Thursday, April 30, 2015

သူတော်ကောင်း နှင့် အတူနေပါ။ သူတော်ကောင်း နှင့် မိတ်ဆွေအ

သူတော်ကောင်း နှင့် အတူနေပါ။
သူတော်ကောင်း နှင့် မိတ်ဆွေအဖြစ် 
ပေါင်းသင်း လုပ်ကိုင်ပါ။
သူတော်ကောင်းတို့၏
တရားဓမ္မကို သိရှိရသည်ရှိသော်
ကြောင့်ကျပူပန်စရာတွေကြား
ကြောင့်ကြပူပန်သူတွေကြားမှာ
မကြောင့်ကြ မပူပန်ပဲ နေရပါတယ်။

(ကြည်ညိုမဆုံးနှလုံးအေးမြမြတ်ဗုဒ္ဓ)


"ယနေ့ခေတ် အိမ်ထောင်ပြိုကွဲမှုများ၏ တရားခံမှာ facebook ဖြစ်နေ"

"ယနေ့ခေတ် အိမ်ထောင်ပြိုကွဲမှုများ၏ တရားခံမှာ facebook ဖြစ်နေ"

ယနေ့မျက်မှောက်ခေတ် အိမ်ထောင်ရေးပြိုကွဲခြင်းရဲ့ နောက်ကွယ်မှာ လူမှုကွန်ယက်တွေဖြစ်တဲ့ facebook, twitter တို့က အဓိကတရားခံတွေ ဖြစ်နေကြောင်း လေ့လာမှုစစ်တမ်းတစ်ခုက ဖော်ထုတ်လိုက်ပါတယ်။ အိမ်ထောင်ပြိုကွဲမှု ပိုများလာတာဟာ ဒီလိုလူမှုကွန်ယက်တွေကြောင့် အဓိကဖြစ်နေကြောင်းကို ရှေ့နေတွေက ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အိမ်ထောင်ပြိုကွဲမှု ၇ ခုမှာ အနည်းဆုံး ၁ ခုလောက်က သူတို့ခင်ပွန်း၊ ဇနီးသည်တွေရဲ့ facebook သုံးစွဲမှုကြောင့် ပြဿနာဖြစ်နေရပါတယ်။ ကိုယ့်ခင်ပွန်း၊ ဇနီးသည်ရဲ့ လူမှုကွန်ယက် အကောင့်တွေကို ခြေရာခံရင်း ဖောက်ပြားမှုရှိ၊ မရှိ စုံစမ်းမှုမှတဆင့် အိမ်ထောင်ကွဲမှုတွေ ပိုမိုဖြစ်လာလျှက်ရှိကြောင်း လေ့လာမှု လုပ်ခဲ့တဲ့ ရှေ့နေတွေက ဆိုပါတယ်။ ဒီလေ့လာချက်ကို Slater and Gordon ဆိုတဲ့ ရှေ့နေအတိုင်ပင်ခံ ကုမ္ပဏီတစ်ခုက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်သည် အမျိုးသား၊ အမျိုးသမီးပေါင်း ၂၀၁၁ ဦးကို မေးမြန်းပြီးနောက် ဒီလိုအဖြေထွက်လာခဲ့တာ ဖြစ်ပါတယ်။

အိမ်ထောင်သည် ငါးဦးမှာ တစ်ဦးခန့်က သူတို့အိမ်ထောင်ဖက်တွေရဲ့ facebook အသုံးပြုမှုကြောင့် နေ့စဉ် စကားများ၊ ရန်ဖြစ်နေကြရကြောင်း ဝန်ခံထားကြပါတယ်။ ‘‘လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက facebook လို ဝက်ဘ်ဆိုက်တွေကတဆင့် ဒီပြဿနာတွေ ဖြစ်ခဲ့ကြတယ်။ ဒီနေ့ခေတ်မှာတော့ သိပ်တောင်မထူးဆန်းတော့ပါဘူး’’ လို့ ရှေ့နေ နယူးဘာရီက ပြောပါတယ်။ တစိမ်းများနဲ့ စကားပြောထားခြင်း၊ တဖက်သားကို စွဲဆောင်တဲ့ပုံများတင်ခြင်း စတဲ့ လုပ်ရပ်တွေကြောင့် အိမ်ထောင်သည်တွေဟာ ကွာရှင်းတဲ့အထိ ဖြစ်လာကြရပါတယ်။

http://www.planet.com.mm/detail/27694/World


"ကမ္ဘာ့ပထမဆုံး ပြေးမလွတ်၊ ပစ်မလွဲကျည်ဆံ"

"ကမ္ဘာ့ပထမဆုံး ပြေးမလွတ်၊ ပစ်မလွဲကျည်ဆံ"

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌါန DARPA ဟာ ပစ်မှတ်ကိုလိုက်၍ ထိအောင်ပစ်နိုင်သော
ကျည်ဆံတမျိုးကို စမ်းသပ်ထုတ်လုပ်နေပါတယ်။ ၎င်းကျည်ဆံကို တမင်တကာပစ်မှတ်နှင့်လွှဲ၍
ပစ်လွှတ်လိုက်သော်လည်း လေထဲတွင် တမိုင်ကျော် အကွာအဝေးတွင်ရှိသော ပစ်မှတ်ကို
မိမိဘာသာပဲ့ထိမ်းပြီး ပစ်မှတ်ကိုလိုက်ပြီး ထိအောင်ပစ်နိုင်ပါတယ်။ ၎င်းကျည်ဆံကို ကြိုက်သည့်အချိန် နေ့၊ ည မရွေး လေထန်နေသည်ဖြစ်စေ၊ ရွေ့လျားနေသည်ဖြစ်စေ ပစ်မှတ်ကို ထိအောင်ပစ်နိုင်တယ်လို့ သိရပါတယ်။ အခု စမ်းသပ် ထုတ်လိုက်ပြီဖြစ်ပါတယ်။
တမိုင်ကျော်ထိအကွာအဝေးကို ပစ်နိုင်တဲ့အပြင် ရွေ့လျားတာကိုလဲ လိုက်ပြီး ထိအောင် ပစ်နိုင်တယ်ဆိုတော့ ပြေးမလွတ်၊ ပစ်မလွဲကျည်ဆံလို့ ပြောလို့ရနိုင်ပါတယ်။ ကတုတ်ကျင်း၊ နံရံ ဘယ်အကာအကွယ်မှ ယူလို့မရတော့ပါ။

smart bullets/self-guided bullets
Ohn Mar Oo


"နိုင်ငံအလိုက် ထူးထူးဆန်းဆန်း အယူအဆများ"

"နိုင်ငံအလိုက် ထူးထူးဆန်းဆန်း အယူအဆများ"

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ လောက်က အနောက်ဥရောပနိုင်ငံတွေမှာ
ယုန်ခြေထောက်တွေဟာ ကံကောင်းခြင်းပေးတယ်လို့ ယုံကြည်ကြပါတယ်။

ပီရူးမှာ အဝါရောင်အတွင်းခံဘောင်းဘီကို နှစ်သစ်ကူးတဲ့နေ့မှာ ဝတ်ဆင်ရင်
ကံကောင်းမယ်လို့ ယုံကြည်ကြပါတယ်။

ဂျာမနီမှာတော့ မီးခိုးခေါင်းတိုင်လှည်းတဲ့ တံမျက်စည်းကို ထိရင်ကံကောင်းတယ်လို့ ယူဆယုံကြည်ကြပါတယ်။

တရုပ်ပြည်မှာတော့ ဂဏန်းနံပတ် ရှစ်ဟာ ကံကောင်းခြင်းကိုယူဆောင်လာတဲ့ နံပတ်အဖြစ် ယုံကြည်ကြသလို စုံတွဲပေါင်း ၃၀၀၀၀၀ ကျော်ဟာ ၈ရက် ၈လ၂၀၀၈ မှာ မင်္ဂလာဆောင်ခဲ့ကြပါတယ်။

အမေရိကားမှာ မြင်းသံခွါကို တံတားခလောက်အဖြစ် တံခါးမှာတပ်ဆင်ရင် ကံကောင်းခြင်းကို ယူဆောင်လာတတ်တယ်လို့ ယုံကြည်ကြပါတယ်။

နိုင်ငံတော်တော်များများမှာ နံပတ် ၇ ဟာ ကံကောင်းစေတဲ့ဂဏန်းအဖြစ် ယူဆတတ်ကြပါတယ်။ အမေရိကန်နိုင်ငံမှာ ၇ရက် ၇လ ၂၀၀၇ တုန်းက မင်္ဂလာဆောင်တဲ့နှုန်း သုံးဆဖြစ်သွားပါတယ်။

စပိန်နိုင်ငံမှာ နှစ်သစ်ကူးနေ့မှာ စပျစ်သီး ၁၂ လုံးကို သန်ခါင်ယံအချိန်တိတိမှာစားရင် ကံကောင်းခြင်းတွေ ယူဆောင်လာမယ်လို့ ယုံကြည်ကြပါတယ်။

သမ္မတအိုဘားမားဟာ သမ္မတလောင်း အရွေးခံဖို့အတွက် ပြိုင်ပွဲဝင်ချိန်မှာ ကံကောင်းခြင်းတွေ ယူဆောင်လာဖို့အတွက် စစ်သားတွေဝတ်တဲ့လက်ကောက်၊ လောင်းကစားသမားတွေဆောင်လေ့ရှိတဲ့ တိုကင်ရယ် အခြားဘာသာရေးနဲ့ဆိုင်တဲ့ အမှတ်အသားပစ္စည်းလေးတွေကို ဆောင်ခဲ့တယ်လို့ ပြောစမှတ်ရှိခဲ့ပါတယ်။

၁၉ ရာစုနှစ်လောက်တွေတုံးကတော့ အမျိုးသားတွေဟာ အိမ်ထောင်ပြုပြီးကြတဲ့အခါမှာ ဆလတ်ရွက်တွေကိုစားမိယင် သားသမီးမရနိုင်ပဲ မြုံသွားတတ်တယ်လို့ ယုံကြည်ခဲ့ကြလို့ ဆလတ်ရွက်တွေကို မစားကြတော့ဘူးလို့ ပြောစမှတ်ရှိပါတယ်။

၁၄ ရာစုနှစ်တွေတုံးကတော့ တံမြက်စည်းဆိုတာ စုံး၊ ကဝေတွေရဲ့ ခြေနင်းစင်္ကြာ ယာဉ်လို့ အယူရှိခဲ့ကြတာမို့ လူတစ်ယောက်ကို တံမြက်စည်းနဲ့ လိုက် (ရိုက်) ဖို့ ကြိုးစားတယ်ဆိုယင် ကံမကောင်းတတ်ဘူးလို့ အယူရှိကြပါတယ်။

ရုရှားမှာတော့ ပန်းပွင့်တွေကို စုံဂဏန်းအရေအတွက်နဲ့ ပေးခြင်းဟာ
သေဆုံးသူတွေအတွက် ပန်းခြင်းလက်ဆောင်ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

ရှေးခေတ်ဗြိတိသျှ အမျိုးသမီးတွေဟာ ဝက်သစ်ချသီးတွေဟာ နုပျိုစေနိုင်တယ်လို့ ယူဆတဲ့အတွက် ထာဝစဉ်နုပျိုဖို့ရန် ၀က်သစ်ချသီးတွေ ဆောင်ထားခဲ့ ကြပါတယ်။

ရှေးခေတ်ကထဲက နိုင်ငံတော်တော်များများမှာ ငှက်ချီးပါချရင် ကံကောင်းတော့မယ်ဆိုပြီး ယုံကြည်မှူတွေ ရှိခဲ့ကြပါတယ်။

OMO
Ohn Mar Oo


"အကျင့်စာရိတ္တ ကောင်းမွန်တဲ့ ကလေးငယ်တွေ ဖြစ်လာစေဖို့ မိဘတွေ အသုံးပြုရမယ့် လျို့ဝှက်နည်းလမ်းကောင်းများ"

"အကျင့်စာရိတ္တ ကောင်းမွန်တဲ့ ကလေးငယ်တွေ ဖြစ်လာစေဖို့ မိဘတွေ အသုံးပြုရမယ့် လျို့ဝှက်နည်းလမ်းကောင်းများ"

လူတိုင်းလူတိုင်းရဲ့မိဘတွေမှာ မတူညီတဲ့အမြင်လေးတွေ ရှိပါတယ်။ အဲဒါကို ညှိနှိုင်းဖို့ အချိန်လိုပါတယ်။ အကူအညီ ရယူရန် များများဖတ်ကြည့်ပါ။ သင်တို့နှစ်ယောက်လုံးဟာ သင့်ရင်သွေးငယ်လေးကို အကောင်းဆုံး ဖြစ်စေချင်ပါတယ်။ အကောင်းဆုံးနဲ့ ပတ်သက်လို့ ပြဿနာ တစ်ခုကတော့ အမြဲတမ်း ရှိနေတတ်ပါတယ်။ မိဘတစ်ယောက်က ကောင်းတဲ့ အတွေးလို့ ထင်နေတဲ့အရာကို နောက်မိဘတစ်ယောက်က အခြားတစ်မျိုးလို မြင်ပါတယ်။ ဒါကဖြစ်နေကျပါ။ ဒါပေမဲ့ ဒီပြဿနာတွေကို သင်ဘယ်လိုဖြေရှင်းမလဲ။ ပြီးတော့ သင်ဘယ်လို မယုတ်မလွန် ဆုံးဖြတ်မလဲ။

စာတစ်မျက်နှာပေါ်က မိဘများအတွက် အကောင်းဆုံးအကြံဥာဏ်များ

၁.အနာခံပြီး ရိုးသားစွာ သင်ရဲ့ကိုယ်ပိုင်မိဘ အုပ်ထိန်းမှုစတိုင်ကို သတ်မှတ်ဖော်ထုတ်ပါ။                         

၂.သင့်ရဲ့မိဘအုပ်ထိန်းမှု စတိုင်ကို သင့်ခင်ပွန်းနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေး တိုင်ပင်ပြီး အတူလုပ်ဆောင်ဖို့ တိုက်တွန်းပြောဆိုပါ။                                                                                                             

၃.သင့်သား/သမီးတွေကို သင်ပြောကြားစေချင်တဲ့ ယုံကြည်မှုတွေ၊ စာရိတ္တကျင့်ဝတ်တွေနဲ့ နေပုံထိုင်ပုံတွေကို ပြောဆိုသွန်သင်ပေးပါ။                                                                                                           

၎.သား/သမီးတွေရဲ့စိတ်ဝင်စားမှုတွေကို မိဘနှစ်ပါးလုံး အကောင်းဆုံး ညှိနှိုင်းပေးဖို့ လိုအပ်တယ်ဆိုတာကိုတော့ သဘောတူရပါမယ်။

၅.သင်နဲ့ သင့်ခင်ပွန်းနှစ်ယောက်လုံး နီးကပ်လာအောင် သင်လုပ်ထားတဲ့ အရာတွေ အားလုံးကို အကောင်းဆုံးပြောင်းလဲ သဘောတူညီမှုဖြစ်လာအောင် ကြိုးစားလုပ်ဆောင်ပါ။

၆.နှစ်လိုဖွယ်ရှိတဲ့ သဘောတူညီမှု မဖြစ်လာဘူးဆိုရင် တိုင်ပင်ဆွေးနွေးသူ၊ ဆေးကုသရေး ပညာရှင်၊ ခရစ်ယန်ဘုန်းကြီး/ သင်းအုပ်ဆရာ၊ ဆရာ/မသို့မဟုတ် သူငယ်ချင်းမိတ်ဆွေနဲ့ နှီးနှောတိုင်ပင်ပါ။


မိဘတွေရဲ့အကောင်းဆုံး လိုက်နာကျင့်ကြံမှု

၁.သင့်ရင်သွေးငယ်များကို ယုယကြင်နာပါ။ သား/သမီးများအပေါ် ပြုမှုဆက်ဆံပုံဟာ သူတို့ကိုယ်သူတို့ပြုမှုဆက်ဆံရန်အတွက် စံပြဖြစ်အောင် လုပ်ဆောင်ပါ။

၂.သင့်ရင်သွေးငယ်တွေနဲ့ ပွင့်ပွင့်လင်းလင်းပြောဆို ဆွေးနွေးပါ။ စကားပြောဆို ဆွေးနွေးမှုဟာ သွေးစည်းညီညွတ်တဲ့ မိသားစုဆက်ဆံရေးကို ပိုင်ဆိုင်စေတဲ့အရာပါ။

၃.သတ်မှတ်ထားတဲ့ အကန့်အသတ်တွေနဲ့အတူ မေတ္တာတရား/ပြုစုစောင့်ရှောက်မှုကို ညှိယူပါ။

၎.ရှုံ့ချဝေဖန်တဲ့ စကားမျိုးပြောဆိုခြင်းထက် တက်ကြွမှုဖြစ်စေတဲ့ စကားများပြောဆိုခြင်းဖြင့် ဂုဏ်သရေရှိအောင် တည်ဆောက်ပါ။

၅.ကလေးတွေ စိတ်မနှစ်မြို့မှုတွေကို ဖြေရှင်းပေးပါ။ သင့်သား/သမီးတွေကို အရည်အချင်းရှိအောင် ပြုစုပျိုးထောင်ပါ။ ဒါဆိုရင် စိတ်ဆိုးစရာ ခံစားမှုတွေကို ရင်ဆိုင်ရတဲ့အခါ သူတို့ ဆိုးဆိုးဝါးဝါးမဖြစ်တော့ပါဘူး။ ဘ၀ရဲ့အကျည်းတန် အရုပ်ဆိုးမှုတွေကို ကျွန်တော်တို့ ခုခံကာကွယ် တားဆီးလို့ မရပါဘူး။ ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်ပေးတာကတော့ မလွဲမသွေ ရင်ဆိုင်ရမယ့် လောကဓံကို ဖြေရှင်းနိုင်ဖို့ သင်ယူရမယ်ဆိုတာပါပဲ။

Ref:yourtango

Credit: Trend Myanmar


" တောင်သမန်အင်းမှာ ငါးတွေသေဆုံး (ဓါတ်ပုံ) "

" တောင်သမန်အင်းမှာ ငါးတွေသေဆုံး (ဓါတ်ပုံ) "

မန္တလေးမြို့ အမရပူရမြို့ နယ် တောင်သမန်အင်းမှာ ဒီကနေ့ ငါးတွေအစုလိုက်အပြုံလိုက် သေဆုံးတာတွေ့ရပါတယ်။ အခုလိုငါးတွေ သေဆုံးတာဟာ အင်းထဲကို ရေဆိုးရေညစ်တွေ ဝင်ရောက်တာတွေ များပြားလာတဲ့အတွက် ဖြစ်တယ်လို့ ဒေသခံ တံငါသည်တွေက ပြောပါတယ်။

အခုလို ငါးတွေအစုလိုက်အပြုံလိုက် သေဆုံးတာကို မြင်ရတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

Photo: Nay Thwae/RFA


"အမေရိကန်တွင် ခတ်စားလာသည့် ခဲရောင်ဆံပင်"

"အမေရိကန်တွင် ခေတ်စားလာသည့် ခဲရောင်ဆံပင်"

ခေတ်ဆန်ဆန် အမေရိကန်သူကြားမှာ အခုနောက်ပိုင်း ခဲရောင်ဆံပန်ခေါ် ဂရန်နီဟဲ ဆိုပြီး ရေပန်းစားနေပါတယ်။

တကယ်တော့ ငွေရောင်ဆံပင်၊ မီးခိုးရောင် ခဲရောင်ဆံပင် ဘယ်လိုပဲခေါ်ခေါ် အသက်အရွယ်ရလာတဲ့ အမယ်အိုတွေရဲ့ ခေါင်းက ဆံပင်အရောင်က ခေတ်ဆန်တဲ့ အမေရိကန်သူတွေကြားမှာ ခေတ်စားလာပါတယ်။

အခုနောက်ပိုင်းမှာ လူငယ်တွေဟာ ဒီဆံပင်အရောင်ကို လိုချင်လွန်းလို့ ငွေကြေးအကုန်ကျခံကြပါတယ်။ နာမည်ကျော် အနုပညာရှင် လေဒီဂါဂါ၊ နစ်ကိုရစ်ချီနဲ့ ကယ်လီအော့စဘောင်းတို့ရဲ့ တုပခဲ့တဲ့ ဒီဆံပင်အရောင်ဟာ အမျိုးသမီးငယ်တွေကြားမှာ ခေတ်စားနေပါတယ်။

ဒီလို စတိုင်ကျကျ ဆံပင်အရောင်ကိုရဖို့ အလှပြင်ဆိုင်မှာ နာရီပေါင်းများစွာ ကြာနိုင်ပါတယ်။
နဂို ဆံပင်ကို အရောင်ချွတ်ဖို့နဲ့၊ အရောင်သစ်သွင်းဖို့ အနည်းဆုံး ၂ နာရီ ကြာတတ်ပါတယ်။

အကယ်၍ ဆံပင်အရောင်က အနက်ရောင်ဆိုရင် အရောင်ချွတ်တဲ့အချိန်၊ အရောင်သွင်းတဲ့အချိန်က နောက်ထပ် နာရီပေါင်းများစွာ ပိုကြာနိုင်ပါတယ်။

ဒီလို ဆံပင်အရောင်မျိုး ရဖို့ဆိုရင် အမေရိကန်မှာ အနိမ့်ဆုံး ဒေါ်လာ ၂၀၀ (ကျပ်ငွေ ၂ သိန်း) ကုန်ကျမှာ ဖြစ်ပါတယ်။လိုချင်တဲ့ အရောင်အနေအထား၊ နဂိုဆံပင်အခြေအနေကို လိုက်ပြီး ဒေါ်လာ ၇၀၀ (ကျပ်ငွေ ၇ သိန်း) အထိ ကုန်ချင်ကုန်နိုင်ပါတယ်။

ဒီလို အရောင်တင်ပြီးရင်လည်း အရောင်မလွင့်အောင် တလတကြိမ် ဆံပင်အလှပြင်ဆိုင်မှာ ထိန်းသိမ်းရတဲ့ ကုန်ကျစရိတ်လည်း ရှိပါတယ်။ ဒါပေမယ့် အချိန်နဲ့ငွေ ဘယ်လောက်ကုန်ကုန် နဂိုထက် ပိုလှ၊ ပိုစတိုင်ကျ၊ အများ အာရုံစိုက်မှုကို ရတယ်ဆိုရင် တန်ပါတယ်လို့ မိန်းကလေးတွေကတော့ ဆိုကြပါတယ်။

Credit : DVB


"ပထမဆုံး အမေရိကန်ဖျော်ဖြေရေးခရီးသွားဖို့ ပြင်ဆင်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်"

"ပထမဆုံး အမေရိကန်ဖျော်ဖြေရေးခရီးသွားဖို့ ပြင်ဆင်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်"

စိုင်းစိုင်းခမ်းလှိုင်၏ ပထမဆုံးအကြိမ် အမေရိကန်နိုင်ငံ ဖျော်ဖြေရေးခရီးစဉ်ကို မေလဆန်းတွင် သွားရောက်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုနှင့် နယူးယောက်မြို့တို့တွင် မေလ ၉ ရက်မှစ၍ မြန်မာနိုင်ငံမှ အဆိုတော်ခုနစ်ဦး သွားရောက်ဖျော်ဖြေမည့် ‘7Star ဒိတ်ဒိတ်ကြဲ Night’ ဖျော်ဖြေပွဲတွင် စိုင်းစိုင်းခမ်းလှိုင်နှင့်အတူ နန္ဒစိုင်း၊ ဘန်နီဖြိုး၊ Snare၊ သီရိဆွေနှင့် မိစန္ဒီတို့ပါဝင်မည်ဖြစ် သည်။

အဆိုပါပွဲနှင့်ပတ်သက်၍ စိုင်းစိုင်းခမ်းလှိုင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပထမဆုံး ဖျော်ဖြေရေး အမေရိကန်ခရီးစဉ် ဖြစ်ကြောင်း ရေးသားထားခဲ့သည်။ ‘‘အမေရိကန်မှာ သွားဖျော်ဖြေဖို့ဆိုရင် အခုက လိုတော့လိုသေးတယ်။ နီးမှပဲသေသေချာချာ စီစဉ်ပြီးသွားမှာပါ’’ ဟု စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။

အမေရိကန်နိုင်ငံတွင် သွားရောက်ဖျော်ဖြေရန် ပါဝင်သည့် အဆိုတော်များအားလုံး ဧပြီ ၂၉ ရက်တွင်   ဗီဇာရရှိပြီးကြောင်း အဆိုပါပွဲစီစဉ်သည့် Winbrot-hers က ၎င်း၏ လူမှုကွန်ရက်စာ မျက်နှာ၌ ဖော်ပြထားသည်။

အမေရိကန်နိုင်ငံတွင် ဖျော်ဖြေမည့်ပွဲများမှာ မေလ ၉ ရက်တွင် ဆန်ဖရန်စစ္စကို၊ ၁၆ ရက်တွင် လော့စ်အန်ဂျလိစ်မြို့နှင့် ၃၀ ရက်တွင်    နယူးယောက်မြို့တို့ဖြစ်ကြောင်း သတင်းရရှိသည်။


Credit : 7day Daily


"အမျိုးသမီးတွေကို ဆွဲဆောင်ဖို့ ရုပ်ရည်က အဓိကမကျရခြင်းအကြောင်းရင်း ၃ ခု"

"အမျိုးသမီးတွေကို ဆွဲဆောင်ဖို့ ရုပ်ရည်က အဓိကမကျရခြင်းအကြောင်းရင်း ၃ ခု"

ရုပ်ရည်က အရေးကြီးသလားလို့ ချစ်သူရှာချင်တဲ့ အမျိုးသားတွေက မေးလေ့ရှိပါတယ်။ တစ်ခွန်းတည်းပြောရရင်တော့ အရေးမကြီးပါဘူး။
သိပ်လှတဲ့ကောင်မလေးတစ်ယောက်က သူ့ထက်အရပ်ပုတဲ့ အမျိုးသားတစ်ယောက်နဲ့ တွဲသွားတာကို စာဖတ်သူ ဘယ်နှကြိမ်လောက် မြင်ဖူးသလဲ။ တွေ့လေ့တွေ့ထရှိတဲ့ မြင်ကွင်းမျိုး မဟုတ်ဘူးလား။ သည်လိုပြောလို့ ရုပ်ရည်ရူပကာက လုံးဝအရေးမကြီးဘူးလို့ မဆိုလိုပါဘူး။ ရုပ်ရည်ချောမောလို့ အမျိုးသမီးတွေရဲ့ စိတ်ဝင်စားမှုကို နည်းနည်းလောက် တိုးမြှင့်ပေးနိုင်တယ်။ သည်လောက်ပါပဲ။
ရုပ်မချောလို့ မိန်းကလေးတွေ စိတ်မ၀င်စားဘူးလို့ မထင်လိုက်ပါနဲ့။ ရုပ်ရည်ဟာ အမျိုးသမီးတွေကို ဆွဲဆောင်ဖို့ အဓိကမကျရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ အဲဒါတွေကတော့

၁။ အမျိုးသမီးတွေဟာ အဆင့်အတန်းတွေကို ပိုစိတ်ဝင်စားတယ်။

အဆင့်အတန်းဆိုလို့ အပျံစားကားကြီး စီးနိုင်တာ၊ နာမည်ကြီးတာတွေကို ဆိုလိုတာမဟုတ်ပါဘူး။ အဆင့်အတန်းဆိုတာ လူမှုအသိုင်းအ၀ိုင်းမှာ အဆင့်အတန်းမြင့်မှုကို ဆိုလိုတာပါ။ လူမှုရေးအဆင့်မြင့်တဲ့ အမျိုးသားတွေကို အမျိုးသမီးတွေက အလိုလိုစိတ်ဝင်စားကြပါတယ်။ လူမှုဆက်ဆံရေး အကောင်းဆုံး၊ စွမ်းဆောင်ရည်အရှိဆုံးသူတွေဟာ အမျိုးသမီးတွေ စိတ်အ၀င်စားဆုံး သူတွေပါပဲ။

၂။ အမျိုးသားတွေဟာ သူတို့ဆွဲဆောင်နိုင်စွမ်းကို မြှင့်တင်နိုင်ပါတယ်။

အမျိုးသမီးတွေက ခေါင်းဆောင်နိုင်စွမ်းရှိတဲ့သူ၊ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့သူ၊ ဟာသဥာဏ်ရှိတဲ့သူတွေကို အဓိက စိတ်ဝင်စားပါတယ်။ သည်တော့ ကိုယ့်မှာရှိတဲ့ အဲသည်အရည်အချင်းတွေကို မြှင့်တင်ပြီး စိတ်ဝင်စားမှုကို ရယူနိုင်ပါတယ်။

၃။ရုပ်ရည်က မတည်မြဲဘူး။

ရုပ်ရည်ရူုပကာက အမြဲပြောင်းလဲနေပါတယ်။ ဆံပင်ပုံစံ၊ အ၀တ်အစားပြောင်းရုံနဲ့ ရုပ်ပြောင်းသွားတတ်ပါတယ်။ အလှအပအကြောင်း ပင်ကိုဗီဇစိတ်နဲ့ နားလည်ထားတဲ့အမျိုးသမီးတွေဟာ အမျိုးသားတစ်ယောက်နဲ့ စတွေ့တွေ့ချင်းမှာ သူ့ရုပ်ရည်ကို အာရုံသိပ်မပြုကြပါဘူး။ အမျိုးသားရဲ့ပြောဟန်ဆိုဟန်၊ သြဇာတိက္ကမနဲ့ မိမိကိုယ်ကိုယုံကြည်စိတ်တွေကို အမျိုးသမီးတစ်ယောက် တွေ့ထားပြီဆိုရင် သူ့ရုပ်ရည်ကို သူ့အရည်အချင်းတွေက ဖုံးလွှမ်းသွားမှာပါ။

သည်တော့ ကိုယ့်ကိုယ်ကို ရုပ်ချောအောင် ပြင်ဆင်တာထက် ကိုယ်ရည်ကိုယ်သွေးကို အဓိကထားမြှင့်တင်ဖို့ ကြိုးစားရမှာပါ။ ကိုယ်ရည်ကိုယ်သွေးသာမြင့်မားရင် ကျန်တာတွေ အလိုလိုပါလာမှာပါ။ ကျန်တာတွေ ဆိုတဲ့အထဲမှာ အမျိုးသမီးတွေလည်း ပါတာပေါ့။
သူငယ်ချင်းအားလုံး အောင်မြင်တဲ့ဘ၀ကို ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ။

Credit : The Idealist


"သံသယများနဲ့ မိန်းကလေးများရဲ့မေးခွန်း ( ၇ ) ခု"

"သံသယများနဲ့ မိန်းကလေးများရဲ့မေးခွန်း ( ၇ ) ခု"

မိန်းကလေးတွေရဲ့ နှလုံးသားဟာ အရမ်းကို နူးညံ့ပြီး ထိခိုက်လွယ်ပါတယ်။ ယောက်ျားလေးတွေအနေနဲ့ သိရခက်ပြီး ထူးဆန်းတဲ့သဘာဝကို ပိုင်ဆိုင်ထားတဲ့ မိန်းမလေးတွေနဲ့ သဘာဝအရ ချစ်ဖို့ကြိုက်ဖို့ ပေါင်းဖက်ဖို့ဆိုရင် သူမတို့ရဲ့ အောက်ပါ မေးခွန်းတွေကို နားဝင်ချိုအောင် ပြန်ရွှီးတတ်ဖို့ လိုပါတယ်။ အမှန်ကိုဖြေတဲ့ပုံပေါက်ရမယ်နော်။ ပိပိရိရိ ပြန်ရွှီးတတ်ဖို့လိုပါတယ်။ အကဲခတ်တဲ့နေရာမှာ တစ်ဖက်ကမ်းလွန်အောင် သူမတို့က ကျွမ်းကျင်ကြလို့ပါ …

(၁) ကျွန်မ၀ိတ်တက်လာတယ်လို့မထင်ဘူးလား?

သူမနောက်ပိုင်းတဖြည်းဖြည်း ၀ိတ်တက်လာတာကို ဖွင့်ပြောရဲတယ်ဘဲရှိစေဦး လုံးဝကိုလိမ်ပြီး ပြန်ဖြေရမှာ ဖြစ်ပါတယ်။ အရင်အတိုင်းပါဘဲ… စိတ်ထင်လို့ပါ
စသည်ဖြင့်ဖြေပါ။

(၂) ကျွန်မမိတ်ကပ်လိမ်းဖို့လိုဦးမလား?

မိန်းကလေးတိုင်း မိတ်ကပ်လိမ်းမှ လှတယ်လို့ အပြောမခံချင်ကျပါဘူး။ ဘဘာဝအတိုင်းလေးလှပြီး
အဆင်ပြေပါတယ်လို့ ပြန်ဖြေဖို့ လိုပါတယ်။

(၃) ကျွန်မရဲ့ညီမ/အစ်မ/သူငယ်ချင်း မိန်းကလေးအရမ်းလှနေတယ်လို့ မထင်ဘူးလား?

ဒီမေးခွန်းဟာအရမ်းကိုလှည့်ကွက်များပါတယ်။ ပြန်လည်ဖြေဆိုဖို့ မသင့်တော်ပါဝူး။ အဖြေကတော့ ထိုမိန်းကလေးတွေလှပါတယ်..မဆိုးပါဘူး စသဖြင့် မေးလာလို့သာ သင်က ပြန်ဖြေတဲ့ပုံစံနဲ့ဖြေပေးရမှာ ဖြစ်ပါတယ်။

(၄)ကျွန်မ အစိုးရိမ်လွန်ပြီး အပိုတွေလုပ်နေတယ်လို့ မထင်ဘူးလား?

မဟုတ်တာလေးနဲ့စိတ်ဆိုး၊ စိတ်ကောက်မယ်။ အစိုးရိမ်လွန်ပြီးရင် ဒီးမေးခွန်းမျိုး မေးလာမယ်။ ထိုအခါ သင်က “မင်းအစိုးရိမ်လွန်ပြီး အပိုတွေလုပ်နေတာ မဟုတ်ပါဝူး။ မင်းနေရာမှာ ကိုယ်လဲ လုပ်မိမှာဘဲ” ပြန်ဖြေပေးသင့်ပါတယ်။

(၅)ကျွန်မမိဘနဲ့အသိုင်းအ၀ိုင်းကို သဘောမကျဘူးလား?

မိဘ အသိုင်းအဝိုင်းကို အလွန်အလေးထားတဲ့ မိန်းကလေးမျိုးနဲ့ ချစ်ကြိုက်နေတဲ့အခြေအနေ
(သို့) လက်ထပ်ပေါင်းသင်းနေတဲ့အခြေဆိုရင် သူမ အဖေဟာ ဘယ်လောက်ဘဲဒေါသကြီးကြီး၊ အမေက ဘယ်လောက်ဂွကျကျ အဆင်မပြေတဲ့
အကြောင်းတွေကို ခဏခဏမပြောမိဖို့ သတိထားရပါမယ်။

(၆) အရင်ချစ်သူနဲ့တုန်းကအခြေအနေ ဘယ်လိုလဲ?

မိန်းကလေးတွေက ဒီမေးခွန်းကို ခဏခဏ မေးလေ့ရှိပေမယ် သင်က မေ့ချင်ယောင်ဆောင်ရပါမယ်။ သူမအပေါ် စိတ်ရှိကြောင်းသာ ပြရပါမယ်။

(၇) အခုအ၀တ်အစားနဲ့ ဘယ်လိုနေလဲ?

အပြင်သွားဖို့ရှိနေတဲ့အခြေအနေမှာ သူမနဲ့အ၀တ်အစားဟာ မလိုက်ဖက်ခဲ့ရင်တောင် “အခုလိုဝတ်ထားတာလဲမဆိုးပါဝူး၊သူများတွေလဲ ဒီလို ၀တ်နေကျတာဘဲ၊ ဘာဖြစ်လဲ တစ်ခါတစ်လေ၀တ်တာဘဲ” စသဖြင့် စိတ်သက်သာအောင် ဖြေဆိုခြင်းဖြင့် သင်တို့နှစ်ယောက် စိတ်အနှောက်အယှက် ဖြစ်လာစေမည့်အကြောင်းများကို
ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။

Credit : Yangon Life


Wednesday, April 29, 2015

"မြန်မာမြေငလျင်ပညာရှင်များ အစိုးရိမ်ဆုံးနေရာ"

၂၀၁၁ခုနှစ် မတ်လ၂၄ရက်တွင် လှုပ်ခတ်ခဲ့သော ပြင်းအား၇ရှိ တာလေငလျင်ကြောင့် တာလေမြို့ဝင်လမ်းမကြီး အက်ကွဲပျက်စီးနေစဉ် (ဓာတ်ပုံ−အားမာန်)

"မြန်မာမြေငလျင်ပညာရှင်များ အစိုးရိမ်ဆုံးနေရာ"

နီပေါနိုင်ငံ၌ အင်အားပြင်းငလျင်ကြောင့် လူထောင်ချီသေဆုံးပြီး အကြီးအကျယ် ပျက်စီးမှုကြုံခဲ့ပြီးနောက်တွင် မြန်မာနိုင်ငံမှ မြေငလျင်ပညာရှင်များက စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ နှစ်ပေါင်းများစွာ မလှုပ်ခတ်ဘဲ ငြိမ်သက်နေသော အပိုင်းများ၌ ငလျင်များ လှုပ်ခတ်မည်ကို စိုးရိမ်နေကြလေသည်။

စစ်ကိုင်းပြတ်ရွေ့ကြောကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည့် ငလျင်ပညာရှင် ဒေါက်တာဝင်းဆွေက မြန်မာနိုင်ငံ တောင်နှင့်မြောက် ဖြတ်သန်းသွားသည့် စစ်ကိုင်းပြတ်ရွေ့ကြောမှာ ၂၀၁၂ က နောက်ဆုံး လှုပ်ခတ်ခဲ့သည့် သပိတ်ကျင်းအပိုင်းမှလွဲ၍ ကျန်အပိုင်းများတွင် သတိပြုရန်လိုကြောင်း အကြံပြုသည်။ အဓိကအားဖြင့် ရန်ကုန်နှင့် အနီးဆုံးနေရာတွင်ရှိသည့် ပဲခူးဒေသအပါအဝင် ပြတ်ရွေ့ကြော၏ တောင်ဘက် မလှုပ်ရှားသည်မှာ နှစ်ရှစ်ဆယ်ကျော်နေပြီ ဖြစ်သောကြောင့် ပြတ်ရွေ့ကြောများ၏ သဘာဝအရ အချိန်မရွေး လှုပ်နိုင်ခြေရှိကြောင်း ပြောသည်။

‘‘စစ်ကိုင်းပြတ်ရွေ့က မြောက်ပိုင်းလှုပ်ပြီးသွားပြီလေဗျာ။ သပိတ်ကျင်းဘက်မှာ။ တောင်ဘက်ကို နည်းနည်း
သတိထားဖို့တော့ လိုတယ်’’ ဟု ပြောသည်။

မြန်မာနိုင်ငံမြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း သုံးခွမြို့အနီးအထိ ရှည်လျားသော စစ်ကိုင်းပြတ်ရွေ့ကြောကြီးနှင့် အချိန်မရွေး အသက်ဝင်လာနိုင်သည့် အခြားပြတ်ရွေ့ကြောများ ရှိနေကြောင်း တောင်ငူတက္ကသိုလ် ဘူမိဗေဒဌာန လက်ထောက်ကထိက ဒေါက်တာစိုးမင်းက နီပေါငလျင်နှင့်ယှဉ်၍ သတိပေးသည်။

‘‘မြန်မာနိုင်ငံက စစ်ကိုင်းပြတ်ရွေ့က အပိုင်းလိုက်ရှိနေတာ။ အထက်ပိုင်းရော၊ အောက်ပိုင်းရော။ လောလောဆယ် အစိုးရိမ်ဆုံးကတော့ ပဲခူးအပိုင်းပေါ့။ ၁၉၃၀ က လှုပ်ခဲ့တာဆိုတော့ မလှုပ်ဘဲ ငြိမ်နေတာက
နှစ်ရှစ်ဆယ်ကျော်နေပြီ’’ ဟု တောင်ငူတက္ကသိုလ် ဘူမိဗေဒဌာန လက်ထောက်ကထိက ဒေါက်တာစိုးမင်းက ပြောသည်။


၂၀၁၂ နိုဝင်ဘာ ၁၁ ရက်တွင် သပိတ်ကျင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော ရစ်ခ်ျစတာစကေး ၆ ဒသမ ၈ ရှိ ငလျင်လှုပ်ပြီးနောက် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ပြိုကျနေစဉ် (ဓာတ်ပုံ − 7 DAY )

ဒေါက်တာစိုးမင်းက မြန်မာနိုင်ငံတွင် နှစ် ၈၀ နှစ်အထက်မှ နှစ်ရာချီ၍မလှုပ်ဘဲ အချိန်မရွေး လှုပ်ရှားနိုင်ခြေရှိသော ပြတ်ရွေ့ကြောများမှာ အပိုင်းလိုက်ရှိနေသည့် စစ်ကိုင်း ပြတ်ရွေ့ကြောအပြင် ရခိုင်ပြတ်ရွေ့ကြောနှင့် မေမြို့အနီးရှိ ကျောက်ကြမ်း ပြတ်ရွေ့ကြောတို့ဖြစ်ကြောင်း ပြောသည်။ စစ်ကိုင်းပြတ်ရွေ့ကြောကြီးသည် ဟူးကောင်းတောင်ကြားမှစကာ မိုးကောင်း၊ အင်းတော်ကြီး၊ ထီးချိုင့်မြို့များမှ စစ်ကိုင်းမြို့သို့ ဖြတ်သွားသည်။ ထိုနေရာမှ ဧရာဝတီမြစ်ကြောင်းအတိုင်း မြစ်သား၊ ဝမ်းတွင်း၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်းနှင့် ပျဉ်းမနား၊ ဖြူး၊ ပဲခူးမြို့၊ ထိုမှ ခရမ်းသုံးခွမြို့အနီးမှဖြတ်ကာ ကပ္ပလီပင်လယ်အတွင်း ထိုးဆင်းသွားကြောင်း ငလျင်ပညာရှင် ဒေါက်တာဝင်းဆွေက အသေးစိတ်ရှင်းပြသည်။ အစိုးရရုံးစိုက်ရာ နေပြည်တော်ကိုလည်း ဖြတ်သွားပြီး နေပြည်တော်-အမရပူရအပိုင်းသည် မလှုပ်ရှားဘဲ ငြိမ်နေသည်မှာ နှစ်ပေါင်း နှစ်ရာကျော်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီအတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။ မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် အင်အားပြင်းပြင်း လှုပ်သွားခဲ့သော အင်းဝ၊ ပဲခူးနှင့် စစ်ကိုင်းငလျင်များ၏ အဓိက လက်သည်တရားခံမှာလည်း ထိုပြတ်ရွေ့ကြောကြီးပင် ဖြစ်နေသည်။

‘‘အဓိက သတိပေးရရင်တော့ စစ်ကိုင်းပြတ်ရွေ့ပဲ။ စစ်ကိုင်းပြတ်ရွေ့မှာ အောက်မှာရှိတဲ့ ပဲခူးပိုင်း။ ပြီးတော့ ဖြူးပိုင်း။ ဆွာနဲ့ မြစ်ကြီးနား-ပူတာအိုပိုင်းပေါ့။ အဲဒီအပိုင်းကတော့ နှစ်ရှစ်ဆယ်ကျော်ပြီ မလှုပ်ဘဲရပ်နေတာ။ အဲဒီအထဲမှာမှ နေပြည်တော်နဲ့ အမရပူရအပိုင်းက မလှုပ်ဘဲနေတာ နှစ် နှစ်ရာကျော်ပြီ။ ဒါကြောင့် အချိန်မရွေး သတိထားရမယ့်အပိုင်းတွေ ဖြစ်နေတယ်’’ ဟု ဦးစိုးသူရထွန်းက ပြောသည်။

စစ်ကိုင်းပြတ်ရွေ့ကြောသည် အင်အားပြင်းအဆင့်ဖြစ်သည့် ရစ်ခ်ျတာစကေး ၆ အထက်ကို စစ်ကိုင်းမြို့၊ တကောင်းမြို့နှင့် သပိတ်ကျင်းမြို့တို့ကို ဗဟိုပြု၍ ၁၉၅၆၊ ၁၉၉၀ နှင့် ၂၀၁၂ က လှုပ်ခဲ့သည်။ ထိုဖြစ်စဉ်များအရ စစ်ကိုင်းပြတ်ရွေ့ကြော၏အပိုင်းလိုက် လှုပ်ရှားမှုသည် နေရာဒေသလိုက်၍ အချိန်မရွေးသတိထားရန် လိုအပ်ကြောင်း ဦးစိုးသူရထွန်းက ပြောသည်။

မြန်မာနိုင်ငံ မြေငလျင်အသင်းက မြန်မာနိုင်ငံရှိ ပြတ်ရွေ့ကြောများဖြတ်ရာ ဒေသများပြမြေပုံကို ထုတ်ဝေထားပြီး ငလျင်အန္တရာယ်အတွက် သတိပေးထားရာ ဒေသများတွင် အစိုးရဦးဆောင်၍ ငလျင်အန္တရာယ်အတွက် အသိပညာပေးသင့်ကြောင်း ရန်ကုန်နည်းပညာတက္ကသိုလ်၊ အင်ဂျင်နီ ယာဘူမိဗေဒဌာန ဧည့်ပါမောက္ခ ဒေါက်တာကျော်ထွန်းက အကြံပြုသည်။ ထို့ပြင် နီပေါငလျင်ဖြစ်စဉ်နှင့်ယှဉ်၍ ရန်ကုန်မြို့၌ ငလျင်အန္တရာယ် ကြိုတင်ကာကွယ်ရေးကဏ္ဍ သင်ခန်းစာယူသင့်ကြောင်း ၎င်းက အလေးအနက်ပြောသည်။

‘‘နီပေါမှာ သူတို့ဆောက်ထားတဲ့ အဆောက်အအုံတွေက တကယ် အရည်အသွေးမီတဲ့ အဆောက်အဦ မဟုတ်ဘူးလေဗျာ။ ဒါကြောင့်မလို့ ကျွန်တော်တို့ဆီမှာလည်း ငလျင်ကြောပေါ်ရှိနေတယ်။ အဲဒီဒေသတွေမှာ ငလျင်ဒဏ်ခံ အဆောက်အအုံအတွက် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆောက်သင့်တယ်။ အစိုးရက ပုဂ္ဂလိကကို ဆောက်လုပ်ခွင့်တွေ ဒလဟောပေးလိုက်တဲ့အချိန်မှာ ကန်ထရိုက်တိုက်တွေ အများကြီး ထွက်လာတယ်လေ။ တော်တော်များများက အရည်အသွေးမမီဘူးလို့ ဝေဖန်ခံရတယ်လေ။ တကယ်လို့များ ပဲခူးငလျင်လိုမျိုးလှုပ်ခဲ့ရင် အများကြီးထိခိုက်နိုင်တယ်။ နောက်ဆောက်မဲ့ အဆောက်အအုံတွေအတွက် စနစ်တကျ ဖြစ်သင့်တယ်’’ ဟု ဒေါက်တာကျော်ထွန်းက ပြောသည်။

၂၀၁၄ က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေးဒရဲငလျင်ကြော ရစ်ခ်ျတာစကေး ၄ ဒသမ ၇ အဆင့် (အင်အားအနည်းငယ်) ဖြင့် တွံတေးမြို့အနီး ဗဟိုပြုလှုပ်ခဲ့သည်။ ရန်ကုန်မြို့တွင် သိသိသာသာ ခံစားလိုက်ရပြီး မြို့ခံလူထု စိုးရိမ်ထိတ်လန့်ခဲ့ကြသည်။ ပညာရှင်များကလည်း စစ်ကိုင်းပြတ်ရွေ့ကြော၏ ၎င်းတို့ အစိုးရိမ်ဆုံးအပိုင်းဖြစ်သည့် ပဲခူးဒေသအပိုင်း လှုပ်ခတ်ပါက ရန်ကုန်တွင်ပါ သက်ရောက်နိုင်ကြောင်း မကြာခဏဆိုသလို သတိပေးနေသည်။ ၁၉၃၀ က လှုပ်ခဲ့သည့် ပဲခူးငလျင်ကလည်း ရန်ကုန်တွင်ပါ ခံစားခဲ့ရကာ လူသေဆုံးမှုနှင့်အတူ အဆောက်အအုံပျက်စီးမှုများ ရင်ဆိုင်ခဲ့ရဖူးသည်။ ပညာရှင်များ သတိပေးနေသည်မှာလည်း စစ်ကိုင်းပြတ်ရွေ့ကြော၏ တောင်ဘက် ပဲခူးအပိုင်း လှုပ်ခတ်လျှင် ရန်ကုန်မြို့ကိုပါ ငလျင်သက်ရောက်လာနိုင်သည့် အန္တရာယ်ပင်။

သို့သော် လူနေသိပ်သည်းမှုအများဆုံးဖြစ်ပြီး အရည်အသွေးမမီသော အထပ်မြင့်အဆောက်အအုံ များစွာရှိနေသည့် ရန်ကုန်တွင် အထပ်မြင့် အဆောက်အအုံများ ကြီးကြပ်ရေးကော်မတီမှအပ အစိုးရပိုင်းက မြင်သာထင်သာသော ငလျင်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ခြင်း
မရှိသေးပါ။ သမ္မတက ပထမဆုံးအကြိမ် ဖွဲ့စည်းစေခဲ့သည့် အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီသည်လည်း သိသာထင်ရှားသော လုပ်ဆောင်ချက် ယနေ့အထိ မတွေ့ရချေ။

‘‘သဘာဝဘေးအန္တရာယ်အတွက် ကူညီလှုပ်ရှားပေးတဲ့ NGO တွေက ခုနေမှာ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ပေးသင့်ပါတယ်။ လူထုက ထလုပ်ဖို့ အသိပညာမှမရှိတာ မလွယ်လှပါဘူး။ စိတ်ပါဝင်စားမှုပိုင်း အားနည်းတာကလည်း စားဝတ်နေရေးအတွက် လုံးပန်းနေရလို့ပါ။ အစိုးရအနေနဲ့က မဖြစ်မနေ လုပ်သင့်တယ်လို့ ပညာရှင်တွေ စတင်ရေးသားထားတာ စာတွေများများ ဖြန့်ဝေပေးသင့်တယ်။ အသိပညာတွေ ပေးသင့်တယ်။ social media တွေ၊ သတင်းဌာနတွေက အသိပညာများများ ဖြန့်ဝေပေးရပါမယ်။ အန္တရာယ်ရှိတဲ့ အဆောက်အအုံတွေဆို မဖြစ်မနေ ဖြိုချပစ်ရပါမယ်။ စသဖြင့်ပေါ့။ သွေးအေးလို့ မနေသင့်ဘဲ လုပ်သင့်တဲ့အချိန် ရောက်နေပြီလို့ ထင်ပါတယ်’’ ဟု တောင်ဥက္ကလာပမြို့နယ်နေ ဒေါက်တာရီလွင်ကျော်ဇော်က ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်ကလည်း ငလျင်အန္တရာယ်နှင့်ပတ်သက်၍ ရန်ကုန်လိုမြို့တွင်သာမက နယ်ပေါင်းစုံရှိ ငလျင်ပြတ်ရွေ့ပေါ်မှ ဒေသခံများအနေဖြင့် နေအိမ်အဆောက်အအုံ တည်ဆောက်မှုအပိုင်းတွင် တစ်ဦးချင်းစီ ကြိုတင်သတိရှိရန်လိုကြောင်း ပြောသည်။

နီပေါနိုင်ငံတွင်တော့ ငလျင်၏ နောက်ဆက်တွဲ အနိဋ္ဌာရုံ မြင်ကွင်းများက သွေးအလိမ်းလိမ်းဖြင့် လွှမ်းမိုးထားဆဲဖြစ်သည်။ ပြတ်ရွေ့ကြောပေါ်ရှိနေသည့် မြန်မာနိုင်ငံကလည်း နီပေါနိုင်ငံသတင်းများကို ကြည့်နေရုံနှင့်မပြီးဘဲ သင်ခန်းစာယူကာ လိုအပ်ချက်များ အချိန်မီ ပြင်ဆင်နိုင်ရန် အရေးကြီးကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က အကြံပြုသည်။

7 Days



Lutaw Lupyaw