Wednesday, September 30, 2015

"အမှတ်တရ အဖြစ်အပျက်"


"အမှတ်တရ အဖြစ်အပျက်"

သင်မရိုက်ခဲ့တဲ့ အမှတ်တရ ဓာတ်ပုံတွေအတွက် သင် နောက်ကျရင် အမြဲ ရာနှုန်းပြည့် သတိတရ ရှိနေလိမ့်မယ်…။
( ဝေး ဂ၇က်ဇကီး)

အခုပြောမဲ့ ဇာတ်လမ်းလေးက လီလီနဲ့ ဒေးဗစ်တို့ ၂ ယောက် ဘယ်လို ဆုံဆည်းခဲ့ကြလဲဆိုတာ ဒါမှမဟုတ် သူတို့ အမြဲပြောနေတဲ့ တွေ့ဆုံမှုအကြောင်းအရာလေး တခုပါပဲ... ကျွန်တော့်အနေနဲ့ နှစ်ပေါင်းများစွာတိုင်အောင် အမှန်အတို်င်း မသိခဲ့ရတဲ့ အကြောင်းအရာလေး တစ်ခုပေါ့။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က မိသားစုတစ်စု ကျွန်တော်တို့နေတဲ့ ဘရွန့်ဇ်ဆိုတဲ့ နေရာလေးရဲ့ အဆောက်အအုံ တတိယထပ်အခန်းလေးကို ပြောင်းလာကြတယ်...

သားဖြစ်သူက ဒေးဗစ်... ပြီးတော့ သူက ဆေးကျောင်းတက်ဖို့အတွက်လာတာတဲ့၊ သူက စာကြမ်းပိုးလေ... ဒါကြောင့် သူ့အားလပ်ချိန် အများစုကို စာကြည့်တိုက်မှာပဲ ကုန်ဆုံးစေခဲ့တယ်...

အဲဒီရဲ့ စာကြည့်တိုက်မှူးက လှပကြော့ရှင်းပြီး စကားပြောချိုသာတဲ့ လီလီဆိုတဲ့ အမျိုးသမီးပေါ့... ကျွန်တော်တို့ ကလေးတွေ အကုန်လုံး သူမကို သဘောကျကြတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ စာအုပ်တစ်အုပ်လိုချင်လို့ ရှာမတွေ့ရင် သူမလုပ်နေတဲ့ အလုပ်တွေကို ရပ်ပြီး၊ ချိုသာတဲ့ အပြုံးနဲ့ နွေးထွေးစွာ ပြုံးပြပြီး ကျွန်တော်တို့အတွက် စာအုပ်ရှာပေးနေကျလေ... သူမက အလုပ်ကြိုးစားသူတယောက်လို့ ဆိုရမှာပေါ့။

သူမက ကျွန်တော်တို့ရဲ့ အိမ်နီးချင်း မိတ်ဆွေအသစ်။ ဒေးဗစ်ကို  တိတ်တခိုး စွဲလမ်းနေတယ်၊ ဒေးဗစ် စာကြည့်တိုက်ကို လာပြီဆိုရင် လီလီရဲ့ မျက်လုံးတွေ အရောင်လက်လာပြီး သူလိုချင်တဲ့ စာအုပ်တွေကို စာအုပ်စင်တွေကြားမှာ သွားရှာပေးနေကျလေ... ဒါပေမဲ့ သူမက ဒေးဗစ်နဲ့ စကား သိပ်များများပြောလေ့မရှိဘူး၊ သူမက အရှက်အကြောက်ကြီးတယ်လေ၊ ပြီးတော့ အဲဒီခေတ်အချိန်တုန်းက လူစိမ်းတယောက်ကို မသိပဲနဲ့ မိန်းကလေးတယောက်က စကားပြောလေ့ မရှိဘူး။

တစ်ညနေကျတော့... လီလီ စာကြည့်တိုက် ပိတ်တဲ့အချိန်မှာ... သူမရဲ့ လက်ထောက်တယောက်က စားပွဲခုံနားကနေ ပိတ်ထားတဲ့ စာအိပ်တခုကောက်ရတယ်... သူက လီလီကို ပြတယ်၊ မေဂျာစီးတီး ဆေးရုံက ပို့တဲ့စာဖြစ်ကြောင်း သိရတယ်၊

လက်ထောက်က ပြောတယ်...." ကြည့်ရတာ စာက အရေးကြီးတဲ့ ပုံစံပဲ... သနားစရာ  လူတယောက်ကတော့ စိတ်ပူပန်ပြီး လိုက်ရှာနေတော့မှာပဲ၊ သူ့ရဲ့စာအုပ် ဒါမှမဟုတ် အိတ်ကပ်ထဲက ထွက်ကျခဲ့တာနေမှာ "

လီလီ စာလက်ခံသူရဲ့ လိပ်စာကို ကြည့်လိုက်တော့ အံ့သြစရာကောင်းတာက စာပိုင်ရှင်ဟာ သူနေတဲ့တိုက်ရဲ့ ဘေးချင်းကပ်ရပ်က ဖြစ်နေတာ သိသွားတယ်၊ ဒါနဲ့ သူမလဲ စာအိတ်ကို ယူပြီး အဲဒီစာပိုင်ရှင်ရဲ့ အခန်းကို သွားဖို့ ပြင်ဆင်လိုက်တယ်။

သူမ မီးတွေအကုန်လုံးပိတ်လိုက်တယ်... ပြီးတော့ စာကြည့်တိုက်ကို သော့ခတ်၊ အိမ်ကို ရောက်တာနဲ့ အိတ်တွေကို ချ... ပြီးတော့ စာအိတ်ကိုယူပြီး အိမ်ရှေ့က စာတိုက်ပုံးကို ထွက်လာခဲ့တယ်။ ပြီိးတော့ အထဲမှာ ရှာကြည့်လိုက်တော့ ဂေါ်ဒန်ဆိုတဲ့ မျိုးရိုးနာမည်တူတဲ့ စာအိတ်တလုံးကို ထပ်တွေ့ရတယ်... ဒါနဲ့ သူလဲ အဲဒီတိုက်ရဲ့ ခေါင်းလောင်းကို တီးလိုက်တယ်။

"ဘယ်သူလဲ" စကားပြောစက်မှ အမျိုးသမီးအသံတခု ထွက်ပေါ်လာတယ်။

" ကျွန်မ စာကြည့်တိုက်မှူးပါ " လီလီက ပြန်ဖြေတယ်။ " ကျွန်မတို့ စာကြည့်တိုက်မှာ ဒေးဗစ်ဂေါ်ဒန်ဆိုတဲ့ နာမည်နဲ့ စာအိတ်တစ်အိတ် ကောက်ရထားပါတယ်.... ဒီကလူနဲ့များ ပတ်သက်နေမလား၊ ကြည့်ရတာ အရမ်းအရေးကြီးပုံ ရပါတယ်" လို့ လီလီက ပြောလိုက်တယ်။

ခဏကြာတော့ အသံတခု ထွက်လာတယ် "ဟုတ်ပါတယ်၊ ကျွန်မ အခန်းနံပါတ် ဘီ ၃ ကို ယူလာပေးလို့ရမလား၊ ကျွန်မက တပတ်လောက်က ချော်လဲထားလို့ လှေကားအတက်အဆင်း လုပ်လို့ မရလို့ပါ"

ဒါနဲ့ လီလီလဲ အပေါ်ထပ်ကို တက်သွားတော့ သူမကို အသံချိုချိုသာသာနဲ့ အသက်ကြီးကြီး အမျိုးသမီးက ဘီးတပ်ကုလားထိုင်ပေါ်ကနေ နှုတ်ဆက်တယ်...

သူမကပြောတယ် "ကျေးဇူးတင်လိုက်တာ.. အမေက လှေကားတောင် အတက်အဆင်း လုပ်လို့မရဘူး... မြင်တဲ့အတိုင်းပဲ သမီးရေ" လို့ ပြောတယ်။

လီလီက ပြုံးပြတယ်။ "ကျွန်မ သဘောပေါက်ပါတယ်။ ဒီမှာ စာပါ အမေ၊ ဒါနဲ့ ဒေးဗစ်ဂေါ်ဒန်ဆိုတာ အမေရဲ့ ခင်ပွန်းလား" လို့ မေးလိုက်တယ်။

သူမက "အို မဟုတ်ပါဘူး.... သူက အမေ့ သားပါ။ အမေတို့ ဒီစာကို ပျောက်လို့ ရှာနေတာ ကြာပြီလေ" ပြီးတော့ လီလီကို ခြေစွန်းခေါင်းစွန်းကြည့်တယ် ..... "သမီးပြောတာ စာကို စာကြည့်တိုက်မှာတွေ့တယ် ဟုတ်လား" လို့ မေးလိုက်တယ်။

"ဟုတ်ကဲ့ ကျွန်မက အဲဒီမှာ စာကြည့်တိုက်မှူးပါ.... ဒါပေမဲ့ နေတာကတော့ ဟိုဘက်တိုက်မှာပါ။ ဒါကြောင့် စာယူလာပေးနိုင်တာပေါ့"

"သမီးလာ ထိုင်ပြီး လက်ဖက်ရည်လေးဘာလေး သောက်ဦးလေ"

လီလီဝင်ထိုင်လိုက်တယ်။ အဲဒီအမျိုးသမီးက လီလီကိုပြောတယ်၊ "အမေက သားအတွက် စာလာတိုင်း၊ မီးဖိုချောင်ထဲက စားပွဲပေါ်မှာ တင်ထားနေကျ သမီးရဲ့၊ သူရှာရလွယ်အောင်လေ၊  ဒီစာက အရေးကြီးတယ်။ ဒါကြောင့် သူ့စာအုပ်ထဲ အမေ ညှပ်ပေးလိုက်တာလေ... သူက ဆေးရုံက အထူးကုဆရာဝန် မကြာခင် ဖြစ်တော့မှာ" လို့ ဂုဏ်ယူစွာ ပြောလိုက်တယ်။

အဲဒီနောက် တံခါးပွင့်လာပြီး သူ့မရဲ့သား ဒေးဗစ် ၀င်လာတယ်။ လီလီ ဒီလူငယ်ကို စွဲလမ်းခဲ့တာ ကြာပြီလေ။ ခု ရုတ်တရက် မြင်လိုက်ရတော့ ရင်ခုန်သံတွေ ပိုမြန်လာတယ်လို့ သူမ ခံစားလိုက်ရတယ်။  သူ့အမေက သားကို စာနဲ့ပတ်သက်ပြီး ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။

ဒေးဗစ်က လီလီကို အံသြတဲ့ ပုံစံနဲ့ကြည့်ပြီး "အော်.... ယူ က စာကြည့်တိုက်ကလား .... ကျေးဇူးတင်ပါတယ်ကွာ။ ကိုယ် ဒီစာကို ရှာတာ နှံ့နေတာပဲ" လို့ ပြောလိုက်တယ်။ ပြီးတော့ သူ့အမေဘက်လှည့်ပြီး ပြောတယ် "တွေ့လားအမေ၊ ကျွန်တော့်ကို ဆေးရုံမှာ ဆေးဝါး အစီအစဉ်အတွက် အလုပ်လုပ်ဖို့ လက်ခံလိုက်ပြီလေ"

ပြီးတော့ လီလီဘက်ကိုလှည့်ပြီး ရှက်ကိုးရှက်ကန်း ပြောတယ်၊ "ကျေးဇူးတင်ပါတယ် မိန်းကလေး။ ဟာ မဟုတ်သေးပါဘူး... ကိုယ် ယူ့ နာမည်ကို မမေးလိုက်မိဘူး .... "

"လီလီပါ " သူမက နွေးထွေးတဲ့ အပြုံးနဲ့ ပြောတယ်။ သူမနှလုံးသားက လှုပ်ခါနေပါတယ် .... သူမရဲ့ ပါးပြင်မှာလဲ ရှက်သွေးရောင် သန်းနေတယ်လို့ ခံစားနေရပါတယ်။

အဲဒီနောက် အမေဖြစ်သူက "ထိုင်ကြလေ" လို့ ၂ ယောက်လုံးကို ပြောလိုက်တယ်။

လီလီက ဒေးဗစ်ကို "ရှင်က ဘယ်ဘာသာကို ရွေးချယ်ဖို့ စိတ်ကူးထားလဲ" လို့ မေးတယ်။ ဒေးဗစ်က " နှလုံးအထူးပြု ဘာသာရပ်" လို့ ပြောတယ် "ဒီစာက ကျွန်တော့်ဘ၀ရဲ့ တဆစ်ချိုးပဲလေ .... ဆေးရုံက စာမလာခင်ကဆို စိတ်ပူလိုက်ရတာ ... ကျွန်တော်က ဒီဆေးရုံမှာ အရမ်း အလုပ်လုပ်ချင်တာလေ"
အဲဒီနောက် ဒေးဗစ်က မထင်မှတ်ပဲ ရုတ်ချည်းဆိုသလို တောင်းဆိုမှုတခု လုပ်လိုက်တယ်၊ အဲဒါက ဘာလဲဆိုတော့ "စနေနေ့ည အတူတူ ရုပ်ရှင်သွားကြည့်ဖို့အတွက် ဖြစ်နိုင်မလား" တဲ့ လေ။

လီလီ အသက်ရှူမှားသွားမတတ် ခံစားလိုက်ရတယ်။ မစ်စ်ဂေါ်ဒန်က "သမီး သဘောတူလိုက်လေ"

လီလီက ရယ်ပြီးပြောတယ် "ကျွန်မလဲ သွားချင်ပါတယ် " တဲ့။

အခုတော့ ဇာတ်လမ်းတစ်ခုလုံး အဆုံးထိ ပြောရရင် .... သူတို့ ၂ ယောက် ၂၅ နှစ်ကြာအောင် လက်တွဲပြီးကျမှ ဒေးဗစ်က ကျွန်တော့်ကို အမှန်အတိုင်း ပြောပြတော့တယ်။ တကယ်တော့ ဒေးဗစ်က အဲဒီတုန်းက နှလုံးအထူးကု ဆရာဝန်ပါ။  ခုတော့ သူဘေးမှာ ကလေးသုံးယောက်နဲ့ သူတို့ရဲ့မိခင် လီလီတို့နဲ့ အတူတူပေါ့။

တကယ်တော့ ဒေးဗစ်က လှပတဲ့ စာကြည့်တိုက်မှူး လီလီကို ကြိတ်ပြီး သဘောကျနေခဲ့တာပါ။ သူက သူ့မိခင်ကို လီလီအကြောင်းပြောပြတယ် .... ပြီးတော့ သူကရှက်တတ်တဲ့သူဆိုတော့ သူမကို ဘယ်လို ချဥ်းကပ်ရမလဲ မသိဘူးလေ .... သူ့အမေက အစီအစဉ်ကိုပြောပြတယ်... အဲဒါကတော့ သူ စာကြည့်တိုက်သွားတိုင်း  ကြမ်းပြင်ပေါ်မှာ သူ့လိပ်စာနဲ့ စာတစောင်စီ ချထားပစ်ခဲ့ဖို့ ပါပဲ .... ဒေးဗစ်မိခင်က ဒီစာကို တနည်းနည်းနဲ့ လီလီကောက်ရပြီး စာပြန်ပေးရင်း စကားလက်ဆုံကျနိုင်ဖို့အတွက် ရည်ရွယ်ခဲ့တာပါ.... ဒါပေမဲ့ ဖြစ်ချင်တော့ သူ စာပစ်ချပြီးတိုင်း လူတယောက်က လှမ်းခေါ်တယ်။ လှည့်ကြည့်တိုင်း လီလီမဟုတ်ခဲ့ဘူးလေ...

အဲဒီနေ့ကတော့ စာကြည့်တိုက်ထဲမှာ လီလီနဲ့ သူမ လက်ထောက် ၂ ယောက်ပဲ ရှိနေတဲ့အချိန်အထိ စောင့်ဆိုင်းနေခဲ့တယ်။ ပြီးတော့ စားပွဲဘေးနားမှာ ချထားခဲ့တယ်။ နောက်ရက်ကျရင် လီလီကိုပြန်လာပြီး စာတစောင်များ တွေ့မိသလားလို့ မေးမယ်ဆိုတဲ့ အကြံနဲ့ပေါ့ .... စီမံကိန်းက ထင်ထားတာထက် ပိုအောင်မြင်ခဲ့တယ်လေ... လီလီကိုယ်တိုင် အိမ်ကို လိုက်လာပြီး စာလာပို့လို့ပေါ့။

ဒေးဗစ်က ဇာတ်လမ်းကို ပြောပြတဲ့အခါ သူ့အမျိုးသမီး လီလီက ဟားတိုက်ရယ်မောတယ်။

"ဒီမှာ ကိုဒေးဗစ်" သူမခဏအသက်ရှူတယ် "ရှင် အဲဒီတုန်းက စာအိတ်ကို သေချာ မပိတ်ခဲ့ဘူး မဟုတ်လား.... ကျွန်မတို့ ဖွင့်ကြည့်ပြီးသွားပြီ... အထဲမှာ စာရွက်လွတ်တခုကလွဲလို့ ဘာမှ မရှိဘူး... ဒါနဲ့ ကျွန်မလဲ သိချင်တာနဲ့ ရှင့်အိမ်ကို လိုက်လာခဲ့တာ... ဒေးဗစ် ရှင်က တကယ် သရုပ်ဆောင်ပီပြင်တာပဲ" လို့ လီလီက သူမခင်ပွန်းကို တောက်ပတဲ့မျက်လုံးနဲ့ ကြည့်ပြီး ပြောလိုက်တယ်...

"ဒါပေမဲ ရှင် .... ကိုဒေးဗစ် ကျွန်မက ရှင့်ကို ချစ်ခဲ့တာလေ" တဲ့၊

ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ ... ဒီဇာတ်လမ်းထဲမှာ ကောင်လေးနဲ့ ကောင်မလေးက အမှတ်ရစရာ အဖြစ်နဲ့ ကြုံခဲ့ကြတယ်.... အသက်ကြီးလာတဲ့အချိန်မှာတော့ သူတို့ ၂ ယောက် ဘယ်လို ဆုံဆည်းခဲ့လဲဆိုတာ ပြန်ပြောမိကြလို့ရှိရင် ၂ ယောက်လုံး ပျော်ရွင်မှုကို ရကြမှာပဲ။

ယောက်ျားလေးဘက်ကလဲ သူချစ်တဲ့ မိန်းကလေးကို အမှတ်တရ ဖြစ်စေချင်တဲ့စိတ်နဲ့ ပညာသားပါပါ ပိုးခဲ့ပြီး ရအောင်ယူခဲ့တယ်လေ...

မိန်းကလေးဘက်ကကျပြန်တော့ တဘက်က အရှက်အကြောက်ကြီးပြန်...တဘက်ကလဲ မိန်းကလေးဆိုတဲ့ ဂုဏ်ကလဲ ရှိသေးတော့ ကိုယ်ချစ်သူကို ချစ်တဲ့အကြောင်း ဖွင့်ပြောဖို့ မတတ်နိုင်ဘူးလေ.... နောက်ဆုံးတော့ ၂ ယောက်လုံး ချစ်ခြင်းတွေနဲ့ ဆုံဆည်းခဲ့ကြတာပဲ မဟုတ်လား....

ကျွန်တော်တို့လဲ ဒီလို တူညီတဲ့ ချစ်ခြင်းတွေနဲ့အတူ တွေ့ဆုံမှုတွေ ရှိခဲ့ကြရင် ဘယ်လောက်ကောင်းလိုက်မလဲ ... အသက်ကြီးလာတဲ့အခါ အမှတ်တရဖြစ်ခဲ့တာကို  ပြန်သတိရနိုင်တာပေါ့  ....

ဒီဇာတ်လမ်းလေးဟာ ဒေးဗစ်နဲ့ လီလီတို့ရဲ့ အမှတ်တရလေးပေါ့။

သူငယ်ချင်းတို့တွေလဲ အမှတ်တရ အဖြစ်အပျက်လေးများရှိရင် ဝေမျှ ခဲ့ကြဦးနော် ....

ပျော်၇ွင်ပါစေ...

Credit: Zay Yar

"အပေါ့စွန့်ချင်စိတ်ကို အောင့်ထားနိုင်လေ အလိမ်တော်လေဟုဆို"


"အပေါ့စွန့်ချင်စိတ်ကို အောင့်ထားနိုင်လေ အလိမ်တော်လေဟုဆို"

လိမ်ပြောစရာ တစ်ခုခုရှိနေပြီဆိုလျှင် သန့်စင်ခန်းနှင့် ဝေးဝေးနေပါဟု အကြံပေးလိုပါသည်။

ဆီးအိမ်ထဲတွင် ဆီးများ ပြည့်နေခြင်းကြောင့် အလိမ်တော်လာကြောင်း သုတေသန ပညာရှင်များက တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ အပေါ့စွန့်ချင်သော်လည်း အောင့်ထားသူများသည် အင်တာဗျူးဖြေဆိုရာတွင် မေးမြန်းသူ ယုံကြည်အောင် လှည့်ပတ်ပြောဆိုနိုင်စွမ်း ပိုရှိကြောင်း ကယ်လီဖိုးနီးယား ပြည်နယ် တက္ကသိုလ်မှ စိတ်ပညာရှင်များက ပြောခဲ့သည်။

ယင်းဖြစ်စဉ်ကို ပညာရှင်များက ထိန်းချုပ်မှု ယိုဖိတ်ခြင်း အကျိုးသက်ရောက်မှုဟု ခေါ်ဆိုထားသည်။ အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်နေရင်း တစ်ခုတွင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားနိုင်ပါက အခြားအလုပ်တွင်လည်း ထိန်းချုပ်နိုင်စွမ်း ရှိလာတတ်ကြောင်း ပညာရှင်များက ဆိုလိုခြင်းဖြစ်သည်။

ဆီးအိမ်ကို ထိန်းထားနိုင်ခြင်းကြောင့် လိမ်လည်မှု ပါဝင်သော အတွေးဖြစ်စဉ်ကိုပါ တစ်ချိန်တည်းတွင် ထိန်းချုပ်လာနိုင်ကြောင်း ပညာရှင်များက ပြောသည်။ ““လိမ်တယ်ဆိုတာ စိတ်ပိုင်း အရင်းအမြစ်တွေကို အများကြီးသုံးရတာ၊ မသက်ဆိုင်တဲ့ သတင်းအချက်အလက်ကို မပေါက်ကြားအောင် ဖိနှိပ်ထားခြင်း ဥပမာပေးရရင် အမှန်ကို ပြောချင်တဲ့ စိတ်ပေါ့ဗျာ၊ ဒါကိုမျိုသိပ် ထားရတယ်။ တစ်ချိန်တည်းမှာပဲ တစ်ဘက်လူ ယုံကြည်အောင် ဇာတ်လမ်းကလည်း ဆင်ရသေးတယ် လိမ်တယ်ဆိုတာ လွယ်တာမှတ်လို့”” ဟု လေ့လာမှုတွင် ပါဝင်သည့် အီရစ်ဘလန်ဒန်-ဂီတလင်က ပြောဆိုခဲ့သည်။

ဆီးအိမ်ထဲတွင် ဆီးများ အပြည့်ရှိနေသော်လည်း ဆီးထိန်းထားခြင်းကြောင့် ဦးနှောက်တွင်းရှိ ထိန်းချုပ်ရေး ဗဟိုချက် တစ်ခုကို လှုံ့ဆော်သလို ဖြစ်လာကြောင်း သူက ပြောသည်။ လိမ်ဖို့အတွက် ဦးနှောက်သည် အမှန်ပြောရန် ဆန္ဒကို ထိန်းချုပ်ရသည်။ ဦးနှောက်သည် အပေါ့စွန့်ချင်သည့် စိတ်ကို ထိန်းချုပ်ထားပြီး ဖြစ်သောကြောင့် လိမ်ဖို့ရန် ပိုလွယ်ကူသွားခြင်း ဖြစ်သည်။

တွေ့ဆုံမေးမြန်းသူအား လိမ်ညာမှုမပြုမီ (၄၅) မိနစ်အလိုတွင် အလေ့လာခံများအား ရေကို သောက်နိုင်သမျှ သောက်စေပြီး လေ့လာမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဆီးအိမ်ထဲတွင် ဆီးများအပြည့် ရှိနေသူများသည် လိမ်ညာရာတွင် ထူးချွန်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ တွေ့ရှိမှုကို Consciousness and Cognition ဂျာနယ်တွင် ဖော်ပြထားသည်။

Source:DM

Credit: messenger

"ကိုယ့်အလုပ်ခွင်ထဲက လူတွေနဲ့ အချင်းချင်း ပြန်လက်ထပ်တာ အများဆုံး လူတွေရဲ့ အလုပ်အကိုင်တွေဟာ ဘာတွေဖြစ်တတ်"


"ကိုယ့်အလုပ်ခွင်ထဲက လူတွေနဲ့ အချင်းချင်း ပြန်လက်ထပ်တာ အများဆုံး လူတွေရဲ့ အလုပ်အကိုင်တွေဟာ ဘာတွေဖြစ်တတ်"

လက်ထပ်ခြင်းနဲ့ ပတ်သက်လာရင် လူတွေဟာ ကိုယ့်အလုပ်အကိုင် နယ်ပယ်ထဲက လူတွေကိုသာ ရွေးချယ် လက်ထပ်လာကြတာ ခုဆို ပိုများလာကြောင်း လေ့လာတွေ့ရှိချက်တွေအရ သိလာရပါတယ်။ A Match.com က လေ့လာချက်တစ်ခုအရဆိုရင် လက်ထပ်သွားကြတဲ့ အတွဲပေါင်း ၁၁၀၀ မှာ ၁၀၀၀ နီးပါးလောက်က ကိုယ်နဲ့အလုပ်တူ၊ ၀ါသနာတူလူမျိုးတွေကို ယနေ့ခေတ်မှာ ပိုမိုရွေးချယ်လာကြတယ်လို့ ဖော်ပြထားပါတယ်။ ဒီတော့ ဒီလိုအတွဲမျိုးတွေမှာမှ ဘယ်လိုအလုပ်မျိုးက လူတွေဟာ အချင်းချင်း လက်ထပ်တာ အများဆုံးလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

US Cenus ရဲ့ စစ်တမ်းကောက်ချက်အရဆိုရင် ရှေ့နေ့တွေ၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ပညာရေးနယ်ပယ်က လူတွေဟာ ဒီနယ်ပယ်က လူတွေအချင်းချင်း ပြန်လက်ထပ်ကြတာ များတယ်လို့ သိရပါတယ်။ အချင်းအချင်းလက်ထပ်တာ နည်းတာကတော့ ဆောက်လုပ်ရေးပိုင်း လုပ်ကိုင်တဲ့ အတတ်ပညာရှင်တွေ၊ ငွေကြေးပိုင်းဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်ရတဲ့သူတွေလို့ ဆိုပါတယ်။

တကယ်တော့ အလုပ်တစ်ခုကို အတူတကွ လုပ်ဆောင်ရတဲ့ သူတွေဟာ နေ့တိုင်း မြင်တွေ့နေရတာကြောင့် သံယောဇဉ် ပိုတွယ်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်တဲ့ အမျိုးသမီး ၄၀ ရာခိုင်နှုန်းကတော့ အဲ့ဒီဆောက်လုပ်ရေးက အမျိုးသားတစ်ဦးနဲ့ သံယောဇဉ်တွယ်ကောင်း တွယ်နိုင်တယ်လို့ ဆိုပါတယ်။

ခုနပြောသွားသလိုပါပဲ။ ကိုယ့်နယ်ပယ်ထဲက လူတွေကို အချင်းချင်း ပြန်လက်ထပ်တာ အများဆုံးကတော့ ဥပဒေအရာရှိတွေနဲ့ ရှေ့နေ့တွေပါပဲ။

ဒါ့အပြင် အတူတကွ တာဝန်မထမ်းဆောင်ရပေမယ့် အလုပ်အကိုင်တူတွေကို အများဆုံးလက်ထပ်ကြတဲ့ စာရင်းထဲမှာ စိုက်ပျိုးရေးအလုပ်သမားတွေ၊ ဆရာဝန်တွေလို့လည်း သိရပါတယ်။

ဟန်နီ

Credit: Trend Myanmar

Tuesday, September 29, 2015

"ထောပတ်သီးတစ်လုံးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ"


"ထောပတ်သီးတစ်လုံးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ"

အသီးအနှံတိုင်းမှာ မတူညီတဲ့ ကျန်းမာရေး အကျိုးကျေးဇူးပြုမှုတွေ ရှိကြပါတယ်။ ဒါကြောင့် လူတွေမှာ မိမိတို့ပတ်ဝန်းကျင်ရှိသဘာဝအသီးအနှံတွေကို မျတစွာ စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးတွေကို ရယူနိုင်ပါတယ်။ အသီးတစ်မျိုးစီမှာ မတူညီတဲ့ ကျန်းမာရေးအာနိသင်တွေ ရှိနေကြရာ ထောပတ်သီးတစ်လုံးမှာ ပါဝင်တဲ့ ဓာတ်သဘာဝတွေဟာလည်း လူတွေအတွက် ဘယ်လိုဆေးဘက်ဝင် အကျိုးပြုတယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

နှလုံးနဲ့သွေးကြောစနစ်ကို အထောက်အကူပြုခြင်း

ထောပတ်သီးမှာ နှလုံးကို အားဖြစ်စေတဲ့ အာဟာရဓာတ်တွေအဖြစ် ဗီတာမင် E၊ folate၊ ပိုတက်စီယမ်၊ phytosterols နဲ့ အစာကြေဖျက်လွယ်စေတဲ့ အမျှင်ဓာတ်တို့ ပေါများစွာ ပါဝင်ပါတယ်။  ဗီတာမင် E က ကိုလက်စထရောကို ကာကွယ်ပေးပြီး folate က သွေးထဲအန္တရာယ်ရှိတဲ့ homocysteine အဆင့်ကို လျော့ချပေးပါတယ်။ ပိုတက်စီယမ်က သွေးပုံမှန်လည်ပတ် ကောင်းမွန်စေဖို့ အထောက်အကူပြုပြီး phytosterols က ကိုလက်စထရော စုပ်ယူမှုတွေကို လျော့ချပေးပါတယ်။ အစာကြေဖျက်လွယ်စေတဲ့ အမျှင်ဓာတ်တွေကတော့ သွေးအတွင်း သကြားဓာတ်တွေကို ထိန်းချုပ်ပေးပါတယ်။

အိုမင်းရင့်ရော်မှုကို ထိန်းချုပ်ပေးခြင်း

ထောပတ်သီးက လူတွေအတွက် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။ မျက်နှာပေါ်မှာ အရေးအကြောင်းထင်ခြင်း၊ ပါးရေတွန့်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဗီတာမင် E ဟာ နေလောင်ခြင်းကြောင့် အိုမင်းရင့်ရော်မှုတို့ကို တားဆီးကာကွယ်ပေးပြီး ဗီတာမင် C ကတော့ အသားအရေ ရှုံ့တွန့်ခြင်းတို့ကို ကာကွယ်ထိမ်းသိန်းပေးပါတယ်။

ကိုယ်အလေးချိန်ကိုလျော့ကျစေခြင်း

ကိုယ်လေးအချိန်တိုးပြီး စိတ်ပင်ပန်းနေသူများအတွက် ထောပတ်သီး ဖျော်ရည်တစ်ခွက်လောက်ဟာ များစွာ အထောက်အကူပြုနိုင်ပါတယ်။ လေ့လာစမ်းသပ် တွေ့ရှိထားချက်အရ  ထောပတ်သီး တစ်လုံးမှာပါဝင်တဲ့ monounsaturated fatty acids ဟာ ကိုယ်ခန္ဓာအတွင်း အဆီတွေကို တစ်ဖြည်းဖြည်းနဲ့ လောင်ကျွမ်းစေတာကြောင့် ထောပတ်သီးဟာ အဆီကျစေတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် အဆာခံပြီး ဗိုက်ပြည့်စေတဲ့ အသီးတစ်မျိုးဖြစ်တာကြောင့် အဆီတက်ပြီး စိတ်ညစ်နေသူများအတွက် နှစ်သက်ဖွယ် အသီးတစ်မျိုးဖြစ်ပါတယ်။

ဆီးချိုရောဂါအတွက် အထောက်အကူပြုခြင်း

တစ်ချို့လူတွေမှာ မိမိကိုယ်မိမိ ဆီးချိုရောဂါဖြစ်မှန်းမသိ ဖြစ်နေကြသူတွေရှိပါတယ်။ မကြာခဏ ဗိုက်ဆာခြင်း၊ ရေငတ်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ မျက်စိမှုန်ခြင်း၊ ခြေထောက်တွေနာကျင်ခြင်း၊ သိသိသာသာ ကိုယ်အလေးချိန်ကျနေခြင်း အစရှိတဲ့ လက္ခဏာရပ်မျိုးကို ခံစားနေရပြီဆိုရင် ဒါဟာ ဆီးချိုရဲ့ အဓိက လက္ခဏာရပ်တွေဖြစ်တာကြောင့် ဆရာဝန်နဲ့ သွားရောက်ပြသဖို့ လိုပြီဖြစ်ပါတယ်။ ဒီလို ဆီးချိုရောဂါကို ခံစားနေရသူတွေအတွက် ထောပတ်သီးမှာ ပါဝင်တဲ့ Oleic Acid ဟာ လူနာအတွက် အထောက်အကူဖြစ်စေတဲ့ HDL ကိုလက်စထရောကို မြှင့်တင်ပေးပြီး  မကောင်းတဲ့သက်ရောက်မှုကို ဖြစ်စေတဲ့  LDL ကို လျော့ကျစေပါတယ်။ ဒါ့အပြင် သွေးကြောများကို အားကောင်းစေပြီး ဆီးချိုသမားတွေအတွက် ကိုယ်ခံအားစနစ်ကို မြင့်တက်စေပါတယ်။ အာရုံကြောများပျက်စီးမှုကိုလည်း ကာကွယ်ပေးပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဗီတာမင် E ဟာ  နှလုံးကို ဒုက္ခဖြစ်စေတဲ့ ကိုလက်စထရောကို လျော့ကျစေတာကြောင့် ဆီးချိသမားတွေအတွက် စားသုံးဖို့ကောင်းတဲ့ ဆေးဘက်ဝင် အသီးတစ်မျိုးဖြစ်ပါတယ်။

အဆစ်အမြစ်ရောင်ရောဂါအတွက် အထောက်အကူပြုခြင်း

ထောပတ်သီးမှာဗီတာမင် E၊ ဗီတာမင် C လိုမျိုး ဖြစ်တဲ့ monounsaturated fats ၊ phytosterols  နဲ့ antioxidants တို့ ပေါများစွာ ပါဝင်နေခြင်းကြောင့် အဆစ်အမြစ်ရောင် ရောဂါဖြစ်စေတဲ့ အနေအထားတွေကို များစွာ လျော့ချပေးခြင်းဘဲ ဖြစ်ပါတယ်။

အမြင်အာရုံအတွက်ကောင်းမွန်ခြင်း

ထောပတ်သီးမှာပါဝင်နေတဲ့ lutein  နဲ့ zeaxanthin တို့ဟာ မျက်စိကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ အသက်အရွယ်ရလာလို့ ကြွက်သားများ အားပျော့လာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ယိုယွင်းပျက်စီးမှုတွေကို ကောင်းစွာ လျော့ချပေးနိုင်ခြင်းဘဲဖြစ်ပါတယ်။

အရိုးပွရောဂါကိုကာကွယ်ပေးခြင်း

အရိုးတွေသန်မာစေဖို့ ဗီတာမင် D နဲ့ ကယ်လစီယမ် တို့က များစွာ အထောက်အကူပြုသလို ဗီတာမင် K ကလည်း လုံလုံလောက်လောက် အထောက်အကူပြုတာကို တွေ့ရပါတယ်။ ဗီတာမင် K ဟာ ကယ်လစီယမ်တွေကို များများစုပ်ယူနိုင်ခြင်း၊ ကယ်လစီယမ်တွေကို ထိန်းသိမ်းပေး နိုင်ခြင်းဖြင့် အရိုးကျန်းမာရေး တိုးတက်စေဖို့ အထောက်အကူပြုခြင်း ဖြစ်ပါတယ်။

ကင်ဆာကို တိုက်ဖျက်နိုင်ခြင်း

အမျိုးသမီးတွေမှာ  folate ပမာဏနည်းပါးခြင်းဟာ ရင်သားကင်ဆာ ဖြစ်ပွားမှုကို အများဆုံး ဦးတည်စေကြောင်း ဖော်ပြထားကြပါတယ်။ folate ပမာဏ လုံလုံလောက်လောက်ရှိနေခြင်းဟာ အူမကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ pancreatic ကင်ဆာတို့ကို မဖြစ်ပွားရအောင် ဆန့်ကျင်ကာကွယ်ပေးပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကျန်းမာတဲ့ကလေးကို မွေးဖွားစေခြင်း

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် folate ဟာ အရမ်းကိုအရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ Folate ပမာဏ အပြည့်အဝရရှိထားတဲ့ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်ဟာ ကိုယ်လက်အဂါင်္ပြည့်စုံပြီး ဦးနှောက်အာရုံကောင်းမွန်တဲ့ ကလေးငယ်လေးကို မွေးဖွားစေပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ဒီဖောလစ်အက်ဆစ် ပမာဏ အားနည်းခဲ့ရင် ကိုယ်အဂါင်္မပြည့်စုံဘဲ ဥာဏ်ရည်မပြည့်တဲ့ ကလေးငယ်တွေကို မွေးဖွားစေတတ်ကြောင်းလည်း ဖော်ပြထားကြပါတယ်။

စိတ်ဖိစီးမှုကိုလျော့ကျစေခြင်း

Folate ပမာဏ မြင့်မားတဲ့အစားအစာတွေကို စားသုံးခြင်းဟာ လူတွေအတွက် စိတ်ဖိစီးမှုဒဏ်ကို များစွာ လျော့ချနိုင်ကြောင်း ဖော်ပြထားကြပါတယ်။ Folate ဟာ ကိုယ်ခန္ဓာအတွင်း homocysteine လွန်ကဲမှုကို ကာကွယ်နိုင်ပါတယ်။ homocysteine ပမာဏ လွန်ကဲမှုဟာ ကောင်းမွန်တဲ့ခံစားမှု ဟော်မုန်းတစ်မျိုး ထုတ်လွှတ်မှုကို ဟန့်တားစေတာကြောင့် folate ပမာဏ များစွာ ပါဝင်နေတဲ့ ထောပတ်သီးကို စားပေးခြင်းဖြင့် စိတ်ဖိစီးမှုတို့ကို လျော့ကျသက်သာစေခြင်းဘဲ ဖြစ်ပါတယ်။

ဒါ့အပြင် ထောပတ်သီးတစ်လုံးမှာပါဝင်နေတဲ့ အာဟာရဓာတ်တွေဟာ အစာကြေဖျက်မှုကို ကောင်းမွန်စေခြင်း၊ နာတာရှည်ရောဂါတွေကို ကာကွယ်ပေးခြင်းတို့ပါ စွမ်းဆောင်နိုင်ရာ ထောပတ်သီးတစ်လုံးရဲ့ ဆေးဘက်ဝင် ကျန်းမာရေးအကျိုးကျေးဇူးက လူတွေအတွက် များစွာ အသုံးဝင်လှပါတယ်။ မိမိတို့အိမ်မှာ ဖျော်ရည်ဖြစ်ဖြစ်၊ အလုံးလိုက်ဖြစ်ဖြစ် ခွဲပြီး စားသုံးခြင်းဖြင့် ထောပတ်သီးတစ်လုံးရဲ့ အာနိသင် အကျိုးကို ကောင်းစွာ ရရှိနိုင်ကြမှာဖြစ်ပါကြောင်း ဖော်ပြပေးလိုက်ပါတယ်။

References :

Credit: Yangon Life