Saturday, October 31, 2015

"Lady Mind"


"Lady Mind"

မိန်းကလေးတိုင်း ငိုတတ်ကြတယ်။ သူတို့က ငိုချင်တိုင်း.ငိုကြတာတော့မဟုတ်ဘူး။ သူတို့ရင်ထဲမှာ နာကျင်လို့၊ ခံစားရခက်လို့၊ အကူအညီလိုလို့ ငိုတာဖြစ်တယ်။ ချစ်သူယောက်ျားလေးဖြစ်တဲ့ သင်က ဒါကို ပထမဦးဆုံး သတိပြုမိရမှာဖြစ်ပြီး သူ့နာကျင်မှုတွေ အပြင်ကို မျက်ရည်အဖြစ်နဲ့ စီးကျမလာခင် သူ့ကို နှစ်သိမ့်၊ အားပေးကူညီသင့်တယ်။

မိန်းကလေးတွေက ကိုယ့်ချစ်သူကို "ငါ့ကိုချစ်လားဟင်" လို့ မေးတတ်ကြတယ်။ ဒီလိုမေးရာမှာ အခြေအနေ နှစ်မျိုးရှိတယ်။ ပထမအချက်က သူချစ်တဲ့ ကောင်လေးက ဒီစကားသုံးခွန်းကို သိပ်မသုံးတော့လို့။ ဒုတိယအချက်က မိန်းကလေးတွေ ကိုယ့်ကိုယ်ကို သံသယရှိလာလို့ ဖြစ်တယ်။ သူ ဒီလိုမေးလာတဲ့အချိန်မှာ သူ့ကို ရင်ခွင်ထဲပွေ့ဖက်ပြီး နူးညံ့ညင်သာစွာနဲ့ "နင့်ကိုငါချစ်တယ်" လို့ ပြောပါ။ ဒီစကားတစ်ခွန်းတည်းနဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို သင် ကာကွယ်နိုင်ပါလိမ့်မယ်။

မိန်းကလေးတွေက ဘာမှန်းညာမှန်းမသိ စိတ်တိုတတ်ကြတယ်။ သူတို့ စိတ်တိုရတာ အကြောင်းရှိတယ်။ မကြည့်သင့်တာကို သင်ကြည့်ခဲ့လို့၊ မပြောသင့်တာကို သင် ပြောခဲ့လို့ဖြစ်တယ်။ ဒါမှမဟုတ် နောက်ကျမှဆက်တဲ့ ဖုန်းကြောင့်ဖြစ်တယ်။ တကယ်တော့ မိန်းကလေးတွေရဲ့ နှလုံးသားက နူးညံ့လွန်းတယ်။ ခွင့်လွတ်ဖို့ သင် တောင်းပန်မယ်၊ သူ့ကို ယုယကြင်နာမယ်ဆိုရင် သူ့ရဲ့ စိတ်တိုဒေါသတွေက လေနဲ့အတူ လွင့်သွားတဲ့တိမ်လိုမျိုး တခဏချင်း ပျောက်ကွယ်သွားမှာ ဖြစ်တယ်။

မိန်းကလေးတွေက လက်ဆောင်ပန်းစည်း အမြဲလိုချင်တတ်ကြတယ်။ ပန်းကြိုက်တာ မိန်းကလေးတိုင်းရဲ့ မွေးရာပါဖြစ်တယ်။ ယောက်ျားလေးတွေ သိထားရမှာက တန်ဖိုးကြီးတဲ့ နှင်းဆီပန်း တစ်စည်းပဲဖြစ်ဖြစ်၊
တောပန်းပွင့်လေး တစ်ပွင့်ပဲဖြစ်ဖြစ် တစ်ချို့မိန်းကလေးအတွက် ကျေနပ်မှုက
တူတူပဲဖြစ်တယ်။ အဓိက,က သင့်ရဲ့ ရိုးသားတဲ့ စိတ်ရှိဖို့ပဲ ဖြစ်တယ်။

မိန်းကလေးတွေက ဖုန်းအမြဲစောင့်တတ်တယ်။ ဒါက ချစ်စကြင်စ အချစ်ပင်လယ်မှာ ပက်လက်မျှောနေတဲ့ မိန်းကလေးတို့ရဲ့ သဘာဝဖြစ်တယ်။ ဖုန်းကို လက်ထဲမှာ
အမြဲကိုင်ထားပြီး ချစ်သူရဲ့ဖုန်းကို စောင့်နေတတ်ကြတယ်။

မိန်းကလေးတစ်ချို့က စကားပြောနိုင်လွန်းတယ်။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် ပိုခံစားလွယ်တယ်၊ သူတို့က သူငယ်ချင်းတွေနဲ့ ဆုံပြီဆိုရင် ပတ်ဝန်းကျင်အကြောင်း၊ လူတွေအကြောင်း မနားတမ်း ပြောတတ်ကြတယ်။ ဒါက သူတို့အတွက် အပန်းဖြေနည်းတစ်မျိုး၊ စိတ်ဖြေလျော့မှုတစ်မျိုး ဖြစ်တယ်။ တစ်ချို့မိန်းကလေးတွေက ဖုန်းကောက်ကိုင်ပြီးရင် မချတတ်တော့ဘူး။ ဒါဟာလည်း ခုခေတ်မိန်းကလေးတွေက အလုပ်ကိုယ်စီ ရှိနေကြလို့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ မျက်နှာချင်းဆိုင် စကားပြောဖို့ အချိန်မရှိလို့ဖြစ်တယ်။ ချစ်သူကလည်း ဒါတွေကို စိတ်ရှည်သည်းခံပြီး နားထောင်မပေးတတ်ကြတော့ ပြောချင်တာ၊ ရင်ဖွင့်ချင်တာကို ဖုန်းနဲ့ပဲ ပြောကြတော့တယ်။

လူတစ်ယောက်ကို ချစ်ဖို့ရာ အကြောင်းတရား မလိုဘူး။ မိန်းကလေးတွေက ကိုယ်ချစ်တဲ့သူနဲ့ အတူနေရဖို့ နောင်တတရားမရှိဘဲ အရာရာကို ပေးဆပ်တတ်ကြတယ်။ လူတစ်ယောက် ကိုယ့်ကြောင့် ပြောင်းလဲသွားတယ်၊ ခေါင်းမာတဲ့ သူ့အကျင့်တွေ ရုတ်သိမ်းသွားတယ်ဆိုရင် ကိုယ့်ကို တကယ်ချစ်လို့ပါပဲ။ ကိုယ့်ကို တကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ လိုအပ်ချက်က ကိုယ့်ရဲ့ဂတိသစ္စာတွေ မဟုတ်ဘူး။ သူတို့လိုအပ်တာက ကိုယ့်စီက လုံခြုံမှု၊ ထိခိုက်ဒဏ်ရာရလာတဲ့ သူ့အတွက် အချိန်မရွေး မှီခိုနိုင်မယ့် ပုခုံးတစ်စုံသာဖြစ်တယ်။

ယောက်ျားလေးတွေက မျက်လုံးနဲ့ မိန်းကလေးကို ကြည့်တတ်ကြတယ်။ ဒါကြောင့် အလှရဲ့ စွဲဆောင်မှုကို အလွယ်တကူ ခံရတတ်တယ်။ မိန်းကလေးတွေက စိတ်နဲ့ ယောက်ျားလေးကို တွေးတောတတ်ကြတယ်။ ဒါကြောင့် စိတ်ပင်ပန်းဆင်းရဲတာကို အလွယ်တကူ ခံစားရတတ်တယ်။ မိန်းကလေးတွေက ဂုဏ်ဝင့်တဲ့ ရွှေငန်းနဲ့ တူတယ်။ ဒါပေမယ့် ယောက်ျားလေးတွေကို ချစ်မိပြီဆိုရင် အတောင်အချိုးခံလိုက်ရသလိုပဲ။

ဒါကြောင့် ယောက်ျားလေးတွေက ကိုယ့်ကိုချစ်တဲ့ မိန်းကလေးကို ပိုပြီး ဆတိုးကြင်နာ တန်ဖိုးထား စောင့်ရှောက်သင့်တယ်။ သူတို့နာကျင် မျက်ရည်ကျအောင် မလုပ်သင့်ဘူး။

Credit: Pote Pote

Friday, October 30, 2015

"မိန်းကလေးများအတွက်… လိုအပ်လျှင်ပေါ့နော်"


"မိန်းကလေးများအတွက်… လိုအပ်လျှင်ပေါ့နော်"

အိမ်ထောင်သည် မိန်းကလေးတွေအတွက်ရော အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားတဲ့ မိန်းကလေးတွေအတွက်ပါ အကြံပြုချင်လို့ပါ…

ကိုယ့်ယောက်ျားက ကိုယ့်စိတ်တိုင်းကျဖြစ်ရင် ဘယ်မိန်းမပဲဖြစ်ဖြစ် ကျေနပ်ကြမှာပါ။ ကိုယ့်စိတ်တိုင်းကျဖြစ်အောင် ကိုယ့်ဖက်ပါအောင် လုပ်ဖို့က ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ အိမ်ထောင်စကျပြီ ဆိုကတည်းက ကိုယ့်ယောက်ျား ဘာကြိုက်တတ်တယ်။ ဘာဆိုမကြိုက်ဘူး ဆိုတာ လေ့လာထားဖို့ လိုပါမယ်။ ကိုယ့်ဖက်က လိုလေးသေးမရှိ တာဝန်ကျေဖို့ အဓိကလိုပါတယ်။ အောက်ကျတယ်လည်း မတွေးပါနဲ့။ အိမ်ထောင်မှုနိုင်နင်းရင် ဘယ်ယောက်ျားမှ တော်ရုံပစ်မပြေးပါဘူး။ အိမ်မှုကိစ္စ ပျင်းတဲ့မိန်းမဆိုရင်တော့ အိမ်ထောင်သက်ရှည်ကြာဖို့ မစဉ်းစားနဲ့တော့။

မိန်းကလေးနဲ့ အိမ်မှုကိစ္စဆိုတာ ခွဲခြားလို့မရပါဘူး။ အိမ်မှုကိစ္စနိုင်နင်းတဲ့ မိန်းကလေးက အင်မတန်မှ ကျက်သရေရှိပါတယ်။ ရုပ်လှမှ ကျက်သရေရှိတာ မဟုတ်ပါဘူး။ ရုပ်လှပြီး ဘာအဆင့်အတန်းမှမရှိ ဗြဲလျန်းနေတဲ့ မိန်းမတွေ တစ်ပုံကြီးပါ။ သူတို့လှဖို့ပဲကြည့်ပြီး ယောက်ျားအတွက် မစဉ်းစား။ ပြောလိုက်ရင်တော့ ယောက်ျားကြည့်ဖို့ဆိုပြီး ပြင်ဆင်ရာကနေ နောက် တဖြေးဖြေးနဲ့ ကိုယ့်အတွက် ကိုယ်လှဖို့ချည့် ဖြစ်လာကြတာပေါ့လေ။ ဒီလိုနဲ့ အဖုအထစ်ကလေးတွေ ဖြစ်လာကြရော။ နောက်တစ်ချက်။ ယောက်ျားလေးတွေ စိတ်ပျက်စရာ စိတ်ကောက်တတ်တဲ့ အကျင့်ဆိုးလေး။ အိမ်ထောင်စကျခါစတော့ စိတ်ကောက်တာကို စိတ်ရှည်သေးတော့ ချော့လိုက်ကောက်လိုက်ပေါ့။ ချစ်စခင်စကိုး။ နောက် တဖြေးဖြေးနဲ့ စိတ်ပျက်စရာ ဖြစ်လာပါလေရော။ ကောက်တယ်ဆိုတာ အတိုင်းအတာတစ်ခုထိပဲ ကောင်းတယ်။ လွန်လာရင်၊ မပြီးနိုင်မစီးနိုင် ကောက်နေရင်၊ ခဏခဏ ကောက်နေရင် ဘယ်သူမှချော့ဖို့ စိတ်ရှည်တော့မှာမဟုတ်ပါဘူး။ ပြီးတော့ အချော့မခံရရင် ကိုယ်လည်း တန်ဖိုးကျပါတယ်။ အဲဒီတော့ တန်ဖိုးရှိအောင်နေပါ။

နောက်တစ်ခု ကပ်စေးနဲ၊ တွန့်တိုခြင်း၊ အူတိုခြင်း ရှောင်ပါ။ အရာရာကို လိုက်တွက်ကတ်ပြီး မနေပါနဲ့။ ကြာတော့ ယောက်ျားက အမှန်ပြောတော့မှာ မဟုတ်တဲ့အတွက် ယောက်ျားညာတာ စပြီး ခံရတော့မှာပါ။ အူတိုတယ်ဆိုတာလည်း မတိုရဘူးမဟုတ်ဘူး။ တိုပါ။ ကိုယ်ယောက်ျားကို ချစ်တာကိုး။ အဲ… အလွန်အကျွံတော့ မဖြစ်စေနဲ့ပေါ့။ ဟိုမိန်းမနဲ့ စကားပြောလည်းမကြိုက်။ ဒီမိန်းကလေးနဲ့ စကားပြောလည်း ယုန်ထင်ကြောင်ထင်။ ကြာတော့ တကယ်ဖြစ်ကုန်ရော။ ပြောတာများတော့ နားယဉ်ပြီးရော၊ အမြင်ကတ်ကတ်နဲ့ရော၊ ရွဲ့တာရော အကုန်ရောပြီး ဂွင်တည့်သွားတော့တာပါပဲ။

အဲဒီတော့ အစစအရာရာ အပေးအယူမျှတာ၊ သူ့ဖက်ကိုယ့်ဖက်ကြည့်ကာ စိတ်ရင်းအမှန်လေး ထားပေးခြင်းအားဖြင့် လင်နဲ့မယားအတွက် ကိုယ့်ဖက်ပါအောင် စည်းရုံးနိုင်ကြပါစေလို့ နည်းလမ်းကောင်းလေးအဖြစ် အကြံပြုပါရစေ......

Credit: ကိုမျိုး (မိုးညှင်း)

ငြိမ်းချမ်းနေတယ်


ငြိမ်းချမ်းနေတယ်၊ ပျော်ရွှင်နေတယ်၊ ကြည်လင်နေတယ်၊ ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်နေတယ်ဆိုရင် သင်ဟာ အောင်မြင်နေတဲ့သူပါ……။။

ဘဝမှာ ဘာဖြစ်လာမယ်ဆိုတာ ကြိုတင်သိမထားတာ၊ မသိနိုင်တာကိုက ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတယ်၊ ပိုပြီးတော့လည်း နိုးကြားမှုရှိတယ်……။။

ဘဝရဲ့အရည်အသွေး မြင့်မားစေချင်ရင်၊ စိတ်ရဲ့အရည်အသွေးကို မြင့်မားအောင် ကြိုးစားမှဖြစ်မယ်၊ ဘဝရဲ့အဆင့်အတန်းကို စိတ်ရဲ့အဆင့်အတန်းနဲ့ပဲ တိုင်းတာသင့်တယ်……။။

ဘဝကို အနှစ်သာရအပြည့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ရင်၊ အေးချမ်းတည်ငြိမ်ပြီး ရင့်ကျက်တဲ့သူ ဖြစ်ချင်ရင် အချိန်တိုင်း အချိန်တိုင်းကို သတိလေးနဲ့နေလိုက်ပါ……။။

လူ့ဘဝမှာ စွန့်စားရတာနဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရတာ နဲနဲရှိမှကောင်းတယ်၊ သို့မဟုတ်ရင် ဘဝဟာ ပျင်းစရာကောင်းနေလိမ့်မယ်……။။

စွမ်းရည်သတ္တိတွေ အများကြီးရှိတယ်၊ အဲဒီ လုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေကို များများထုတ်သုံးနိုင်မှ အဲဒီလူဟာ ဘ၀ကို ကျေနပ်မှုရမယ်……။။

မေတ္တာဆိုတာ သူတစ်ပါးအတွက် အဟာရဖြစ်သလို၊ ကိုယ့်အတွက်လည်း အဟာရဖြစ်ပါတယ်……။။

ကိုယ့်ကို အများဆုံး စိတ်ဆင်းရဲအောင် လုပ်တာဟာ သူများမဟုတ်ဘူး၊ ကိုယ့်စိတ်ပါ၊ ကိုယ်အတွေးပါ၊ ကိုယ့်သဘောထား မှားနေလို့ပါ……။။

ကိုယ်ဘာကို ခံစားနေရသလဲ၊ ကိုယ့်အကြိုက်ဟာ ဘာလဲဆိုတာ သိချင်ရင် တစ်ယောက်ထဲ အချိန်ယူပြီးတော့ ကိုယ့်စိတ်ကို ကိုယ် သေသေချာချာ စမ်းစစ်ကြည့်ရမယ်……။။

ဘယ်အလုပ်မျိုးလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ်ရဲ့အကောင်းဆုံး အရည်အချင်းကို ဖော်ထုတ်ခွင့် သုံးခွင့်ရတဲ အလုပ်မျိုးဖြစ်သင့်တယ်……။။

အဖော်ကောင်း၊ မိတ်ဆွေကောင်း လိုချင်ရင် ကိုယ်ကိုယ်တိုင်ကပဲ အဖော်ကောင်း၊ မိတ်ဆွေကောင်းဖြစ်အောင် နေလိုက်ပါ……။။

လူတိုင်းလူတိုင်း ဘဝတစ်ခုလုံးမှာ နေ့စဉ်နဲ့အမျှ ရွှေးချယ်မှုတွေ လုပ်နေရပါတယ်၊ ရွှေးချယ်တာ ဆုံးဖြတ်တာ မှန်ဖို့လိုပါတယ်……။။

စိတ်ငြိမ်းချမ်းမှုဟာ အခြေခံကျတဲ့ လွတ်လပ်မှုတစ်မျိုးပါပဲ……။။

Credit: Than Yaw Zin

"မိုးစက်လေး……ဖြေပေးပါ"


"မိုးစက်လေး……ဖြေပေးပါ"

"အချစ်ဆိုတာ မိုးဖွဲလေးတွေနဲ့ တူတယ်၊ မသိလိုက်ဘဲ တဖြည်းဖြည်းစိုလာပြီး သတိထားမိချိန်မှာတော့ ကာကွယ်လို့မရအောင် တစ်ကိုယ်လုံး စိုရွှဲသွားပြီ" တဲ့……။

မိုးတွေရွှဲရွှဲစိုနေရင် တစ်ခုခုဖြစ်တတ်တယ်… အအေးမိတာဘဲဖြစ်ဖြစ်… အဆုတ် ယောင်တာဘဲဖြစ်ဖြစ်ပေါ့… သိပ်ပူနေရင်တော့လဲ အေးချမ်းသွားတတ်တယ်… မိုးစိုတာ သိပ်များသွားရင်လဲ ဘာမှ မဖြစ်နိုင်ရင်တောင် အနည်းဆုံးတော့ နှုတ်ခမ်းတွေပြာပြီး တုန်နေတတ်တယ်လေ… မိုးဆိုတာမျိုးကလဲ ရွာချင်ရင်ရွာပြီး ရွာစေချင်ရင်လဲ ရွာချင်မှ ရွာတတ်တာပါ… ဘာဘဲဖြစ်ဖြစ် မိုးမရွာလို့တော့ မဖြစ်ဘူးနော်။

ဒီမိုးတွေကို ရွာလိမ့်မယ်လို့ မထင်မှတ်ထားမိချိန်မှာဘဲ ဖြည်းဖြည်းချင်း ရွာလာတာပါပဲ… ဒီကောင်မလေးကို စချစ်မိခဲ့တာလဲ ဒီလိုပါပဲ… ထင်မှတ်မထားမိချိန်မှာပေါ့… စချစ်မိသွားတာကို သတိမထားမိခဲ့ဘူးလေ။

ချစ်နေတဲ့ ကောင်မလေးကို ချစ်တဲ့အကြောင်းလေး အသိပေးမလို့… အတည်တကျပြောမလို့ သတ္တိကလဲ မရှိခဲ့ဘူး… ပြောလို့လဲ မထွက်ခဲ့ဘူး… တစ်ယောက်ထဲတော့ သိတယ်လေ… ချစ်မိနေတဲ့အကြောင်းကိုပေါ့။

တကယ်က ကိုယ့်ထက်အရင် ရင်းနှီးနှင့်နေတဲ့ ကောင်လေးတစ်ယောက်လဲ ရှိခဲ့တယ်… သူနဲ့ ပတ်သက်ပြီးမှ ကိုယ်က ရင်းနှီးခဲ့ရတာပါ… အဲဒီတုံးကတော့ ကောင်လေးနဲ့ ကောင်မလေး ချစ်သူတွေမဖြစ်သေးဘူး… ကိုယ်တိုင်ကတော့ အကိုကြီးတစ်ယောက်လို နေခဲ့တာလေ။

ဒီကောင်မလေးရဲ့ မိုးရေစက်တွေ တဖြည်းဖြည်းနဲ့ ရွှဲရွှဲစိုခဲ့တာကို မသိခဲ့ဘူး… သတိထားမိတဲ့ အချိန်မှာတော့ တစ်ကိုယ်လုံး ရွှဲနေခဲ့ပြီလေ… ကာကွယ်လို့လဲမရခဲ့ဘူး… တနည်းနည်းနဲ့ သိအောင်လုပ်ဖို့ ကြိုးစားမိတော့ ကောင်လေးက ကိစ္စတစ်ခုနဲ့ အဝေးကို ရောက်နေခဲ့တယ်… ကောင်လေးရှိရင်လဲ အကောင်းသား… သူ့ကို ပြောပြရင် အဆင်ပြေနိုင်တာပေါ့။

ဒါပေမဲ့ ထင်သလို ဖြစ်မလာခဲ့ဘူး… ကောင်လေးမရှိတော့ ကောင်မလေးက သတိရကြောင်း… နေထိုင်ကောင်းရဲ့လား စိတ်ပူမိတဲ့အကြောင်းတွေကို တဖွဖွ လာပြောတယ်… မိုးကြိုးမပစ်ခင် လျှပ်စီးတွေလက်နေသလို… လေပြင်းမတိုက်ခင် လေညှင်းလေး လာနေသလိုပေါ့… အကိုကြီးဆိုတော့လဲ အကိုကြီးမျက်နှာနဲ့ တူအောင် ဟန်လုပ်ပြီး နှစ်သိမ့်စကားတွေတော့ ပြောခဲ့ရတာဘဲလေ… ကောင်မလေးကို သောကတွေ မဖြစ်စေချင်လို့ပါ။

ကောင်လေး ပြန်ရောက်လာတော့လဲ သူ ကောင်မလေးကို လွမ်းမိတဲ့အကြောင်းနဲ့ အကိုကြီးရှိနေလို့ တော်သေးတယ် ဆိုတဲ့အကြောင်း… နောက်ပြီး ဒါဟာ ချစ်နေတာလားလို့ မေးလာခဲ့တယ်… ဘာလုပ်ရမလဲလို့လဲ အကြံဥာဏ်တွေ တောင်းလာခဲ့တယ်… ဒီတစ်ခါလဲ အကိုကြီးတစ်ယောက်ရဲ့ မျက်နှာကို ဖန်တီးခဲ့ရတာဘဲ… ရယ်မောရင်းနဲ့ နှစ်သိမ့်အားပေးခဲ့ရတယ်… ရယ်သံကလဲ ခြောက်ကပ်ကပ်… ပေးရတဲ့ အင်အားတွေကလဲ နှလုံးသားကို ညှစ်ထုပ်ပေးခဲ့ရတာလေ… နှလုံးသားကတော့ ခြောက်ကပ်သွားခဲ့ပြီပေါ့။

နောက်တော့ ကောင်လေးနဲ့ ကောင်မလေး ချစ်သူတွေဖြစ်သွားကြတယ်… အကိုကြီးတစ်ယောက်လိုလဲ အားကိုးကြတယ်… အကိုကြီးကတော့ နှလုံးသားခြောက်သွေ့နေတဲ့ အရုပ်ကြီး ဖြစ်နေတယ်ဆိုတာ သူတို့ မသိခဲ့ကြဘူး… မသိလဲ မသိစေချင်တော့ဘူးလေ။

အင်း…… "အချစ်ဆိုတာ မိုးဖွဲလေးတွေနဲ့တူတယ်၊ မသိလိုက်ဘဲ တဖြည်းဖြည်းစိုလာပြီး သတိထားမိချိန်မှာတော့ ကာကွယ်လို့မရအောင် တစ်ကိုယ်လုံး စိုရွှဲသွားပြီ" တဲ့……။

ဒီမိုးတွေထဲမှာ ကြေကွဲခြင်းတွေလား… ပျော်ရွှင်ခြင်းတွေလား… မျက်ရည်မိုးတွေလား… အကြင်နာမိုးတွေလား ဆိုတာတော့ မိုးစက်လေးတွေရေ ပြောပြခဲ့ပါလား………

Credit: Hnin Nandar

Thursday, October 29, 2015

"သင့်ချစ်သူ သင့်ကိုလိမ်ညာနေပြီလို့ ခံစားရတဲ့အခါ သူ့အသံကို နားထောင်ကြည့်ဖို့သာလို"


"သင့်ချစ်သူ သင့်ကိုလိမ်ညာနေပြီလို့ ခံစားရတဲ့အခါ သူ့အသံကို နားထောင်ကြည့်ဖို့သာလို"

သင့်ချစ်သူရဲ့အသံက သင်သိချင်နေတဲ့ မေးခွန်းကို အဖြေပေးသွားနိုင်ပါတယ်။ အတွဲတိုင်းမှာ အနည်းနဲ့အများတော့ မကောင်းတတ်လို့ လိမ်ညာဖူးသူတွေချည်းပါပဲ။ ဒါပေမယ့် လိမ်လိုက်တဲ့အရာက ကြီးကြီးမားမားကိစ္စရပ်တွေ ဖြစ်နေရင်တော့ သင်တို့နှစ်ဦးစလုံးအတွက် အခြေအနေတစ်ခု ပြောင်းလဲသွားနိုင်ပါတယ်။ ဒီ့ထက်ဆိုးတာက လိမ်ညာမိတာကို မ၀န်ခံပဲ ငြင်းလိုက်မယ်ဆိုရင် ဒီလူကို ဆက်ယုံကြည်ပေးဖို့ ခက်ခဲသွားနိုင်ပါတယ်။

လေ့လာမှုတစ်ရပ်ကတော့ လိမ်ညာပြီဆိုရင် ယောက်ျား၊ မိန်းမတွေရဲ့ အသံဟာ ဘယ်လိုရှိတယ်ဆိုတာမျိုး ဖော်ထုတ်လိုက်ပါတယ်။ ဒီလိုသိနိုင်တယ်ဆိုတာက အမျိုးသား၊ အမျိုးသမီးတွေရဲ့ ဟော်မုန်းအဆင့်ကိုလည်း မူတည်ပြီး ပြောဆိုခြင်းဖြစ်ပါတယ်။ သုတေသနပညာရှင်တွေက ကောလိပ်ကျောင်းသား၊ ကျောင်းသူ အယောက် ၁၂၀ ကို မေးမြန်းထားတာဖြစ်ပြီး သူတို့ရဲ့ အမျိုးမျိုးသော အသံတွေကိုလည်း စစ်ဆေးခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာ ခုလို ပါဝင်သူတွေက ဘယ်လိုအသံမျိုးဟာ ဆွဲဆောင်မှုရှိပြီး ဘယ်လိုအသံမျိုးပိုင်ဆိုင်တဲ့ လူတွေက လိမ်ညာတတ်သူတွေ ဖြစ်မလဲဆိုတာ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီအဖြေထွက်ရှိလာတဲ့နောက်မှာ အသံကိုနားထောင်ပြီး သူတို့ သစ္စာရှိမရှိ ဘယ်လိုဆုံးဖြတ်မှာလဲ မဖြစ်နိုင်ဘူးလို့လည်း ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါကို သုသေန ပညာရှင်တွေက သူတို့ရဲ့လိင်စိတ် ဟော်မုန်းတွေနဲ့ ဆက်စပ်ပြီး ဖော်ထုတ်ထားတာပါ။ ယောက်ျားလေးတစ်ယောက်မှာ သူ့ရဲ့လိင်အင်္ဂါမှထွက်တဲ့ဟော်မုန်း ပိုများလေလေ သူတို့အသံက ပိုတိုးသွားလေလေဖြစ်ပြီး အမျိုးသမီးတွေမှာလည်း ထို့အတူ ဟော်မုန်းဓာတ် ပိုထွက်လေလေ သူတို့အသံက ပိုကျယ်လေလေ ဖြစ်တာကြောင့် အဲ့လို လိင်စိတ်ဖြစ်စေတဲ့ ဟော်မုန်းများတဲ့သူတွေဟာ လိမ်ညာတတ်သူတွေ ဖြစ်ကြလေ့ရှိပါတယ်။

ဒါပေမယ့် ဒီအဖြေကို တထစ်ချ ဒါဆို ဒီလိုဖြစ်မှာပဲလို့တော့ မတွက်လိုက်ပါနဲ့။ ဒါဟာ အများစုနဲ့ ဖြစ်နိုင်ခြေကိုသာ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

ဟန်နီ

Credit: Trend Myanmar

"၃၆ နှစ်ကြာ တည်ရှိခဲ့သည့် တစ်အိမ်ထောင် ကလေးတစ်ဦးမူဝါဒ တရုတ်အစိုးရ ပြန်လည်ပယ်ဖျက်"


"၃၆ နှစ်ကြာ တည်ရှိခဲ့သည့် တစ်အိမ်ထောင် ကလေးတစ်ဦးမူဝါဒ တရုတ်အစိုးရ ပြန်လည်ပယ်ဖျက်"

တရုတ်ကွန်မြူနစ်ပါတီသည် အောက်တိုဘာ ၂၉ ရက်မှစ၍ နိုင်ငံတွင် မိသားစုစီမံကိန်းဆိုင်ရာ တင်းကျပ်ထားမှုများကို လျှော့ပေါ့ပေးသည့်အနေဖြင့် ဆယ်စုနှစ်ချီ ကျင့်သုံးလာသော တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒကို ပယ်ဖျက်ပြီး ကလေးနှစ်ဦးအထိ ယူခွင့်ပြုကြောင်း ကြေညာခဲ့သည်။ (Kim Kyung-Hoon/reuters)
တရုတ်အစိုးရသည် နိုင်ငံတွင် ဆယ်စုနှစ်များစွာ ရှိခဲ့သည့် တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းက ကြာသပတေးနေ့ ညနေတွင် ထုတ်ပြန်သည်။

တင်းကျပ်လှသည့် ထိုမူဝါဒကို ပြန်လည်ဖျက်သိမ်းခဲ့ခြင်းကြောင့် ယခုအခါ တရုတ်စုံတွဲများသည် တစ်အိမ်ထောင်လျှင် ကလေးနှစ်ဦးအထိ ယူခွင့်ရှိသွားပြီဖြစ်သည်။

၁၉၇၉ တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး လူဦးရေတိုးနှုန်း ထိန်းချုပ်ရန် ရည်ရွယ်ပြဋ္ဌာန်းခဲ့သည့် ကလေးတစ်ဦး မူဝါဒသည် နိုင်ငံအတွင်း  နှစ်များစွာကြာ အငြင်းပွားဖွယ်အဖြစ် တည်ရှိနေခဲ့သည်။

သို့သော် ထိုမူဝါဒ ပြဋ္ဌာန်းချိန်မှစ၍ ကလေးမွေးဖွားမှုနှုန်း သန်း ၄၀၀ ခန့်ကို တားဆီးနိုင်ခဲ့ကြောင်း ခန့်မှန်းသည်။

ယခင်က ထိုမူဝါဒအရ တစ်အိမ်ထောင်လျှင် ကလေးတစ်ဦးထက် ပိုမွေးမိသည့် အိမ်ထောင် ရှင်များသည် ဒဏ်ငွေ (သို့မဟုတ်) အလုပ်အကိုင် ဆုံးရှုံးရခြင်းမှသည် အတင်းအကျပ် ကိုယ်ဝန်ဖျက်ချခံရခြင်း စသည့် ပြစ်ဒဏ်ပေးမှုများအထိ ကြုံတွေ့ခဲ့ရသည်။

တရုတ်နိုင်ငံတွင် နောက်ပိုင်း၌ ထိုမူဝါဒကို အချို့သော ပြည်နယ်များတွင် လျှော့ပေါ့ပေးခဲ့သည်။

ယင်းမှာလည်း လူဦးရေ ပညာရှင်များနှင့် လူမှုဗေဒပညာရှင်များက ကလေးမွေးဖွားနှုန်း ထိန်းချုပ်ခြင်းဖြင့် လူမှုကုန်ကျစရိတ်များ မြင့်တက်ခြင်းနှင့် အလုပ်သမားဦးရေ လျော့ပါးလာခြင်းတို့ ဖြစ်လာနိုင်ကြောင်း ထောက်ပြခဲ့၍ ဖြစ်သည်။

တရုတ်ကွန်မြူနစ် ပါတီသည် တစ်နိုင်ငံလုံး လိုက်နာရမည့် ထိုတစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒကို လျှော့ပေါ့ပေးမှုများ ပြုလုပ်လာခဲ့ရာ ပြီးခဲ့သည့် ၂ နှစ်အတွင်း စုံတွဲများအား ဇနီးမောင်နှံနှစ်ဦးတွင် တစ်ဦးသည် တစ်ဦးတည်းသော သားသမီးဖြစ်ပါက ၎င်းတို့ အိမ်ထောင်၌ ဒုတိယကလေး ထပ်ယူခွင့်ပေး ခဲ့သည်။           

—Ref: BBC

Credit: 7day daily

"မိန်းကလေးတွေ ဘာကြောင့် အိမ်ထောင်ပြုကြလဲ"


"မိန်းကလေးတွေ ဘာကြောင့် အိမ်ထောင်ပြုကြလဲ"

အိမ်ထောင်မပြုခင်မှာ မိန်းကလေးတွေဟာ စိတ်ကြိုက် ပိုက်ဆံ သုံးဖြုန်းလို့ရပါတယ်။ ၀ယ်စရာရှိရင် တွန့်ဆုတ်မနေပဲ ၀ယ်လို့ရပါတယ်။ လည်ပတ်စရာဆိုလဲ ချက်ချင်း ထသွားလို့ ရပါတယ်။ ပြီးတော့ သူငယ်ချင်းတွေကိုလဲ ဂုဏ်ယူစွာ ငါက လိုတရနေသူလို့ ပြောလို့ရပါတယ်။ အိမ်ထောင်ပြုပြီးတဲ့အခါ  မိန်းကလေးတွေဟာ ချွေချွေတာတာ သုံးစွဲတတ်လာပါတယ်။ မိမိကိုယ်တိုင်အတွက်တောင် ကပ်စေးနဲတတ်လာပါတယ်။ ရသမျှ ပိုက်ဆံအများစုကို ဘဏ်ထဲမှာ စုဆောင်းလာကြပါတယ်။ ငွေစုစာအုပ်ကို ဂရုစိုက်တတ်လာပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ စိတ်သဘောကြိုက်သလို ပြုလုပ်လို့ရပါတယ်။ အသံကျယ်ကြီးနဲ့ ရယ်မောမလား၊ အသံနက်ကြီးနဲ့ အော်ငိုမလားရပါတယ်။ သူများတွေရဲ့အမြင်မှာ ကလေးတစ်ယောက်လိုပဲ သဘောထားတဲ့အတွက် အခက်အခဲမရှိပါဘူး။ အိမ်ထောင်ပြုပြီးတဲ့အခါ မိန်းကလေးတွေဟာ ဘာကိစ္စကိုပဲလုပ်လုပ်၊ ဘယ်အကြောင်းအရာကိုပဲပြောပြော အရင်ဆုံး စဉ်းစားပြီးမှ လုပ်ရပါတယ်။ မဟုတ်ရင် လူတွေအမြင်မှာ မတင့်တယ်နိုင်ပါဘူး။

အိမ်ထောင်မပြုသေးခင် မိန်းကလေးတွေဟာ သူငယ်ချင်းမိတ်ဆွေရဲ့ မေတ္တာတရားတွေနဲ့ လက်ဆောင်တွေကို စိတ်အေးချမ်းစွာ လက်ခံရယူနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူတူ သီချင်းဆိုတာ၊ လျှောက်လည်တာ၊ လက်ဆုံစကားပြောတာ၊ အရက်သောက်တာကအစ စိုးရိမ်စရာမရှိပါဘူး။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ လည်ပတ်ချင်တိုင်း လည်ပတ်လို့မရတော့ပါဘူး။ တခါတလေ မိတ်ဆွေအပေါင်းအသင်နဲ့ ဖုန်းဆက် စကားပြောတာကအစ အပြစ်ရှိသလို အပြောခံရပါတယ်။ သတိထား ဆောင်ရွက်နေရတဲ့ ဘ၀မျိုးဖြစ်လာပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ ယောက်ျားလေးတွေလို  အရက်သောက်ပြီး သူရဲကောင်းလုပ်လို့ရပါတယ်။ မနက် ၂ နာရီမှ အိမ်ပြန်လဲ အပြစ်ဆိုမဲ့သူ မရှိနိုင်သေးပါဘူး။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ  ယောက်ျားလေးတွေ သူရဲကောင်းလုပ်ပြီး အိမ်ပြန်လာတဲ့အချိန်ကို စောင့်မျှော်သူ ဖြစ်လာပါတယ်။ တစ်ခါတစ်လေ စောင့်စားရင်း အိပ်ပျော်တတ်လာပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ မိမိမွေးနေ့မှာ တကိုယ်လုံး အလှပဆုံးပြင်ဆင်ပြီး ကုမ္ပဏီစားပွဲခုံပေါ်က မိတ်ဆွေတွေ ပို့လာတဲ့ လက်ဆောင်တွေကို မျှော်လင့် လက်ခံကြပါတယ်။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ ဒီလို အရေးကြီးတဲ့ ရက်မြတ်တွေကို မိမိခင်ပွန်း အမှတ်တရရှိဖို့သာ တောင့်တလေ့ရှိကြပါတယ်။ လောကကြီးတစ်ခုလုံးက ပေးစွမ်းနိုင်တာထက် မိမိခင်ပွန်းက အမှတ်တရပေးတဲ့ လက်ဆောင်ကို ပိုတန်ဖိုးထားကြပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ ကျော့ကျော့မော့မော့ ကော့နေအောင် ပြင်ဆင်ဖီးလိမ်းပြီး အ၀တ်အစား အပျံစားနဲ့ ၁၀ လက်မလောက်ထူတဲ့ ဒေါက်ဖိနပ်ကြီးနဲ့ ရှိုးထုတ်ပြီး လမ်းမှာတွေ့တဲ့သူတွေကို ဆွဲဆောင်မှုရှိအောင် ပြင်ဆင်လို့ရပါတယ်။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ ကိုယ်ဝန်ဆောင်လာရပါတယ်။ အဲဒီအခါ မိမိကိုယ်တိုင် ပြင်ဆင်ခြယ်သဖို့အတွက် အချိန်မပေးနိုင်တော့ပါဘူး။ အင်္ကျီဆိုရင်လဲ ၀တ်ခွင့်ရရုံနဲ့ ကံကောင်းပြီလို့ ခံယူတတ်ကြပါတယ်။ အဲဒီအချိန်မှာ မိန်းကလေးတွေဟာ သူတို့အားကျတာကတော့ လမ်းမှာတွေ့တဲ့ ဖျတ်လတ်တောက်ပစွာ သွားလာလှုပ်ရှားနေကြတဲ့ လူငယ် မိန်းကလေးတွေပဲ ဖြစ်ပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ အိပ်ရေးပျက်တာ၊ အစားပျက်တာ၊ အိပ်မပျော်တာမျိုး မရှိသလောက်ပါပဲ။ စိတ်ဓာတ်အရလဲ တက်ကြွလေ့ရှိကြပါတယ်။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ အိမ်ထောင်တာဝန်ကို ထမ်းဆောင်ရင်း အိပ်ရေးပျက်တဲ့ညတွေကို ဖြတ်သန်းလာခဲ့ရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကိုယ်ဝန် ရင့်မာလာတာနှင့်အမျှ အိပ်ရတာ အခက်တွေ့လာပါတယ်။ အိပ်ရေးပျက်တဲ့ အကြိမ်အရေအတွက်ဟာလဲ တဖြည်းဖြည်း များလာခဲ့ပါတယ်။ နောက်နေ့ရုံးတက်တဲ့အခါ မျက်ခွံလေးလံထိုင်းမှိုင်းတဲ့ နေ့တွေကို ဖြတ်သန်းခဲ့ရပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ အချစ်ဆုံးက မိခင်ဖြစ်ပါတယ်။ ဘယ်လို ခံစားချက်ပဲဖြစ်ဖြစ် မိခင်ကို ရင်ဖွင့်လေ့ရှိပါတယ်။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေ အချစ်ဆုံးက သူ့ခင်ပွန်းပါ။ သတင်းဆိုးကို မပြောပဲ သတင်းကောင်းကိုသာ မိမိခင်ပွန်းကို ပြောဆိုလေ့ရှိပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ နာမည်ကောင်း၊နဲ့ လူအထင်ကြီးတာကို ခံချင်ကြပါတယ်။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ အိမ်ထောင်မှုကရတဲ့ ခံစားမှု အသီးအပွင့်တွေနဲ့ စစ်မှန်တဲ့ မေတ္တာတရားတွေကိုသာ အလိုရှိကြပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ တညလုံး မိတ်ဆွေနဲ့ ဖုန်းပြောလို့ရပါတယ်။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ ည ၁၂ နာရီကျော်တာနဲ့ ဖုန်းဆက်ခွင့် မရနိုင်ကြတော့ပါဘူး။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ မိဘတွေကို စိတ်အနှာင့်အယှက် ပေးနိုင်ပါတယ်။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ မိမိခင်ပွန်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ မိန်းမငယ်ကလေးပဲ ဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ အိမ်ထောင်သည် ဇနီးငယ်လေး ဖြစ်လာပါတယ်။

အိမ်ထောင်မပြုခင် မိန်းကလေးတွေဟာ ......
အိမ်ထောင်ပြုပြီးနောက် မိန်းကလေးတွေဟာ...

မိန်းကလေးတွေက ဘာလို့ အိမ်ထောင်ပြုကြတာလဲ။ ကျွန်တော်စဉ်းစားကြည့်တယ်။ အကောင်းဆုံး အဖြေကတော့ မေတ္တာတရား၊ အားကိုးခင်တွယ်နိုင်မှု၊ ခံစားနားလည်ပေးမှုနဲ့ ကိုယ်နဲ့ ဘ၀တလျှောက်လုံး လက်တွဲမဲ့ ဘ၀လက်တွဲဖော်ကို အလိုရှိကြတာပဲ ဖြစ်ပါတယ်။ တကယ်လို့သာ ယောက်ျားလေးတွေက မိမိရဲ့ဇနီးကို တန်ဖိုးထား လေးစားမယ်ဆိုရင်……
အကောင်းဆုံးအိမ်ထောင်မှုဘ၀ကို နှစ်ဦးနှစ်ဘက် စိတ်တူကိုယ်တူ တည်ဆောက်နိုင်ကြပါလိမ့်မယ်လို့ ယူဆမိပါတယ်။

ကျေနပ်နိုင်ကြပါစေ။

Credit: Zay Yar