုပြီးတော့လည်း ဆွဲဆောင်မှု ရှိနေပါလိမ့်မယ်။

အကျီအ၀တ်အစားကို မကြေနေအောင် ဂရုစိုက် ၀တ်ဆင်ပါ။

ဓာတ်ပုံရိုက်တဲ့အခါ သတိထားရမယ့် အချက်ကတော့ အ၀တ်အစားပါပဲ။ ကိုယ်ဝတ်မယ့် အ၀တ်အစားက တွန့်ကြေနေမယ်ဆိုရင် ဘယ်လောက်အလှတွေ ပြင်ထားပြင်ထား ဓာတ်ပုံထွက်လာတဲ့အခါ ကြည့်ရဆိုးနေမှာပါ။

ထိုင်တဲ့အခါ မတ်မတ်လေး ထိုင်ပါ။

ထိုင်ပြီး ဓာတ်ပုံအရိုက်ခံမယ်ဆိုရင် ခပ်မတ်မတ်လေး ထိုင်ဖို့ အရေးကြီးပါတယ်။ ခွေခေါက်ထိုင်နေရင် ဗိုက်ခေါက်ထွက်နေသလို ဖြစ်တတ်ပြီး ကြည့်လို့လည်း မကောင်းပါဘူး။ ပိုဝသယောင်လည်း ဖြစ်စေတတ်ပါတယ်။

ကင်မရာကို မျက်လုံးတည့်တည့်လောက် အနေအထားမှာ ထားရိုက်ပါ။

ကင်မရာကို အပေါ်စီးက ရိုက်မယ်ဆို မေးစေ့နှစ်ထပ် ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် အတတ်နိုင်ဆုံး သင့်မျက်လုံးတည့်တည့်အနေအထားမှာသာ ကင်မရာကို ချိန်ပြီး ရိုက်ရပါမယ်။

စိတ်ကိုပေါ့ပေါ့ပါးပါးထားလိုက်ပါ။

ဓာတ်ပုံရိုက်တော့မယ်ဆိုပြီး စိတ်ထဲ တစ်ခုခု ပြင်ဆင်ထားသလို တည်တည်တင်းတင်းကြီး ဖြစ်နေမယ်ဆိုရင် ဓာတ်ပုံထွက်လာတဲ့အခါ သင်ဘယ်လိုမှ ကြည့်ကောင်းတော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကင်မရာရှေ့ရောက်နေရင်တောင် စိတ်ကို လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါးထားလိုက်ပါ။ ရယ်မောတဲ့အခါ သဘာဝကျကျသာ ရယ်ပါ။

မေသော်

Credit: Trend Myanmar

"ဘွဲ့ရမှ ပညာတတ်တစ်ယောက်ဖြစ်သလား"


"ဘွဲ့ရမှ ပညာတတ်တစ်ယောက်ဖြစ်သလား"

လူတွေဟာ ဘွဲ့တွေ ဒီဂရီတွေ အများကြီးရထားတဲ့ လူတယောက်ကို ပညာတတ်ကြီးလို့ သတ်မှတ်ထားကြတယ်။ ဘွဲ့လေးတခုမှမရတဲ့လူက ငါဟာပညာတတ်တယောက် မဟုတ်ဘူးဆိုပြီး အားငယ်နေကြတယ်။ အဲဒီအယူအဆ မှားနေတယ်ဆိုတာ အောက်မှာရေးထားတဲ့ ကျနော့်အတွေ့အကြုံလေးနဲ့ ရှင်းပြချင်ပါတယ်။
လွန်ခဲ့တဲ့အနှစ် ၂၀ လောက်ကပေါ့။ ရန်ကုန်မှာ အိမ်ခန်းတခန်းဝယ်လိုက်တယ်။ အပေါ်တထပ်မှာနေတဲ့ လူတယောက်နဲ့ အသိဖြစ်ကြတယ်။ သူ့နာမည်က ကိုအောင်လွင်ပါ။ ကျနော်နဲ့ အသက်ရွယ်တူလောက်ပါ။ တရုပ်လူမျိုးစပ်တယ်။

သူနဲ့သိလိုက်ရခြင်းက အရင်က အစိုးရအလုပ် လုပ်တုံးက ကျနော့်လက်အောက်က လူငယ်အရာရှိဟာ ကိုအောင်လွင်ရဲ့ကုမ္ပဏီမှာ ဝင်လုပ်နေတာမို့ အဲဒီလူငယ်က မိတ်ဆက်ပေးလို့ပါ။
သူက "ဒါက ကိုသိန်းဖေပါ။ အခုစင်္ကာပူမှာလုပ်နေတယ်။ B.E ဘွဲ့ရပါ"
ကိုအောင်လွင်ကလဲ ခုလိုပြန်ပြောရင်း သူ့ကိုယ်သူမိတ်ဆက်ပါတယ်။ "ဟုတ်ကဲ့။ ကျနော့်နာမည် အောင်လွင်ပါ။ ကျနော်က ၁၀တန်းကို ဘီနဲ့ အောင်ထားတာပါ"။ သူ့မိတ်ဆက်ပုံကလဲ တမျိုးပဲလို့ထင်လိုက်မိတယ်။ ဘီနဲ့ အောင်တာဆိုတာ လွန်ခဲ့တဲ့ ၁၉၆၅ ခုနစ်လောက်က ကျင့်သုံးခဲ့တဲ့ ပညာရေးစံနစ်တခုပါ။ အဲဒီတုံးက ၁၀တန်းဖြေပြီးရင် အောင်စာရင်းသုံး မျိုးထုတ်ပေးတယ်။ ကျရှုံးတဲ့သူစာရင်း၊ အေနဲ့အောင်သူစာရင်း၊ ဘီနဲ့အောင်သူစာရင်း။ အေစာရင်းနဲ့အောင်သူမှသာ တက္ကသိုလ်တက်ခွင့်ရတယ်။ ဘီစာရင်းမှာပါသူဟာ တက္ကသိုလ်တက်ခွင့်မရဘူး။ ဒါပေမဲ့ GTI လိုဒီပလိုမာသင်တန်းမျိုး တက်ခွင့်တော့ရပါတယ်။ အဲဒီခေတ်မမှီလိုက်တဲ့ လူငယ်တွေသိအောင် ရေးပြတာပါ။

ကိုအောင်လွင်နဲ့ရင်းနှီးသွားတယ်။ မကြာခန လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ကြတယ်။ အဲဒီမှာ ကျနော် သူ့ကို သတိထားမိတာလေးတခု ရှိလာတယ်။ လူတယောက်နဲ့ သူ့ကို မိတ်ဆက်ပေးတိုင်း သူက ဆယ်တန်းကို ဘီနဲ့ အောင်ထားတာပါဆိုတာ ထဲ့ပြောလေ့ရှိတယ်။

တနေ့တော့ ကျနော် သူ့ကိုမေးပါတယ်။ ဘာဖြစ်လို့ မိတ်ဆက်ပေးတိုင်း ဘီနဲ့အောင်တာပါလို့ ပြောနေရတာလဲလို့။ သူက အခုလိုပြန်ပြောပြတယ်။ "ကျနော် တက္ကသိုလ်အရမ်းတက်ချင်ခဲ့တယ်။ ၁၀တန်းကို ဘီနဲ့အောင်လိုက်တော့ ကျနော့်ရည်မှန်းချက် ပျက်သွားတယ်။ အဖေဆုံးသွားလို့ အလုပ်ဝင်လုပ်လိုက်ရလို့ ၁၀တန်းကို ထပ်မဖြေနိုင်တော့ဘူး။ ကျနော်ဖြစ်ချင်တဲ့ပညာတတ်တယောက် မဖြစ်ခဲ့လို့ ဘွဲ့ရတယောက်နဲ့မိတ်ဆက်ပေးခံရရင် ကျနော် စိတ်အားငယ်ပြီး ပြောတဲ့အကျင့်ဖြစ်နေလို့ပါ" တဲ့။

ကိုအောင်လွင်ဟာ အဲဒီအချိန်က စက်လှေပိုင်ရှင်တယောက်ပါ။ ပင်လယ်မှာ ငါးဖမ်းတဲ့စက်လှေ ခြောက်စီးလောက် ပိုင်ပါတယ်။ အဲဒီအချိန်က ပင်လယ်ငါးဖမ်းစက်လှေတစီးဟာ သိန်းတထောင်အထက် ရှိပါတယ်။ အခုခေတ်ဈေးနဲ့ဆိုရင် သိန်းပေါင်း သောင်းသိန်းချီတန်မှာပါ။ သူ့အိမ်အလည်သွားရင် သာမန်ပရိဘောဂပဲရှိတယ်။ သူမောင်းတဲ့ကားက ပါဘလစ်ကာပစ်ကပ် ကားစုတ်စုတ်လေးပါ။ သူ့အကြောင်းမသိသူတွေက သူ့ကို သူဋ္ဌေးတယောက်လို့ ထင်မှာမဟုတ်ပါဘူး။
တနေ့ သူနဲ့စကားပြောရင်း အခုလိုပြောပြလိုက်တယ်။ "ကိုအောင်လွင်ရေ၊ ကျနော် လျှပ်စစ်အင်ဂျင်နီယာဘာသာနဲ့ ဘီအီးဘွဲ့ရထားလို့ ပညာတတ်တယောက်လို့ ပြောလို့ရပါတယ်။ လျှပ်စစ်ဘာသာနဲ့ ပညာတတ်နော်။ ဒါပေမဲ့ ခင်ဗျားလုပ်နေတဲ့ ငါးဖမ်းစက်လှေနဲ့ပတ်သက်လို့ ကျနော်အတွက် နားကန်းတလုံးမှနားမလည်ဘူး။ အဲဒါနဲ့ပတ်သက်ရင် ကျနော် ပညာတတ်တယောက်မဟုတ်ဘူး။ အဲဒီလုပ်ငန်းကို ခင်ဗျားကျွမ်းကျင်လို့ စက်လှေတစီးပြီးတစီး ပိုင်နေပြီ။ စက်လှေနဲ့ပတ်သက်ရင် ခင်ဗျားဟာ ပညာတတ်တယောက်ပါ"။

နောက်ပိုင်းမှာ လူတွေနဲ့တွေ့တိုင်း ကျနော်ဆယ်တန်းကို ဘီနဲ့ အောင်တာပါဆိုတဲ့စကား မသုံးတော့တာ သတိထားမိတယ်။ သူ့မှာ တသက်လုံးစိတ်ဆင်းရဲနေတာ အခု သူ စိတ်ချမ်းသာသွားပြီဆိုပြီး ကျနော့်ကို ကျေးဇူးတင်တယ်လို့ မကြာခနပြောပါတယ်။ နောက်ပိုင်းတော့လဲ မတွေ့မိကြတော့ပါဘူး။

ပညာတတ်လို့ပြောလိုက်တာနဲ့ လူတွေ စိတ်ထဲမှာ အရာရာတတ်ကျွမ်းတဲ့လူလို့ ထင်ကြတယ်။ တကယ်တော ပညာရပ်တခုကိုကျွမ်းကျင်စွာ လုပ်တတ်သူကို အဲဒီပညာရပ်မှာပဲ ပညာတတ်လို့ပြောရမှာပါ။ ဆရာဝန်တယောက်ဟာ အင်ဂျင်နီယာအလုပ်ကို တလုံးမှမသိလို့ အင်ဂျင်နီယာပညာတတ် မဟုတ်ပါ။ အင်ဂျင်နီယာကလဲ အရောင်းအဝယ်လုပ်ငန်းကို ဘာတခုမှနားမလည်လို့ အရောင်းအဝယ်လုပ်ငန်း ပညာတတ်မဟုတ်ပါ။
တက်စီကားသမားတယောက်ဟာ ဘယ်အချိန် ဘယ်လမ်းကမောင်းရင် လမ်းမှာတားစီးမဲ့ခရီးသည် များများတွေမယ်။ သွားလိုတဲ့ခရီးကို အချိန်တိုနဲ့ရောက်အောင်ပို့တတ်မယ်။ ဓါတ်ဆီကို ဘယ်လိုချွှေတာရမယ်ဆိုတာ သိတယ်။ ကားပျက်ရင် အသေးအမွှားဆိုရင် သူကိုယ်တိုင်ပြင်တတ်မယ်။ သူ့လုပ်ငန်းမှာ ကျွမ်းကျင်နေသူမို့ သူဟာလဲ တက်စီကားမောင်းရာမှာ ပညာတတ်တယောက်ပါ။ ထိုနည်းတူပဲ ဆိုက်ကားသမား၊ လမ်းဘေးဈေးရောင်းသူဟာလဲ သူ့လုပ်ငန်းကျွမ်းကျင်ရင် ပညာတတ်ပါပဲ။
လုပ်ငန်းတခုကို တာဝန်ကျေလုပ်နေပြီး လုပ်ငန်းမှာ ဘာမှမကျွမ်းကျင်ရင် ဘွဲ့ရပေမဲ့လဲ သူဟာ ပညာတတ်တယောက်မဟုတ်ပါ။ ရိုးသားစွာအသက်မွေးဝမ်းကျောင်းပြီး မိမိလုပ်ငန်းကို ကျွမ်းကျင်စွာလုပ်တတ်သူတိုင်း ပညာတတ် ဖြစ်ကြပါတယ်လို့ ကျနော်ယူဆပါတယ်။

မှတ်ချက်။ ဒီစာကိုရေးဖြစ်တာက မကြာခန ကျနော့်ဆီ message ပို့ပြီး ကျနော် ၁၀တန်း မအောင်ပါဘူး။ ကျနော် ဘွဲ့တခုမှမရဘူးလို့ ရင်ဖွင့်ပြီး စိတ်ပျက်အားငယ်နေတဲ့ လူငယ်တွေအတွက်ပါ။


သိန်းဖေ(ခေတ္တ-စင်္ကာပူ)

Thursday, May 28, 2015

"လူတွေခက်တယ်"


"လူတွေခက်တယ်"

အဝေးပြေးလမ်းမ တစ်နေရာ။
ကင်းလှည့်ရဲ တစ်ယောက်သည် အရှိန်မြှင့် မောင်းလာသည့် ကားတစ်စီးကို လှမ်းတားသည်။
ကားက ရပ်ပေးသည်။ ရပ်ထားသော ကားဘေးသို့ ရဲက လျှောက်လာပြီး ကားတွင်းသို့ ငုံ့ကြည့်ကာ ဒရိုင်ဘာအား ပြောသည်။
"ဒရိုင်ဘာ လိုင်စင် ပြပါ။ ခင်ဗျား သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလာတယ်။"
"ဒရိုင်ဘာလိုင်စင် ဟုတ်လား မပါဘူး။ ပျောက်သွားတာ ၄ခါလောက်ရှိပြီ"
"လိုင်စင် မရှိပဲ မောင်းတယ်ပေါ့ ဟုတ်လား။ ဒါဆို ကားမှတ်ပုံတင်တော့ ရှိမှာပေါ့။ အဲဒါ ပေး"
"ဆောရီး အဲဒါလဲ မရှိဘူး ။ ဒီကားက ခိုးလာတာ။"
"ဘာ . . ဒီကားကို ခိုးလာတယ် ဟုတ်လား။"
ကားမောင်းလာသူက သွေးအေးအေးဖြင့် ပြန်ဖြေသည်။
"ဟုတ်တယ်။ ပိုင်ရှင်ကို သတ်ပြီး ယူလာတာ"
ရဲလုပ်သူ အနည်းငယ်လန့်သွားသည်။
"ဘာ . . ခင်ဗျား လူသတ်ပြီး ဒီကားကို ယူလာတာ . . ဟုတ်လား"
"ဟုတ်တယ်။ ဘာလဲ။ ကားပိုင်ရှင် အမျိုးသမီးရဲ့ အလောင်းကို ကြည့်ချင်လို့လား။ ကားနောက်ဖုံးထဲမှာ ထည့်ထားတယ်။ ဖွင့်ကြည့်လိုက်"
ရဲလည်း ကားတံခါးဘေးမှ နောက်ဆုတ်သွားသည်။ ထိုနောက် သူခါးတွင် ချိတ်ထားသော သေနတ်ကို ဆွဲထုတ်လိုက်ပြီး ဒရိုင်ဘာကို ချိန်လိုက်သည်။ ရင်ဘတ်တွင် ချိတ်ထားသော စကားပြောစက်မှတစ်ဆင့် အနီးတ၀ိုက်တွင် ကင်းလှည့်နေသည့် ရဲကားများကို လှမ်းခေါ်လိုက်သည်။ မကြာမီပင် အချင်းဖြစ်နေရာသို့ ရဲကား ဆယ်စီးမျှ ရောက်လာသည်။
ရဲကားတစ်စီးပေါ်မှ အရာရှိဖြစ်သူ ဆင်းလာသည်။ အရာရှိက လှမ်းခေါ်သော ရဲကို မေးခွန်းမေးသည်။ ကားကို လှမ်းတားသူ ရဲက အစီရင်ခံသည်။
"ဆရာ၊ ဒါ လူသတ်မှု၊ လူသတ်ပြီး ကားလုလာတာ။ သတိထား"
အရာရှိလုပ်သူက သူ့သေနတ်ကို ဆွဲထုတ်ကာ ကားပေါ်မှ ဒရိုင်ဘာကို ချိန်လိုက်သည်။ ကားပေါ်မှ လက်မြှောက်၍ ဆင်းလာရန် အမိန့်ပေးလိုက်သည်။ ကားပေါ်မှ ဒရိုင်ဘာလည်း လက်မြှောက်၍ ဆင်းလာသည်။ သူက အရာရှိအား လှမ်းမေးသည်။
"ဘာ ပြဿနာများ ဖြစ်လို့ ပါလိမ့်"
"ခင်ဗျားကားလိုင်စင်ပြ"
"ဒီမှာပါ"
"ဟုတ်ပြီ။ ဒါဆို ကားမှတ်ပုံတင်ကော"
"ဒီမှာပါ။ "
"ဟုတ်ပြီ။ ဒါနဲ့ ဒီကားက ခိုးလာတာဆို။ လူသတ်ပြီး ယူလာတာဆို။
ကဲ . . ခင်ဗျား ကားရဲ့ နောက်ဖုံးကို ဖွင့်ပြ"
ကားသမားလည်း ကားနောက်ဘက်သို့လျှောက်သွားလျက် ကားနောက်ဖုံးကို ဖွင့်ပြသည်။ ကားနောက်ဖုံးထဲတွင် ဘာမှမရှိချေ။ အရာရှိလုပ်သူ သူ့တပည့် ရဲဆီသို့ လှည့်ကြည့်ရင်း ခေါင်းခါသည်။
တစ်ဆက်တည်း ထိုရဲကို ပြောသည်။
"မင်းပြောတော့ ကားကို လူသတ်ပြီး ခိုးလာတယ်ဆို။ ကဲ ခုကြည့်စမ်း အားလုံး အထောက်အထား အပြည့်အစုံနဲ့ပဲ။ နောက်ကို မသေချာရင်
ဒီလို မလုပ်ပါနဲ့ အားလုံး အလုပ်ရှုပ်တယ် ကြားလား"
ထိုနောက် တဆက်တည်း ဒရိုင်ဘာဘက်သို့ လှည့်ပြီး ပြောသည်။
"ကျုပ်အရာရှိ တစ်ယောက်အနေနဲ့ တောင်းပန်ပါတယ်။ ခင်ဗျားကို လူသတ်ပြီး ကားလုလာတယ်လို့ စွပ်စွဲလို့ စစ်ဆေးရတာပါ။ သွားနိုင်ပါပြီ။"
ဒရိုင်ဘာက ပြန်ပြောသည်။
"အင်းလေ . . တာဝန် ဆိုတော့ ခွင့်လွှတ်ရတာပေါ့လေ။ ဒါပေမဲ့ ပြောရအုံးမယ်။ ဒီလူ ခင်ဗျားကို ထပ်လိမ်အုံးလိမ့်မယ်။ ကျုပ်ကို သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတယ်ဆိုပြီး . . ခက်တယ်ဗျာ . . လူတွေ . . လူတွေ"

KZO

27-5-2015

"ငွေရေးကြေးရေး ကိစ္စ တစ်ဦးနဲ့တစ်ဦး ပွင့်ပွင့်လင်းလင်း မရှိခြင်းက သင်တို့အချစ်ရေးကို ပျက်စီးသွားစေနိုင်"


"ငွေရေးကြေးရေး ကိစ္စ တစ်ဦးနဲ့တစ်ဦး ပွင့်ပွင့်လင်းလင်း မရှိခြင်းက သင်တို့အချစ်ရေးကို ပျက်စီးသွားစေနိုင်"

သင်ဟာ သင့်ရဲ့ဒီဇိုင်နာထုတ်အိတ်တွေရဲ့ဈေးနှုန်း၊ တစ်နေ့တာ အသုံးစရိတ်၊ တစ်လ အသုံးစရိတ်စတာတွေကို ဖွင့်မပြောပဲ သင့်ချစ်သူကို လိမ်ညာထားမိမယ်ဆိုရင် ဒါတွေဟာ သင်တို့ရဲ့ အချစ်ရေးအတွက် ဆူးညှောင့်ခလုတ်တွေပါပဲ။ MoneySupermarket.com က စစ်တမ်းကောက်ချက်အရ အတွဲ ၁၀တွဲမှာ ၅တွဲသာ ကိုယ့်ချစ်သူကို ကိုယ့်အသုံးစရိတ်တွေကို အမှန်အတိုင်း ဖွင့်ပြောလေ့ရှိကြပါတယ်တဲ့။ ဘာလို့များ ကိုယ့်အသုံးစရိတ်ကို အမှန်အတိုင်း မပြောကြပါလိမ့်လို့ သင်တွေးမိလိုက်တယ်မလား။

သူတို့တွေဟာ တစ်ခုခုကို ၀ယ်တော့မယ်ဆိုရင် ကိုယ့်ချစ်သူကို ပြောချင်ပေမယ့် ချစ်သူက ၀ယ်ခွင့်မပြုမှာ၊ ကိုယ့်အသုံးစရိတ်ကြောင့် ကိုယ့်ချစ်သူ စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်ကြလို့ပါတဲ့။ ဒီလိုကြားလိုက်ရရင် ဒါဟာ အပြစ်ကင်းပါတယ်လို့တော့ ထင်ကြမှာပါပဲ။ ဒါပေမယ့် ဒီအရာတွေက အတွဲတွေ ပြတ်သွားအောင် ဖန်တီးပစ်လိမ့်မယ်လို့တော့ ဘယ်သူမှ ထင်မိကြမှာ မဟုတ်ပါဘူး။

ယုံကြည်မှုဆိုတာ အချစ်ရေးမှာ နံပါတ်တစ် အရေးအကြီးဆုံး အရာပါပဲ။ နှလုံးသားရေးရာ အကြံပေးဖြစ်တဲ့ Terri Orbuch, Ph.D. ကတော့ ယုံကြည်မှုနည်းပါးသွားရင် အချစ်ရေးဟာ သာယာမှုတွေ တဖြည်းဖြည်းလျော့ပါး သွားမှာပါပဲတဲ့။ အထူးသဖြင့် ရေရှည်တွဲလာပြီးဖြစ်တဲ့ အတွဲတွေဟာ ပိုက်ဆံကိစ္စနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားတာကို သိရာကနေ ကွဲသွားတာ များတယ်လို့ ဆိုပါတယ်။

ကိုယ် ဒီနေ့ ဘယ်လောက်သုံးတယ် ဆိုတာမျိုးကို ကိုယ့်ချစ်သူကို စာရင်းတင်ခိုင်းနေတာမျိုး မဟုတ်ပေမယ့် သူမေးတဲ့အခါ သုံးသမျှ ပိုက်ဆံတွေကို စာရင်းဖျောက်ပစ်လိုက်တာမျိုးတွေ မလုပ်ပဲ အမှန်အတိုင်း ဖွင့်ပြောဖို့ပါပဲ။ ကိုယ့်ပိုက်ဆံ ကိုယ်ရှာသုံးတယ်ဆိုပေမယ့် တစ်ဖက်ကလည်း နှစ်ဦးသားရှေ့ရေးကို တွေးရတော့မယ်ဆိုရင် ကိုယ့်အသုံးစရိတ်တွေကိုပါ ထည့်စဉ်းစားတော့မှာပေါ့လေ။

နောက်တစ်ချက်က ကိုယ် တစ်လ ဘယ်လောက်ရသလဲဆိုတာကို အတိအကျဖွင့်ပြောဖို့ နှစ်ဦးသားတွဲတဲ့အချိန်က နည်းနေသေးတယ်ဆိုရင်တောင် ရေရှည်တွဲတော့မယ် ဆိုတာနဲ့ ဒါတွေကိုပါ ဖွင့်တိုင်ပင်သင့်ပါတယ်။ ဒါဟာ နှစ်ဦးသားရေရှည် လက်တွဲတော့မယ်လို့ ဆုံးဖြတ်တဲ့အခါ အရေးအကြီးဆုံး အချက်ဖြစ်လာလို့ပါပဲ။


ဟန်နီ

Credit: Trend Myanmar

"မျက်နှာသုတ်ပုဝါတွေ၊ ကိုယ်သုတ်ပုဝါတွေကို ဘယ်နှစ်ကြိမ်တစ်ခါ လျှော်ပေးသင့်တယ်ဆိုတာ"


"မျက်နှာသုတ်ပုဝါတွေ၊ ကိုယ်သုတ်ပုဝါတွေကို ဘယ်နှစ်ကြိမ်တစ်ခါ လျှော်ပေးသင့်တယ်ဆိုတာ"

သင်အိမ်မှာ နေ့တိုင်း အသုံးပြုနေတဲ့ မျက်နှာသုတ်ပုဝါနဲ့ ကိုယ်သုတ်ပုဝါတွေကို ဘယ်နှစ်ကြိမ်တစ်ခါ လျှော်ပေးသင့်တယ်ဆိုတာ သိပါသလား။ ဒီမေးခွန်းဟာ အတော်လေး အရေးကြီးသလို အချိန်မအားလို့ တစ်လတစ်ခါ၊ ဒါမှမဟုတ် တစ်လနှစ်ခါလောက် လျှော်မယ်ဆိုရင်တောင် ဒါဟာ သင့်တော်မှု မရှိသေးပါဘူး။

တကယ်တော့ မျက်နှာသုတ်ပုဝါတွေနဲ့ ကိုယ်သုတ်ပုဝါတွေဆိုတာ သုံးခါ (သို့မဟုတ်) လေးခါသုံးပြီးတာနဲ့ လျှော်ပေးဖို့ လိုအပ်တာပါ၊ ဒီ့ထက်ပို ကြာကြာထားသုံးမယ်ဆိုရင် သင်ဟာ အရေပြားဆိုင်ရာ ပြသနာ အနည်းနဲ့အများ ကြုံတွေ့ရနိုင်ပါတယ်။ ဒါဘာဖြစ်လို့များလဲဆိုတော့ မျက်နှာသုတ်ပုဝါတွေမှာ စွဲကပ်တတ်တဲ့ ဘက်တီးရီးယားပိုးမွှားတွေနဲ့ မှိုကြောင့်ပါ၊

ဒါ့အပြင် ပုဝါတွေကို သုံးပြီးတဲ့အခါ သေချာဖြန့်လှန်းထားဖို့လည်း လိုပါသေးတယ်။ ဖြစ်သလို လုံးထွေးတန်းပေါ်ပစ်တင်ခြင်းဟာလည်း အရေပြားပြသနာတွေ ကြုံတွေ့စေနိုင်ပါတယ်၊ ဒါ့ကြောင့် အခန်းတွင်းမှာ လှန်းမယ်ဆိုရင်တောင် လေ၀င်လေထွက်ရှိတဲ့ အခန်းမျိုးမှာသာ လှန်းသင့်တဲ့အကြောင်း ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးအေဂျင်စီတွေက ညွှန်ကြားလိုက်ပါတယ်။

မေသော်

Credit: Trend Myanmar

"မြစိမ်းရောင် ဂဏန်းပုံစံသစ်ဖြင့် ကျပ်တစ်သောင်းတန် ငွေစက္ကူကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်တွင် စတင် ထုတ်ဝေမည်"


"မြစိမ်းရောင် ဂဏန်းပုံစံသစ်ဖြင့် ကျပ်တစ်သောင်းတန် ငွေစက္ကူကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်တွင် စတင် ထုတ်ဝေမည်"

မြန်မာနိုင်ငံတော်ဗဟိုဘဏ်
နေပြည်တော်
ကြေညာချက်
( ၂၀၁၅ ခုနှစ် မေလ ၂၈ ရက် )

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ထုတ်ဝေ ထားရှိသည့် ငွေစက္ကူ များ၏ ခိုင်မာလုံခြုံမှုအတွက် လုံခြုံမှု အဆင့်အတန်းနှင့် အရည်အသွေး မြှင့်တင်ခြင်းများကို ပုံမှန် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂ဝ၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ထုတ်ဝေခဲ့သော ကျပ်တစ်သောင်းတန် ငွေစက္ကူ၏ တရားဝင် လှည့်လည် သုံးစွဲငွေအဖြစ် တည်ရှိနေမှုကို မထိခိုက်စေဘဲ ယင်းငွေစက္ကူ၏ လုံခြုံမှု အဆင့်အတန်း ပိုမိုမြင့်မားစေ၍ အရည်အသွေး ပိုမိုကောင်းမွန်စေရန်၊ အသုံးပြုနိုင်မှု သက်တမ်း ပိုမိုရှည်ကြာ စေရန်နှင့် အတုအပ ပြုလုပ်ခြင်းမှ ကာကွယ်ရန် အလို့ငှာ တောက်ပသော မြစိမ်းရောင် ဂဏန်းပုံစံ အသစ်၊ ရေစာအသစ် နှင့် ငွေစက္ကူ၏ မျက်နှာပြင် နှစ်ဖက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ်ထားသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူကို ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင် ထုတ်ဝေမည် ဖြစ်ပါသည်။

မူလ ကျပ်တစ်သောင်းတန် ငွေစက္ကူ၏ မျက်နှာစာ ညာဘက်အောက် ထောင့်တွင် ရိုက်နှိပ်ထားသည့် ရိုးရိုးဂဏန်း ''၁ဝဝဝဝ'' အစား တောက်ပသည့် မြစိမ်းရောင် ''၁ဝဝဝဝ'' ဂဏန်းကို ပြောင်းလဲ ထည့်သွင်းထား ပါသည်။ ငွေစက္ကူကို အနေအထား ပြောင်းလဲကြည့်လျှင် ယင်းဂဏန်း ၏ တောက်ပမှု အလင်းရောင်သည် အထက်အောက် ရွေ့လျားနေသည့်အပြင် ဂဏန်း၏ အရောင်သည် မြစိမ်းရောင်မှ အပြာရင့်ရောင်သို့ ပြောင်းလဲနိုင်ပါသည်။ ကျပ်တစ်သောင်းတန် ငွေစက္ကူ မျက်နှာစာ၏ လက်ဝဲဘက် အပိုင်းတွင် ပုံစံသစ်ဖြင့် ပြုလုပ်ထားသည့် ကြာဖြူပွင့်ပုံ ရေစာပါရှိပြီး ငွေစက္ကူကို အလင်းရောင်တွင် ကြည့်ပါက ရေစာကို တွေ့နိုင်ပါသည်။ ငွေစက္ကူကို ဖုံးအုပ် ကာကွယ်ထားသည့် ဗားနစ်(Varnish) အလွှာသည် ပြင်ပမှ ရေခိုးရေငွေ့များ၊ အရည်များနှင့် အရောင်စွန်းထင်း နိုင်သည့် အရာများကြောင့် ငွေစက္ကူ အရည်အသွေး နိမ့်ကျပျက်စီးခြင်းကို ကာကွယ်စေသဖြင့် ငွေစက္ကူ၏ အသုံးပြုနိုင်မှု သက်တမ်းကို ပိုမို ရှည်ကြာစေပါသည်။ ၄င်းအပြင် ငွေစက္ကူ၏ ရှေ့မျက်နှာစာ ဘယ်၊ညာ အစွန်းများတွင် ဖောင်းကြွလိုင်းတိုများကို ထည့်သွင်းထားပါသည်။ မူလ ကျပ်တစ်သောင်းတန် ငွေစက္ကူတွင် အသုံးပြု ထားသည့် လုံခြုံရေးကြိုးကို ဆက်လက် အသုံးပြုထားပြီး၊ ငွေစက္ကူကို ကြည့်သည့် အနေအထားပေါ် မူတည်၍ လုံခြုံရေးကြိုး၏ အရောင်သည် ပန်းခရမ်းရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲနိုင်ပါသည်။

ယခုထုတ်ဝေမည့်ကျပ်တစ်သောင်းတန် ငွေစက္ကူမှာ တောက်ပသော မြစိမ်းရောင် ဂဏန်းပုံစံ အသစ်၊ ရေစာ အသစ်နှင့် ငွေစက္ကူမျက်နှာပြင်နှစ်ဖက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ်ထားခြင်းတို့မှအပ ငွေစက္ကူ အရွယ်အစား၊ ပုံသဏ္ဌာန်နှင့် အရောင် သတ်မှတ်ချက်များသည် မူလ ကျပ်တစ်သောင်းတန် ငွေစက္ကူအတိုင်း ဖြစ်ပါသည်။

လက်ရှိ တရားဝင် လှည့်လည် သုံးစွဲလျက်ရှိသော ကျပ်တစ်သောင်းတန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက် တည်ရှိမည် ဖြစ်ပါသည်။

#Themyawadydaily

"သင့်ကိုတကယ်ချစ်တဲ့လူဆိုရင်"


"သင့်ကိုတကယ်ချစ်တဲ့လူဆိုရင်"

သင်နဲ့အဆက်သွယ်မရတဲ့ခဏ ဖုန်းတွေဆက်
ဘာတွေများလုပ်နေမလဲလို့ စိတ်တွေပူနေမှာပါ...

သင့်မျက်နှာမရွှင်လန်းတာတောင် သူ့အတွက် အနေခက်နေတတ်တာပါ...

သင့်ရဲ့လိုအပ်ချက်လေးတွေကို တတ်နိုင်သလောက်
ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတတ်တာပါ...

သူ့မှာ သင့်ကို စိတ်ချမ်းသာစေချင်တဲ့စိတ် အပြည့်ရှိတာပါ...

တစ်ခါတစ်လေ အဆင်မပြေမှုလေးတွေနဲ့ စိတ်ဆိုးကြရင်တောင် အရင်ပြန်ချော့ဖို့ ၀န်မလေးတတ်ပါဘူး...

ကိုယ့်ရဲ့အတိတ်တွေကို တတ်နိုင်သလောက် မေ့ပစ်နိုင်အောင် ကြိုးစားပါလိမ့်မယ်...

ကိုယ့်ရဲ့ခံစားမှုတွေကို ပြောမပြပဲ အလိုလိုသိနေတတ်ပါလိမ့်မယ်...

သူ့မှာ ကိုယ့်ရဲ့အခက်ခဲတွေကို အတူရင်ဆိုင်နိုင်တဲ့ခွန်အားရှိပြီး ပျော်ရွှင်စရာတွေကို ထပ်တူပျော်ရွှင်ပေးဖို့ စွမ်းအားတွေ ရှိတတ်ပါတယ်...

ဒါတွေအားလုံးဟာ တကယ်ချစ်မိတဲ့စိတ်တွေနဲ့ ထပ်တူဖြစ်လာတတ်တာမျိုးပါ...


Credit: Lwan Lay

"မိဘတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် လူသားအရုပ်မလေး ဖြစ်လာခဲ့ရတဲ့ ရုရှားသူ Angelica Kenova"


"မိဘတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် လူသားအရုပ်မလေး ဖြစ်လာခဲ့ရတဲ့ ရုရှားသူ Angelica Kenova"
 
ခါးကသေးသေး၊ အရုပ်မမျက်နှာလေးနဲ့ မိန်းမပျိုလေးဟာ အားလုံးရဲ့အမြင်မှာတော့ ပြီးပြည့်စုံတဲ့သူလေးတစ်ယောက်ပေါ့။ ဒီလို အရုပ်မလေးတစ်ယောက်လို ဖြစ်နေအောင် သူမ ဘယ်လောက်ကြိုးစားထားရတယ် ဆိုတာတော့ သိချင်မှ သိကြမှာပါ။ ခုလို ခန္ဓာကိုယ် အချိုးအစားရအောင် အစားလျှော့ရတာမျိုး၊ လေ့ကျင့်ခန်းကို မနားမနေ လုပ်ဆောင်တာမျိုးတွေ ရှိနေပါတယ်။ ဒါပေမယ့် ထူးခြားတဲ့အချက်က မိဘတွေကိုယ်တိုင်က ကိုယ့်သမီးလေးကို အရုပ်မလေးလို ဖြစ်အောင် စနစ်တကျ ပြုစုပျိုးထောင်ပေးခဲ့တယ် ဆိုတာပါပဲ။

အသက် ၂၆ နှစ် အရွယ် ရုရှားသူလေး Angelica Kenova ဟာ ခုဆိုရင် လူသားအရုပ်မလေးဆိုပြီး လူသိများကြသလို သူ့ကိုအားပေးကြတဲ့ follower တွေလည်း တော်တော်များများရှိနေပါပြီ။ သူမ ကလေးဘ၀ကတည်းက သူမရဲ့ မိဘတွေဟာ အစားအသောက်ပိုင်းဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုတွေ ရှိခဲ့ပြီး လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်၊ ဒါဟာ ခုလို လူသားအရုပ်မလေး ဖြစ်အောင် သူမကို ပြုစုပျိုးထောင်ပေးခဲ့တာလို့ Daily Mail မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

"ကျွန်မ ကလေးဘ၀ကတည်းက ကျွန်မမိဘတွေက အရုပ်မလေးလို ဘယ်လိုစတိုင်ကျကျ နေထိုင်ရမယ်ဆိုတာ သင်ကြားပေးခဲ့တယ်။ ခုလို အရုပ်မလေးလို ပြောဆိုပြုမူနေထိုင်ရတာကိုလည်း ကျွန်မသဘောကျပါတယ်။ ဘာလို့လဲဆိုတော့ အရုပ်မလေးတွေက ကမ္ဘာတစ်ဝှမ်းလုံးက မိန်းကလေးတွေရဲ့ အသည်းစွဲပဲလေ" လို့ သူမကလည်း ပြောသွားပါသေးတယ်။

မိဘတွေရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ သူမဟာ မိဘတွေ သဘောမတူရင် ရည်းစားမထားပါဘူးဆိုတဲ့ ကတိနဲ့ နေထိုင်ခဲ့ရပြီး ခုထက်ထိလည်း ရည်းစားလုံးဝမရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဟိုးအရင်ကတည်းက သူငယ်ချင်းတွေနဲ့ အပြင်လျှောက်လည်တာမျိုး မလုပ်ခဲ့ရတာမို့ သာမာန်လူငယ်တွေရဲ့ ဘ၀မျိုးတော့ မပိုင်ဆိုင်ခဲ့ရပါဘူးတဲ့။ အိမ်မှာ မင်းသမီးလေးတစ်ပါး၊ အရုပ်လေးတစ်ရုပ်လို နေထိုင်ရတဲ့ သူမဟာ အပြင်လောကနဲ့ အံဝင်ခွင်ကျတော့ မဖြစ်ဘူးလို့ သူမက ပြောပါတယ်။

အရုပ်မလေးနဲ့ ချွတ်စွပ်တူတဲ့ သူမက ဒီလိုဖြစ်အောင် ပလတ်စတစ်ဆာဂျရီလုပ်တာမျိုး တစ်ခါမှ မရှိခဲ့ဘူးလို့ ဆိုတဲ့အပြင် ပြင်ဆင်ခြယ်သရာမှာ မိတ်ကပ်နဲ့ အလှကုန်တွေသာ သူမသုံးဖြစ်ပါတယ်တဲ့။ ခန္ဓာကိုယ် အဆီလုံးဝ မတက်အောင် အစားအသောက်ပိုင်းကို ဂရုစိုက်ပေးတဲ့ ကိုယ်ပိုင်ထရိန်နာတစ်ယောက် ရှိပြီး လေ့ကျင့်ခန်းပိုင်းဆိုင်ရာရော၊ အဆီချတာ၊ အစားအသောက်ထိန်းတာအားလုံးကို သူက လုပ်ဆောင်ပေးသွားတယ်လို့ သူမက ဖွင့်ဟပါတယ်။

သူမဟာ ခုလက်ရှိမှာ မော်ဒယ်တစ်ယောက်ဖြစ်ပြီး ဘဲလေးအကသမ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ကလေးစိတ်ပညာရှင် တစ်ယော်ကဆိုရင်လည်း မမှားပါဘူး။

သူမရဲ့ အိပ်မက်တွေထဲမှာ တစ်နေ့ကျရင် ကိုယ်ပိုင်ဘ၀လေးနဲ့ ခုလို မသွားရမလာရ ပိတ်လှောင်ခံထားရသလို နေရတာမျိုးတွေကို စွန့်ပစ်ပြီး လွတ်လွတ်လပ်လပ် နေသွားချင်ပါတယ်လို့လည်း ဖွင့်ဟသွားပါသေးတယ်။

 မေသော်

Credit: Trend Myanmar

"သင့်ကိုနားလည်ပြီး သင့်အတွက် ဖြည့်တွေးပေးတတ်တဲ့သူ ဟုတ်မဟုတ် ဆိုတာ"


"သင့်ကိုနားလည်ပြီး သင့်အတွက် ဖြည့်တွေးပေးတတ်တဲ့သူ ဟုတ်မဟုတ် ဆိုတာ"

အရွယ်ရောက်ပြီဆို ချစ်သူရည်းစားကတော့ ထားကြတာချည်းပါပဲ။ ဒါပေမယ့် သင့်ချစ်သူက သင့်အပေါ် တကယ်ကောင်းတဲ့ ချစ်သူတစ်ယောက်လား၊ အနစ်နာခံပြီး ချစ်တတ်သူလား ဒါမှမဟုတ် ရေရှည်မတွေးထားပဲ ကောက်တွဲလိုက်တာမျိုးလား၊ ကိုယ့်အပေါ် တကယ့်အချစ်စစ်နဲ့ ချစ်ရဲ့လား ဆိုတာလေးတော့ သိချင်ကြမှာပါ။ သူတကယ်ကိုယ့်ကို ချစ်မချစ်ဆိုတာ သူ့လုပ်ရပ်တစ်ချို့ကို ကြည့်ပြီး သုံးသပ်လို့ရပါတယ်၊ သူဟာ သင့်ကို တကယ်အနစ်နာခံပြီး ချစ်တဲ့သူသာဆိုရင်

၁။တစ်ခြားသူငယ်ချင်းစုံတွဲနဲ့ ချိန်းတော့မယ်ဆိုရင် သင်အဆင်ပြေမလား အရင်မေးပြီးမှသာ သူချိန်းတယ်။

သင့်ချစ်သူဟာ သင့်ကို အလေးပေးဆက်ဆံတယ်ဆိုတာမျိုးကို သူစီစဉ်တဲ့ အစီအစဉ်တစ်ချို့က သင်သိနိုင်ပါတယ်။ ဥပမာ တစ်နေရာကို သွားဖို့ အခြားအတွဲနဲ့ ချိန်းတော့မယ်ဆိုရင် သင့်ကိုအရင်ဆုံး အားလား၊ မအားဘူးလား မေးပါလိမ့်မယ်။ ပြီးတော့မှ တခြားလူတွေကို သူဦးစားပေးစီစဉ်မှာပါ။ ငါဘာလုပ်လုပ် သူလိုက်လုပ်ရမှာပဲဆိုပြီး ဘယ်တော့မှ မတွေးပါဘူး။

၂။အိပ်အလုပ်တွေက ငါလုပ်စရာမလိုဘူး၊ သူ့အလုပ်လို့ ဘယ်တော့မှ မပြောဘူး။

နှစ်ဦးသားအတူနေပြီဆိုရင် အိမ်မှုကိစ္စတွေ သူ့အလုပ် ကိုယ့်အလုပ် ခွဲကြတယ်ဆိုရင်တောင် အိမ်မှုကိစ္စတွေက ငါနဲ့မဆိုင်ဘူး၊ သူလုပ်ရမှာမို့ ကူမလုပ်ပေးနိုင်ဘူးဆိုတဲ့စိတ်ထား သင့်ချစ်သူမှာ မရှိတတ်ဘူး။ ဒါဟာ သင့်ကို ချစ်မြတ်နိုးလို့ပါ။

၃။သင့်ရဲ့ အဝေးတစ်နေရာမှာ ရောက်နေပေမယ့် သင့်ကိုအမြဲဆက်သွယ်နေတတ်တယ်။

အလုပ်ကြောင့် ခရီးသွားရတာပဲဖြစ်ဖြစ်၊ တခြားကိစ္စတစ်ခုခုနဲ့ သင့်အဝေးရောက်နေပြီပေမယ့် သင့်အပေါ် ဂရုစိုက်မှုတွေ မပျက်ကွက်သလို သူဘယ်ရောက်နေပြီ ဘာလုပ်နေတယ်ဆိုတာကို အတတ်နိုင်ဆုံး သင့်ကို အသိပေးတယ်။

၎။သင့်ကိုအကူအညီ တစ်ခုခုပေးထားရင်တောင် ဒါကိုပေါ်လွင်နေအောင် သူနေမပြတတ်ဘူး။

သင် သူ့ဆီက ပိုက်ဆံချေးထားတာမျိုး ရှိတယ်ဆိုရင် ဒါမှမဟုတ် သူ့ဆီက အကူအညီကြီးကြီးမားမား ယူထားရင်တောင် သူက မေ့နေသလိုမျိုး နေပေးတတ်တယ်၊ ဒါကို အစဖော်ပြီး ပြောဆိုနေတာမျိုး မရှိသလို သင်ပြောရင်တောင် စကားလမ်းကြောင်း ပြောင်းပစ်တတ်တယ်။

၅။သင်နဲ့သူ့ကြားမှာ လျှို့ဝှက်ချက် ဘယ်တော့မှ မထားတတ်ဘူး။

သင်မသိအောင် တစ်ခုခုလုပ်ထားတာမျိုး၊ မပြောပဲထားထားတာမျိုး ဘယ်တော့မှ မလုပ်တတ်ဘူး။ အိမ်အပြန်နောက်ကျရင်တောင် ဘာ့ကြောင့်ဆိုတာ ဘယ်သူနဲ့ရှိနေတယ်ဆိုတာ အမြဲပြောပြတတ်တယ်။

၆။သင့်အပေါ် သူယုံကြည်တယ်ဆိုတာ၊ ကိစ္စရပ်တစ်ခုခုဆို သင်လုပ်နိုင်တယ်ဆိုတာ သူအမြဲယုံကြည်ပေးတယ်။

ချစ်သူရည်းစားတွေမှာ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုထားဖို့ လိုအပ်ပါတယ်၊ ယုံကြည်မှုဆိုတဲ့စကားမှာ သစ္စာဖောက်တာ မဖောက်တာကို ယုံကြည်ပေးတာမျိုးအပြင် သူ နေ့စဉ်ပြုမူဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်တာတွေမှာ သူလုပ်နိုင်တယ်၊ သူတော်တယ်ဆိုတာမျိုးကိုလည်း တစ်ဖက်လူက ယုံကြည်ပေးဖို့ လိုပါတယ်။ ဒါလေးတောင် မသိဘူး မတတ်ဘူး အသုံးမကျဘူးလား ဆိုတာမျိုး ပြောတတ်တဲ့ သူထက်စာရင် ကိုယ့်ချစ်သူအပေါ် ယုံကြည်မှုရှိတဲ့ စုံတွဲတွေဟာ ပိုမြဲပါတယ်။

၇။အတိတ်က ကိစ္စရပ်တွေကို သူဘယ်တော့မှ ပြန်မတူးဆွဘူး။

လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကိစ္စ ကိုယ်နဲ့မတွေ့ခင်တုန်းက တခြားသူနဲ့ အတူရှိနေတုန်းက ကိစ္စရပ်တွေ ပြန်ပြောပြီး သင့်ကို စိတ်မကောင်းဖြစ်အောင် သူဘယ်တော့မှ မလုပ်ပါဘူး။

၈။နှစ်ယောက်သား ပြသနာတက်ရင်တောင် ဘာမဟုတ်တဲ့ကိစ္စလေးတွေကြောင့်တော့ မဟုတ်ဘူး။

နေ့တိုင်းတွေ့ကြုံနေတဲ့ အရာလေးတွေ၊ ဘာမဟုတ်တာလေးတွေနဲ့တော့ သင်တို့နှစ်ယောက် ပြသနာမတက်တတ်ပါဘူး။ ပြသနာကြီးကြီးကိုပဲ နှစ်ဦးသား ဘယ်လိုဖြေရှင်းမယ်ဆိုတာ စဉ်းစားတတ်ကြတယ်၊ ရန်ဖြစ်ရင်လည်း ခဏပဲ၊ ပြန်အဆင်ပြေအောင် သူက ညှိုနှိုင်းပေးတယ်။

ဟန်နီ

 Credit: Trend Myanmar

"မျိုးရိုးဗီဇကြောင့် ဖြစ်ပေါ်လာတဲ့ ၀ဖြိုးခြင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ လျော့ချမလဲ"


"မျိုးရိုးဗီဇကြောင့် ဖြစ်ပေါ်လာတဲ့ ၀ဖြိုးခြင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ လျော့ချမလဲ"

မျိုးရိုးလိုက်ပြီး ၀ဖြိုးလာခြင်းကို အနိုင်ရနိုင်ဖို့ အစားအသောက်နဲ့ နေထိုင်မှုပုံစံမျိုးကို သုတေသနများမှ ရှာဖွေတွေ့ရှိထားပြီး ဖြစ်ပါတယ်။ မျိုးရိုးကြောင့် ကိုယ်အလေးချိန်တိုးလို့ ၀ဖြိုးလာသူတွေအဖို့ မိမိကိုယ်ခန္ဓာ အလေးချိန်ကို ထိန်းသိမ်းနိုင်ဖို့ အောက်ပါအချက်များက အကြံပြုထားပါတယ်။


ပြည့်ဝဆီတွေနဲ့ အချိုစားသုံးခြင်းများကို ဖြတ်တောက်ပစ်ပါ

အဆီအအိမ့်နဲ့ အချိုတွေဟာ သင့်အတွက် ဆိုးကျိုးကိုသာ ယူဆောင်လာပေးတယ်ဆိုတာကို သင်သိပြီးဖြစ်ပါတယ်။ သို့ပေမယ့် အဲဒီအရာတွေဟာ သင့်ရဲ့ မျိုးရိုးဗီဇအခြေအနေနဲ့ ပူးပေါင်းလို့ သင့်အား ကိုယ်အလေးချိန်တက်စေရန် အားပေးလျက်ရှိကြောင်း လေ့လာမှုများက ဖော်ပြထားပါတယ်။ ကယ်လိုရီအရ တွက်ချက်ကြည့်မယ်ဆိုရင် မပြောပလောက်ပေမယ့် အဆီအအိမ့်များသော အစာများဟာ သင့်ရဲ့ခန္ဓာကိုယ် အလေးချိန်ကိုတော့ အမှန်အကန် မြင့်တက်စေတာပါပဲ။ လေ့လာတွေ့ရှိချက်တွေအရ ဒီလို အဆီများတဲ့ အစားအစာတွေကို စားသုံးခြင်းဟာ အ၀တိုးစေမယ့် သင့်ရဲ့မျိုးရိုးဗီဇကို အလုပ်လုပ်စေဖို့ တွန်းအားပေးနေတာပဲ ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် Zero Belly Diet အစီအစဉ်အတွက်  စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ရာမှာတော့ အစမ်းသပ်ခံတွေဟာ အဆီအအိမ့်နဲ့ အချိုများကိုလျော့စားပြီး ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးသော အစားအစာများပိုမိုစားသုံးပြီး (၁၄) ရက် အကြာမှာတော့ ခန္ဓာကိုယ်  အလေးချိန် (၁၆) ပေါင် အထိ ကျဆင်းသွားကြောင်း မှတ်တမ်းတင် ဖော်ပြထားပါတယ်။

ဗိုက်တာမင်များကို မသောက်သုံးပါနဲ့

ခန္ဓာကိုယ်ထဲမှာ ဗိုက်တာမင်-ဘီ ရှိနေမှု ပမာဏ များပြားခြင်းဟာ အ၀လွန်ခြင်းနဲ့ ဆီးချိုရောဂါ ဖြစ်ခြင်းတို့နဲ့ ပတ်သက်ဆက်နွယ်လျက်ရှိပါတယ်။ ကလေးများအတွက်  အဟာရတိုးစေရန် ဖော်စပ်ထားသော ဗိုက်တာမင် ဖော်မြူလာများဟာ အဆီတိုးစေသော မျိုးရိုးဗီဇဆဲလ်များကို အလုပ်လုပ်စေဖို့ အချက်ပေးနေတယ်လို့ သုတေသနပြုလုပ်သူများက ယုံကြည်ထားကြပါတယ်။ သင်ဟာ နေ့စဉ်နေ့တိုင်း ဗိုက်တာမင် အစုံအလင် ပါဝင်သော ဆေးများကို မှီဝဲခြင်းကို နှစ်သက်သူဖြစ်ပါက စိုးရိမ်စရာမရှိသော်လည်း ဗိုက်တာမင်များကို လိုအပ်သည်ထက်ပို၍ သောက်သုံးနေခြင်းဟာတော့ ကောင်းကျိုးထက် ဆိုးကျိုးများကို ဦးတည်နေပါတယ်။ ဒါ့ကြောင့်မို့ မှန်ကန်သင့်လျော်တဲ့ အစားအသောက်များကို စားသုံးခြင်းသည်သာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အဟာရကို ဖြည့်တင်းပေးနိုင်ပြီး အဆီများကို စုဝေးတတ်စေသော ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်များကို ဟန့်တားထားနိုင်မှာ ဖြစ်ပါတယ်။

ပလက်စတစ်ဗူးများတွင် ထည့်ထားသော အစာအစားများကို သတိနှင့် စားသုံးပါ

Bisphenol-A (BPA)လို့ ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတစ်ခုရဲ့ အာနိသင်တစ်ခုမှာ ပလက်စတစ်များကို ပျော့ပြောင်းစေခြင်း ဖြစ်ပါတယ်။ အဲဒီ ဒြပ်အာနိသင်ကိုတော့ ပလက်စတစ်ဗူးများနဲ့  ပလက်စတစ် အနားကွပ်ထားတဲ့ စည်သွတ်ဗူးတွေမှာ တွေ့ရှိရပါတယ်။ သုတေသနများမှ တွေ့ရှိချက်အရ အဲဒီဒြပ်ပေါင်းဟာ  လူတိုရဲ့ မျိုးရိုးဗီဇ အခြေအနေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

BPA ဒြပ်ပေါင်းဟာ ခရမ်းချဉ်းသီး၊ ငါးသေတ္တာ၊ ကလေးငယ်များအတွက် အသင့်စားသုံးစာ အစရှိတဲ့ အစားအစာများအထဲကို အဆီ သို့မဟုတ် အက်ဆစ်အနေနဲ့ စိမ့်ဝင်သွားတတ်ပါတယ်။ အစားအသောက် ထုတ်လုပ်ရောင်းချသူအများစုဟာ BPA ကို အသုံးပြုတတ်ပေမယ့် Eden Organic နဲ့ Trader Joes ကဲ့သို့သော BPA ကင်းလွတ်တဲ့ စည်သွတ်ဗူးများကို ထုတ်လုပ်ရောင်းချပေးသော ကုမ္ပဏီများလည်း ရှိပါတယ်။

မနက်ခင်းမှာလမ်းလျှောက်ပါ

မကြာသေးခင်က တွေ့ရှိထားတဲ့ လေ့လာမှုတစ်ခုအရ အသက်အရွယ်၊ လေ့ကျင့်ခန်း၊ စားသုံးနေသော ကယ်လိုရီပမာဏ မည်မျှပင်ရှိစေကာမူ မနက်ခင်း (၈) နာရီနဲ့ နေ့လည် (၁၂) နာရီအကြား ရရှိတဲ့ နေရောင်နဲ့ ထိတွေ့မှုရှိခြင်းဟာ ခန္ဓာကိုယ် အလေးချိန်တိုးမှုကို ဟန့်တားပေးနေတယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ချေ ရှိတာကတော့ မနက်ခင်းနေရောင်ခြည်ဟာ ခန္ဓာကိုယ်ထဲရှိ ဇီဝအစာချက်လုပ်ဆောင်မှုများနဲ့ အပေးအယူ မျှတနေပြီး ဗီဇမျိုးရိုးအရ ၀ဖြိုးစေတဲ့အဆီများကို ပယ်ဖျက်ပေးနေခြင်းပဲ ဖြစ်ပါတယ်။

ပဋိဇီဝဆေးများသောက်သုံးခြင်းကို ရပ်တန့်ပစ်ပါ

လူတွေရဲ့ အူလမ်းကြောင်းမှာရှိတဲ့  ဘက်တီးရီးယားပိုးတွေဟာ ဖိုင်ဘာအမျှင်များကို ၀ါးမြိုပြီး ဗျူတိုင်ရိတ်ကဲ့သို့သော အက်ဆစ်တစ်မျိုးကို ထုတ်လုပ်ပေးခြင်းအားဖြင့် မျိုးရိုးဗီဇကြောင့် ၀ဖြိုးလာမယ့် အခြေအနေတွေ မပေါ်လာအောင် အပြုသဘောဆောင်တဲ့ တွန်းအားပေးနေပါတယ်။ အဲဒီ အက်ဆစ်ဓါတ်ဟာ ဆီးချိုနဲ့ ခန္ဓာကိုယ်အလေးချိန်တိုးခြင်းကို ဖြစ်ပေါ်စေမယ့် မျိုးရိုးဗီဇဆဲလ်များကို အလုပ်မလုပ်စေဖို့ ဟန့်တား ပေးထားပါတယ်။ သို့ပေမယ့် လူတွေ နှာဆေး ချောင်းဆိုးလို့ ပဋိဇီဝဆေးများသောက်သုံးတဲ့အခါမှာ အူလမ်းကြောင်းမှာရှိတဲ့ ဘက်တီးရီးယားပိုးများဟာ ဖရိုဖရဲဖြစ်လာပြီး အ၀တိုးစေမယ့် မျိုးရိုးဗီဇတွေကို ထိန်းချုပ်ထားနိုင်တဲ့ ဗျူတိုင်ရိတ်အက်ဆစ်တွေကို ထုတ်လုပ်နိုင်စွမ်းနည်းလာလို့ ခန္ဓာကိုယ်အလေးချိန်ဟာ တိုးလာနိုင်ပါတယ်။


ခင်အေးမြလွင်

ကိုးကားသတင်း။  ။ http://www.rd.com/slideshows/fat-genes/#ixzz3bLsLNVfp