Monday, November 30, 2015

"မပြတ်သေးဘူး"


"မပြတ်သေးဘူး"

တစ်နေ့တော့ အိမ်ကို သူငယ်ချင်း မိသားစုတစ်စု လာလည်ပါတယ်။ သူတို့ကလည်း ကလေးရှိ၊ ကျွန်တော်တို့ကလည်း ကလေးရှိတော့ တွေ့လို့ရှိရင် ကလေးတွေအကြောင်း ပြောဖြစ်ကြတယ်။ "သမီးလေးက အတော် ကြီးနေပြီနော်… သားလေးကရော အမေနို့စို့တုန်းပဲလား… နို့ပြတ်သွားပြီလား…" မေးတော့ သူမ ပြန်ဖြေပုံကိုလည်း ကြည့်ပါဦး…

"ကလေးတွေကတော့ ပြတ်သွားပါပြီ"  တဲ့  :)




Credit: Andy Myint


"ချစ်မိပြီဆိုရင်"

"ချစ်မိပြီဆိုရင်"

၁။ အချိန်ပြည့်ထက်တောင် ကျော်လွန်ပြီး သူ့အကြောင်းတွေချည်း တွေးမိနေလိမ့်မည်။
(အချိန်ပြည့်ထက် တကယ်ကို ကျော်နိုင်ကောင်းပါတယ်။ ဘာဖြစ်လို့ဆိုတော့ တချိန်တည်း နှစ်ထပ်ကွမ်း သုံးထပ်ကွမ်း အတွေးတွေ ထပ်ပြီး တွေးနေမိတတ်လို့ပါ)

၂။ ပြောသမျှစကားမှာ သူ့အကြောင်း မပါ, ပါအောင် နားထောင်သူ အမြင်ကပ်ရလောက်အောင် အတင်း ဇာတ်သွင်း ပြောနေမိလိမ့်မည်။
(ခင်မင်ရင်းနှီးသော သူများကို ပြောမိပါက ပွင့်ပွင့်လင်းလင်း ဆဲသမျှ မကြာခဏခံရမည်)

၃။ မတွေ့တာကြာပါက ကယောင်ကတမ်း ဖြစ် ဖြစ်လာမည်။
(ဥပမာ- အိမ်ရှေ့မှာရပ်ပြီး တံခါးဖွင့်ဖို့ သော့ထုတ်ရမှာကို ဖုန်း ထုတ်ပြီး contact folder ကို ဖွင့်မိနေခြင်းမျိုး၊ အမြဲသုံးနေကျ အကောင့်တစ်ခုခုရဲ့ email password ကို အကြာကြီး ငိုင်ပြီး စဉ်းစားနေမိခြင်းမျိုး)

၎။ နံပါတ် (၃) ၏ အကျိုးဆက်အဖြစ် သူရှိသမျှ နေရာတွေ ခြေရာခံမိမည်။
(ဖုန်းတော့ တော်ရုံခေါ်မိမည် မဟုတ်။ online တခွင် ပြဲပြဲစင်အောင် လိုက်ရှာမည်။ wechat မှာလား။ viber  မှာလား။ facebook မှာလား။ Twitter မှာလား။ ဘယ်အချိန်က ဘာလုပ်ပြီး ဘယ်သူနဲ့ ဘာတွေ Q သွားလဲ)

၅။ သူ သုံးနေကျတွေ သူကြိုက်တတ်တာတွေ သူ ရှာနေတာတွေ သူ လုပ်နေသမျှတွေ အကုန် အကုန်ကို စိတ်ဝင်တစားနဲ့ လိုက်မှတ်နေမိရုံမက လိုက်ပါလုပ်မိနေမည်။
(ဥပမာ- သူ့ဖုန်းမှာ တင်ထားတယ်ဆိုတဲ့ anti-virus  က စ ကိုယ့်ဖုန်းမှာ ချက်ချင်းကောက်ပြီး install လုပ်မိမည်။ သူ့အကြိုက် အဆိုတော်တွေရဲ့ သီချင်းတွေ စက်ကတောင် မနိုင်အောင် DL လုပ်ပြီး ဘေးလူ ငြူစူအောင် ဖွင့်ဖြစ်နေမည်။ စာရိုက်လျှင်..(သို့) တစ်ယောက်ယောက်နှင့် စကားပြောလျှင် သူသုံးနေကျ အသုံးအနှုန်း အခေါ်အဝေါ်တွေ အလိုလို ပြန်သုံးမိလာမည်။)

၆။ တိုက်ရိုက် တွေ့ဖြစ်ကြရင်တော့ သူလုပ်သမျှ ကန့်လန့်တိုက် ပြောချင်ပြောမိမည်။
(ဟင် ဒီ ရေမွှေးကြီးကတော့ အနံ့လဲ သိပ်မကောင်းဘဲနဲ့...ဟင် ဒီ software ကတော့ ဘာလို ဘယ်ညာ… ဟိုလိုလုပ်တာကတော့ အချိန်ကုန်ရုံပဲ... ဒီလိုလုပ်တာကတော့ အလကားပဲ.. အာရုံပဲ)

၇။ ကိုယ်ပိုင် စိတ်ကူးထဲမှာတော့ သူ အမြတ်တနိုး စိုက်ပျိုးတဲ့ သစ်ပင်ကလေးကစလို့ ရေလောင်းပေးချင်နေလိမ့်မည်။ သူ့ အိမ်မွေးတိရစ္ဆာန်လေးက စလို့ သံယောဇဉ်တွေ ထားမိနေမည်။

၈။ အလုပ်လုပ်ရင်းတောင် မြင်ယောင်နေလို့ ခါတိုင်း နာရီဝက်နဲ့ ပြီးတဲ့အလုပ် ၃ နာရီ မက ကြာလိမ့်မည်။

၉။ သူနဲ့ ပတ်သတ်တဲ့ ငယ်ဘ၀က အကြောင်း (သို့) တော်ရုံလူ သိပ်မသိနိုင်တဲ့ စိတ်ဝင်စားဖွယ် မိသားစု အလေ့အထ တစ်ခုခုအကြောင်းကို ရင်းနှီးသူတစ်ယောက်ယောက်ထံမှ သိရပါက ထီပေါက်သလောက် ၀မ်းမြောက်ကြည်နူး ရှိနေမည်။ အတွေးထဲ စားမြုံ့ပြန်မဆုံး ဖြစ်နေမည်။

၁၀။ သူ စိတ်ဆိုးပါက ရပ်တည်ရာ မြေကြီး မရှိတော့သလို၊ သူ့ဒေါသကို မြင်ရပါက တကမ္ဘာလုံး သွက်သွက်ခါ သလို၊ သူ ဥပေက္ခာပြုတာ ခံရပါက တလောကလုံးကို ဆုံးရှုံးလိုက်ရသလို ခံစားတတ်လာမည်။

၁၁။ သူပြန်ကြည်လာတဲ့ အချိန်မှာတော့ သူ့အပြုံး တစ်ချက်နဲ့တင် ကျန်တာ အားလုံး မှေးမှိန်ကုန်၍ တလောကလုံးကိုတောင် ခလုတ်မှတ်ပြီး ၀င်တိုက်ကိန်း ရှိလေသည်။

မှတ်ချက်။ ။ အသက် (၂၀) အောက် လူငယ်များသာ……

Credit: Rita


"လူတစ်ယောက်ကို လက်ထပ်ဖို့ ခေါင်းမညိမ့်ခင် သင့်ကိုယ်သင် ဒီမေးခွန်း (၁၆) ခုကို မေးပြီး ရိုးသားစွာ ဖြေကြည့်ဖို့လို"

"လူတစ်ယောက်ကို လက်ထပ်ဖို့ ခေါင်းမညိမ့်ခင် သင့်ကိုယ်သင် ဒီမေးခွန်း (၁၆) ခုကို မေးပြီး ရိုးသားစွာ ဖြေကြည့်ဖို့လို"

သင်ဟာ သင့်ချစ်သူကို ချစ်မြတ်နိုးလွန်းတာမို့ လက်ထပ်ဖို့အထိ စိတ်ကူးထားတယ်ဆိုပါစို့။ ဒါပေမယ့် လက်ထပ်တယ်ဆိုတာမျိုးဟာ တစ်ဘ၀လုံးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ဆိုတာကိုတော့ မေ့လို့ မဖြစ်ပါဘူး။ သူ့ကို လက်ထပ်ပါမယ်လို့ အဖြေမပေးခင်၊ ခေါင်းမညိမ့်ခင် သင့်အနေနဲ့ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်သင့်တဲ့ မေးခွန်းလေးတွေ ရှိနေပါတယ်။ အဲ့ဒီမေးခွန်းတွေကိုလည်း ရိုးသားစွာ ဖြေဖို့ လိုပါတယ်။

၁။ ဒါဟာ ပိုကောင်းဖို့အတွက်လား ဆိုးဖို့အတွက်လား၊ အခြေအနေတွေ ကောင်းကောင်းဆိုးဆိုး သင် သူနဲ့ ဆက်သွားနိုင်မလား။

၂။ သူ့ကို သင့်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် လက်ခံနိုင်မလား။ သင့်အတွက် သူမတူတဲ့၊ ထူးခြားတဲ့သူ အဖြစ်နဲ့ပေါ့။

၃။ ငါက ဘယ်လိုလူမျိုးများလဲ။ သင်ဟာ သင့်ကိုယ်သင် ဘာမှန်း၊ ဘယ်လိုလူမျိုးမှန်း မသိရင် သင့်ချစ်သူနဲ့သင်ဟာ လိုက်ဖက်တဲ့ စုံတွဲ ဟုတ်မဟုတ် သိဖို့ မလွယ်ပါဘူး။

၎။ ဒီအချစ်ရေးမှာ ငါပျော်ရွှင်ရသလား။

၅။ ငါ ထောင်ခြောက်မိနေသလိုများ ခံစားနေရသလား။

၆။ ငါ အချိန်နည်းနည်း စောင့်ကြည့်ဖို့ လိုမလား။

၇။ ငါတို့အချစ်ရေးဟာ ဟိုဘက် ဒီဘက် မျှရဲ့လား။ တစ်ဘက်စောင်းနင်း ဖြစ်နေတာမျိုး ရှိသလား။

၈။ ငါတို့နှစ်ယောက် တကယ်ရော ပျော်နိုင်ကြရဲ့လား။

၉။ ငါတို့ ခွဲနေရရင်ရော ပျော်နိုင်ကြလား။ ခွဲနေရင်းနဲ့ ပျော်နိုင်တယ်ဆိုရင်တော့ သင်ဟာ ကိုယ့်ကိုကိုယ် တစ်ချက်ပြန်သုံးသပ်ဖို့ လိုပါပြီ။

၁၀။ ငါတို့ သွားနေတာ ဘယ်ကိုများလဲ။ ငါတို့နှစ်ဦး အတူတူဆိုရင် ရှေ့ဆက်မယ့်ခရီးက အဆင်ပြေပါ့မလား။

၁၁။ ငါ သူ့ကို တကယ်ယုံကြည်နိုင်မလား။

၁၂။ ငါနဲ့အတူရှိတဲ့သူက တကယ့်လူကောင်းလား။

၁၃။ ငါဟာ သူ့ရဲ့မိဘလိုများဖြစ်နေသလား။ တကယ့်ချစ်သူကောင်းတစ်ယောက်လို ဖြစ်နေသလား။

၁၄။ ငါ့ချစ်သူဟာ ငါ့နောက်မှာ အမြဲ ရပ်တည်ပေးတတ်သလား။

၁၅။ ငါတို့နှစ်ယောက် အသက်တွေ အိုမင်းတဲ့အထိ အတူနေသွားကြမှာလား။

၁၆။ ငါ့ မသိစိတ်က ငါ့ကိုဘာတွေပြောနေသလဲ။

ဟန်နီ

Credit: Trend Myanmar


"နံရိုးခြောက်ချောင်း ခွဲစိတ်ထုတ်ပြီး ဘာဘီရုပ်နဲ့တူအောင် ပြုလုပ်ခဲ့တဲ့ အမျိုးသမီး"

"နံရိုးခြောက်ချောင်း ခွဲစိတ်ထုတ်ပြီး ဘာဘီရုပ်နဲ့တူအောင် ပြုလုပ်ခဲ့တဲ့ အမျိုးသမီး"

ဆွီဒင်နိုင်ငံက Pixee Fox ဆိုသူ အမျိုးသမီးဟာ ပလတ်စတစ်ဆာဂျရီအတွက် ပေါင် ၈ သောင်းကျော် အကုန်အကျခံကာ သူမရဲ့ခန္ဓာကိုယ်ကို သဲနာရီလို ရင်ကြီးခါးသွယ် ပုံစံမျိုးဖြစ်အောင် ပြင်ဆင်ခဲ့ပါတယ်။ အခုအခါမှာတော့ Pixee ဟာ သူမရဲ့ ခါးဆိုက်ကို စံချိန်တင် ၁၄ လက်မပဲ ရှိတော့အောင်လို့ အောက်နံရိုးတွေကို ခွဲစိတ် ဖယ်ထုတ်လိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Pixee Fox က သူမဟာ ကာတွန်းဇာတ်ကောင်တွေဖြစ်တဲ့ Jessica Rabbit ၊ Sleeping Beauty ဇာတ်လမ်းထဲက Aurora နဲ့ Cool World ဇာတ်လမ်းထဲက Holli Would ဇာတ်ကောင်တွေကို အားကျပြီး အခုလို လုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ဒီကာတွန်းဇာတ်ကောင်တွေရဲ့ ကိုယ်လုံးလေးတွေက အမျိုးသမီးတစ်ယောက် ခန္ဓာကိုယ်ရဲ့ စံနမူနာပုံစံပါပဲ။ ကျွန်မလည်း ဒီလို စံပုံစံမျိုးကို ရချင်ပါတယ်” လို့ သူမက ဆက်ပြောပါတယ်။ “သူတို့ရဲ့ အတွင်းပိုင်းစိတ်နဲ့ အပြင်ခန္ဓာကိုယ်နဲ့ ထပ်တူမကျတဲ့လူတွေ အများကြီှးရှိပါတယ်။ ဥပမာပြောရရင် လိင်ပြောင်းထားတဲ့ လူတွေပေါ့။ ကျွန်မကလည်း ကျွန်မရဲ့အပြင်သဏ္ဍာန်က ကျွန်မအတွင်းစိတ်နဲ့ ထပ်တူမကျပါဘူး။ ကျွန်မက တင်ခါးသေးသေးလေး၊ ရင်ကြီးကြီး၊ မျက်ဝန်းကြီးကြီးနဲ့ တကယ်လှပတဲ့ မျက်နှာလေးကို လိုချင်ပါတယ်။ အခု နံရိုးတွေ ထုတ်လိုက်တာကလည်း ဒီလိုစံပုံစံမျိုး ရဖို့အတွက် နောက်ထပ်ခြေလှမ်းတစ်ခုပဲ ရှိပါသေးတယ်” လို့ သူမက ဆိုပါတယ်။

Pixee Fox ရဲ့ နံရိုးခြောက်ချောင်း ခွဲစိတ်ထုတ်တဲ့ အော်ပရေးရှင်းကို အမေရိကန်နိုင်ငံ၊ Indianapolis မြို့က ပလတ်စတစ်ဆာဂျရီ ဆရာဝန် Dr Barry Eppley က ခွဲစိတ်ပေးခဲ့တာဖြစ်ပြီး ငါးနာရီကြာမြင့်ခဲ့ကာ ပေါင် ခြောက်ထောင်လောက် ကုန်ကျခဲ့ပါတယ်။ အောက်နံရိုးတွေ ထုတ်ပစ်လိုက်တဲ့အတွက် သူမရဲ့ အသည်းအပါအ၀င် အတွင်းပိုင်းအင်္ဂါတစ်ချို့ဟာ ခန္ဓာကိုယ်ရဲ့ သဘာဝအကာအကွယ်တွေ မရှိတော့ပေမယ့် သူမကတော့ စိတ်မပူဘူးလို့ ဆိုပါတယ်။

ရင်သားခွဲစိတ်မှု၊ နံရိုးဖယ်ရှားမှုအပါအ၀င် ခွဲစိတ်မှုပေါင်း ၁၁ ခုကို ပြုလုပ်ထားတဲ့ Pixee က ဒါဟာ သူမရဲ့ ခန္ဓာကိုယ် အသွင်ပြောင်းလဲပစ်မှု ခရီးရဲ့ တစ်ဝက်လောက်သာ ရှိသေးပြီး ၂၀၁၆ ခုနှစ်မှာ နောက်ထပ်ခွဲစိတ်မှုတွေ တသီတသန်းကြီး လုပ်ဖို့ အစီအစဉ်ဆွဲထားကြောင်း ပြောပြခဲ့ပါတယ်။

ye wint

Credit: Trend Myanmar


Sunday, November 29, 2015

"၀က်သား၊ အမဲသား အစားများသူများ လေဖြတ်နိုင်ခြေများ"

"၀က်သား၊ အမဲသား အစားများသူများ လေဖြတ်နိုင်ခြေများ"

ဝက်သား၊ အမဲသား များစွာ စားသုံးသူများသည် အနည်းငယ် စားသုံးသူများထက် လေဖြတ်နိုင်ခြေ ပိုများကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။

လေဖြတ်ရန် အကြောင်းအရင်းများဖြစ်သော ဆီးချိုသွေးချိုနှင့် နှလုံးရောဂါများ မရှိသောကြောင့် လူလတ်ပိုင်းအရွယ် (၁၁၀၀၀) ဦးတို့၏ ကျန်းမာရေးဆိုင်ရာ မှတ်တမ်းများကို သုတေသနပညာရှင်များက လေ့လာခဲ့သည်။ ၎င်းတို့အနက် ထက်ဝက်ခန့်ကို ၂၃ နှစ်ခန့် လေ့လာခဲ့ခြင်းဖြစ်သည်။

လေ့လာမှုတွင် ပါဝင်သူများအနက် ၀က်သား၊ အမဲသား စားလွန်းသူများသည် သာမန်လောက် စားသူများထက် ဦးနှောက်တွင်း သွေးကြောများပိတ်ပြီး လေဖြတ်နိုင်ခြေ (၄၇) ရာခိုင်နှုန်း ပိုများကြောင်း ဂျာမနီနိုင်ငံ ဗားဘတ်တက္ကသိုလ် နှလုံးလေ့လာ ရေးဌာနမှ လေ့လာမှုကို ဦးဆောင်ပြုလုပ်ခဲ့သည့် ဒေါက်တာ ဘန်းဟတ်ဟဲရင်းက ပြောဆိုခဲ့သည်။ ၀က်သားအမဲသားများကို မစားရန် တိုက်တွန်းခြင်းမဟုတ်ဘဲ ချင့်ချိန် စားသုံးရန်သာ တိုက်တွန်းလိုပါကြောင်း ဒေါက်တာဟဲရင်းက ပြောဆိုခဲ့သည်။

အသားဓာတ်ရရှိအောင် စားသုံးမှုနှင့် လေဖြတ်နိုင်ခြေတို့ကြား ဆက်စပ်မှုကို သိရှိနိုင်ရေးအတွက် ဟဲရင်းနှင့် လုပ်ဖော်ကိုင်ဖက်များသည် ၁၉၈၇ ခုနှစ်မှစပြီး။ အသက် (၄၅) မှ (၆၄) နှစ်ကြား အမေရိကန် နိုင်ငံသားများအား ဖြေဆိုစေခဲ့သည့် စားသုံးမှု ပုံစံ မေးခွန်းလွှာများကို လေ့လာမှုပြုလုပ်ခဲ့သည်။ အလေ့လာခံများထဲမှ ထက်ဝက်ခန့်ကို ၂၀၁၁ ခုနှစ်အထိ စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။

အလေ့လာခံများအား အသားဓာတ် မည်မျှစားသုံးသည်နှင့် မည်သည့်အမျိုးအစား  စားသုံးသည်တို့ကို အခြေခံပြီး အုပ်စု ငါးစုခွဲခဲ့သည်။ အောက်ဆုံး ငါးပုံတစ်ပုံသည် တစ်ရက်လျှင် ပရိုတိန်း (၄၉) ဂရမ်ကို စားသုံးပြီး။ ထိပ်ဆုံး ငါးပုံတစ်ပုံသည် တစ်ရက်လျှင် ပရိုတိန်း (၉၃) ဂရမ်ကို စားသုံးနေကြောင်း တွေ့ရှိခဲ့သည်။

(၂၂ ဒသမ ၇) နှစ်ကြာ လေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် အလေ့လာခံ (၁၁၆၀၁) ဦးအနက် လေဖြတ်သူ (၆၉၉) ဦး ရှိခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ၀က်ပေါင်ခြောက်၊ ၀က်အူချောင်း များစွာ စားသုံးသူများသည် အနည်းငယ် စားသူများထက် လေဖြတ်နိုင်ခြေ (၂၄) ရာခိုင်နှုန်း ပိုများပြီး။ ၀က်သား၊ အမဲသားများစွာ စားသုံးသူများသည် အနည်းငယ် စားသူများထက် လေဖြတ်နိုင်ခြေ (၄၁) ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရှိခဲ့သည်။

ထို့ပြင် ကြက်ဥဘဲဥ အစားများသူများသည် အနည်းငယ်စားသူများထက် ဦးနှောက်သွေးကြော ပေါက်ပြီး။ လေဖြတ်နိုင်ခြေ (၄၁) ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရှိခဲ့သည်။             
Source:Reuters

Credit: messenger


"ပထမဆုံး ချိန်းတွေ့ချိန်မှာ ဝေးဝေးရှောင်သင့်တဲ့ အစားအစာများ"

"ပထမဆုံး ချိန်းတွေ့ချိန်မှာ ဝေးဝေးရှောင်သင့်တဲ့ အစားအစာများ"

ချစ်သူဆီက ချစ်အဖြေရပြီ။ "ဝေး .... ပျော်စရာကြီး။ လျှောက်လည်ကြမယ်"

ချစ်သူတွေ တရားဝင်ဖြစ်သွားပြီးတဲ့နောက် ပထမဆုံးအကြိမ် ချိန်းတွေ့ကြရတဲ့အခါ အတွေ့အကြုံ ရှိထားသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနည်းနဲ့အများတော့ ရင်ခုန် စိတ်လှုပ်ရှားကြမှာပါ။

အကြည့်ချင်းဆုံတဲ့အခါ ရှက်ကိုးရှက်ကန်းဖြစ်မယ်၊ အပြုံးတွေ ဖလှယ်ကြမယ်၊ တချို့တွေလည်း အနမ်းတွေ အလဲအလှယ် လုပ်ချင်လုပ်ကြပါလိမ့်မယ်။

သေချာတာတစ်ခုကတော့ ဆိုင်တစ်ဆိုင်မှာထိုင်ပြီး တစ်ခုခုကို စားသောက်ကြမှာပဲ ဖြစ်ပါတယ်။

ဒီအဆင့်မှာ "အသွားမတော်ရင် တစ်လှမ်း၊ အစားမတော်ရင် တစ်လုပ်" ဆိုတဲ့ ဆိုရိုးစကားအတိုင်း မသွားသင့်တဲ့ဆိုင်ကိုသွားပြီး မစားသင့်တဲ့ အစားအစာမျိုးကိုများ စားလိုက်မိလို့ကတော့ သင့်ရဲ့ အချစ် နေ့ရက်ကလေးဟာ ပျက်စီးသွားနိုင်ပါတယ်။

ပထမဆုံး ချိန်းတွေ့မှုဟာ ဘယ်လို အကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် စိတ်အနှောင့်အယှက် ဖြစ်စရာတွေ မရှိသင့်၊ မကြုံရသင့်ဘူးဆိုတာကို သင်လည်း လက်ခံတယ် မဟုတ်လား။

တကယ်လို့ သင်က အစားမက်သူဆိုရင်တောင် ပထမဆုံးချိန်းတွေ့ချိန်မှာ သင့်ကို အခက်တွေ့စေမယ့် မစားသင့်တဲ့ အစားအစာတွေကို အောင့်အီးတော့ပဲဖြစ်ဖြစ်
ရှောင်ကြဉ်လိုက်ပါ။ အဲဒီအတွက် အကျိုးခံစားရမှာပါ။

ဟမ်ဘာဂါ၊ ကြက်ကြော်

ချိန်းတွေ့တာဆိုတော့ အဲကွန်းကောင်းကောင်းနဲ့ အေးအေးဆေးဆေး ထိုင်လို့ကောင်းတဲ့ ဆိုင်မျိုးကို ရွေးတတ်ကြပါတယ်။

ဒီလိုဆိုင်အများစုကလည်း ဟမ်ဘာဂါလိုမျိုး အစားအစာတွေ ရနိုင်ပါတယ်။ သိပ်စားချင်တယ်ဆိုရင်တောင်မှ သည်းခံလိုက်ပါ။ မှာမစားပါနဲ့။ သင်လည်း သိတဲ့အတိုင်း ဟမ်ဘာဂါဆိုတာက လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး ပါးစပ်ကြီးကို အားပါးတရဖြဲပြီး ကိုက်စားမှသာ အဆင်ပြေတာ မဟုတ်လား။ သင့်အဖော်ရှေ့မှာ ကိုယ့်မှာရှိတဲ့ သွားတွေ အကုန်လုံးကို ဖွင့်ဟပြသချင်မှာတော့ မဟုတ်ပါဘူး။

ကြက်ကြော်လည်း အတူတူပါပဲ။ လက်နဲ့ စားရတဲ့ အစားအစာတွေ ဖြစ်တာမို့ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး ကြည်နူးနေရတဲ့အချိန်မှာ တကယ့်ကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ဓား၊ ခက်ရင်းတို့နဲ့ ဖဲ့စားမယ်လို့တော့ မပြောနဲ့နော်။ ငါးနှစ်အရွယ်ကလေးလေး
လူကြီးလူကောင်းဟန်ဖမ်းနေတဲ့ပုံစံမျိုး ပေါက်နေပါလိမ့်မယ်။

ဒီတော့ ချစ်သူက KFC (သို့) Lotteria သွားမယ် လို့ အကြံပြုလာရင် No လို့သာ ပြောလိုက်ပါ။

အုန်းနို့ခေါက်ဆွဲ

မုန့်ဟင်းခါးကို 'အိန္ဒြရှင်' လို့ အမည်တပ်မယ်ဆိုရင် အုန်းနို့ခေါက်ဆွဲကိုတော့ 'မာယာများသူ' လို့ ခေါ်ဝေါ်သမုတ်ရပါမယ်။

မုန့်ဟင်းခါးဖတ်တွေဟာ ပျော့ပျော့အိအိလေးမို့ ဇွန်းနဲ့ လိုသလောက်လေး အဆင်ပြေပြေ
ခပ်စားလို့ရပါတယ်။

အုန့်နို့ခေါက်ဆွဲကိုတော့ အဆင်ပြေပြေနဲ့ စားနိုင်ဖို့ဆိုရင် အားထုတ်မှု လိုအပ်ပါတယ်။ ခေါက်ဆွဲဖတ်တွေက ရှည်လည်းရှည်၊ မုန့်ဟင်းခါးဖတ်လောက်လည်း မပျော့ပြောင်းပါဘူး။ အဲဒီခေါက်ဆွဲဖတ်တွေကို အုန်းနို့ရည်နဲ့ ရောလိုက်တဲ့အခါ ချောတောတောဖြစ်သွားတာက
ပြဿနာပါပဲ။ ဒီတော့ စားတဲ့အခါမှာ နည်းနည်းလေးများ သတိလွတ်သွားလိုက်တာနဲ့ ခေါက်ဆွဲဖတ်တွေက မေးစေ့ကို လာရိုက်နိုင်ပါတယ်။

ဟင်းရည်ထဲ ထည့်ချက်တဲ့ ကြက်ရိုးလေးတွေကလည်း နူးအိပြီး အရသာတွေ အကုန်စိမ့်ဝင်နေတာမို့ အင်မတန်မှ စားလို့ကောင်းပါတယ်။ ဒါပေမဲ့လည်း ကြက်လည်ပင်းရိုး (သို့) ခြေထောက်ရိုးကြီးကို အားပါးတရ ပျော်ပျော်ကြီး စုပ်စားနေလို့တော့ မဖြစ်ဘူးနော်။ သင့်ရဲ့ပထမဆုံး ချိန်းတွေ့မှုက နောက်ဆုံးအကြိမ် ဖြစ်သွားနိုင်ပါတယ်။

စပါကတီ

အီတလီစာထဲမှာ စပါကတီခေါက်ဆွဲဟာ နာမည်ကျော်သလို အင်မတန်မှလည်း စားလို့
ကောင်းပါတယ်။ မြန်မာတော်တော်များများလည်း ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမဲ့လည်း ရှည်လျားထွေပြားလှတဲ့ ခေါက်ဆွဲဖတ်ကြီးတွေကို ပါးစပ်ထဲ လှမ်းထည့်တဲ့အချိန်မှာ သင့်ကို အချိန်မရွေး ဒုက္ခပေးနိုင်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။

မြေအိုးမြီးရှည်၊ ဟော့ပေါ့

ချစ်သူရဲ့ရင်ခွင်က အေးမြကောင်း အေးမြပါလိမ့်မယ်။ ဒါပေမဲ့ အပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်ကျော် အောက်မှာ ပူပူစပ်စပ်အစားအစာတွေ စားလို့ကတော့ ချစ်သူ့ရင်ခွင်လည်း ချွေးတွေနဲ့ ရွှဲစိုသွားပါလိမ့်မယ်။ ပူလွန်းစပ်လွန်းလို့ နှာရည်တွေ၊ မျက်ရည်တွေ ထွက်လာတာမျိုးကိုတော့ ပထမဆုံး ချိန်းတွေ့မှုမှာ မဖြစ်တာ အကောင်းဆုံးပါပဲ။

ကဏန်းဟင်း၊ တညင်းသီး၊ ကြက်သွန်ဖြူ၊ ဒူးရင်းသီး

စားသောက်ဆိုင်မှာပဲဖြစ်ဖြစ်၊ ထမင်းဆိုင်မှာပဲဖြစ်ဖြစ် ထမင်းဝင်စားဖြစ်တယ် ဆိုပါစို့။

ယောင်လို့တောင်မှ ကဏန်းဟင်းကို မမှာမိပါစေနဲ့။ မှာလိုက်မိတယ်ဆိုရင်တော့ သင့်အနေနဲ့ ကိုယ့်ချစ်သူကို ရွေးမလား၊ ဒါမှမဟုတ် ကဏန်းဟင်းကို ရွေးမလား။ တစ်ခုခုကို ရွေးချယ်ရပါလိမ့်မယ်။

ကဏန်းကို ဇွန်း၊ ခက်ရင်းနဲ့ စားလို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဆိုတာ လူတိုင်း သိကြပါတယ်။ ကျွမ်းကျင်သူအဆင့် ဆိုရင်တောင်မှ ပန်းကန်ထဲက ကဏန်းကို တော်တော်လေး အာရုံစိုက်ပြီး စားရတာပါ။

ဒီတော့ သင်က ကဏန်းလက်မတစ်ချောင်းနဲ့ အလုပ်ရှုပ်နေမယ်ဆိုရင် သင့်အဖော်က သင်စားလို့ပြီးတာကို ထိုင်စောင့်နေရပါလိမ့်မယ်။ ဒါက မဖြစ်သင့်ဘူး မဟုတ်လား။

တညင်းသီးနဲ့ ကြက်သွန်ဖြူကတော့ အနံ့ပြင်းလွန်းတဲ့ အစားအစာတွေဆိုတာ အားလုံး သိပြီးသားပါ။ ကိုယ်မမှာရဘဲနဲ့ မျက်စိရှေ့က စားပွဲပေါ်မှာ ရှိနေတယ်ဆိုရင်တောင်မှ သွားမထိလိုက်ပါနဲ့။ ပူပူနွေးနွေး ချစ်သူရှေ့မှာ စိတ်အနှောင့်အယှက် မဖြစ်ချင်ဘူးဆိုရင်ပေါ့လေ။

အဆိုးဆုံးကတော့ ဒူးရင်းသီးပါပဲ။ လုံးဝ မစားမိစေပါနဲ့။ ဒူးရင်းသီးက ချစ်သူစုံတွဲတွေအတွက် ကဗျာမဆန်စေပါဘူး။

အာလူးပူရီ၊ တိုရှည်

ဒီအစားအစာမျိုးက လက်နဲ့ အားပါးတရစားမှ အရသာရှိတာလေ။ ဒီတော့ ဆီအိအိနဲ့ ပူရီရွက်၊ တိုရှည်ရွက်တွေကို အာလူးဟင်းရည်ခွက်ထဲ တို့နှစ်စားရပြီးတဲ့နောက် ဘာဖြစ်လာလိမ့်မယ်လို့ ထင်ပါသလဲ။

ချစ်သူက လက်ကလေးကို တယုတယနဲ့ ကိုင်လာတဲ့အခါ သင့်လက်ကြီးက ဟင်းနံ့စွဲနေရင်တော့ တော်တော်ကို ကဗျာမဆန် ဖြစ်သွားပါလိမ့်မယ်။ စားပြီးရင် လက်သွားဆေးလိုက်မှာပေါ့လို့တော့ ဆင်ခြေမတက်နဲ့နော်။ ပထမဆုံးချိန်းတွေ့ပွဲမှာ အရေးမပါတဲ့အရာတွေနဲ့ အဖိုးတန်တဲ့ အချိန်တွေကို မဖြုန်းချင်ဘူး မဟုတ်လား။

အမဲကင်၊ ပုစွန်တုပ်

ဒီလိုအနောက်တိုင်း ဟင်းမျိုးကိုတော့ ဒီကလူတိုင်း သိပ်မစားတတ်ကြပါဘူး။

အဲ ..အလွန်နှစ်သက်သူတွေလည်း ရှိနေတယ်ဆိုတော့ ပထမဆုံး ချိန်းချိန်မှာတော့ မစားပါနဲ့လို့ အကြံပေးပါရစေ။

ပန်းကန်ထဲက အမဲကင်တွေကို သင်က နှစ်နှစ်ခြိုက်ခြိုက်ကြီး စားပြလိုက်မယ်ဆိုရင်ဖြင့် သင့်ကို 'အသားစားကျူးသူ' လို့ တစ်ဖက်လူက တွေးမိကောင်း တွေးသွားနိုင်ပါတယ်။

နောက်တစ်မျိုးကတော့ ပုစွန်တုပ်ပါ။

ချစ်သူဆီက အမှတ်ရချင်တာမို့ ပုစွန်တုပ်လိုမျိုး ဈေးကြီးတဲ့ အစားအစားတွေကို အမျိုးသားတွေအနေနဲ့ မှာကောင်း မှာမိနိုင်ပါတယ်။ မလိုအပ်ဘဲ အပိုပိုက်ဆံတွေ မဖြုန်းပါနဲ့။ တစိမ်းတစ်ယောက်ရှေ့မှာ ပုစွန်ခေါင်းထဲက အဆီအနှစ်တွေလည်း ထုတ်စားလို့မရ၊ အမြှီးထဲမှာ ကျန်နေသေးတဲ့ အသားစတွေကလည်း ထုတ်ရတာခက်နဲ့ အရသာရှိလှတဲ့ ပုစွန်တုပ်ကြီးကို ပန်းကန်ထဲမှာ ဒီအတိုင်းထားခဲ့ပြီး အဆုံးသတ်လိုက်ရမှာပါပဲ။

Tacco

ရန်ကုန်မှာ မက္ကဆီကန်စားသောက်ဆိုင်တွေက တော်တော်လေးကို များလာတာဆိုတော့ မက္ကဆီကန် စားသောက်ဆိုင်တစ်ဆိုင်ဆိုင်မှာ ချိန်းတွေ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မက္ကဆီကန်အစားအစာတွေက အင်မတန်မှ အရသာရှိတာမို့ ဒီအကြံက ကောင်းပါတယ်။ ဒါပေမဲ့ အစားအစာ အရွေးမမှားဖို့တော့ တစ်ချက် ဂရုစိုက်ပေးပါ။

Tacco လိုမျိုး လက်နဲ့ကိုင်ပြီး စားရတဲ့ဟာမျိုးကိုတော့ ပယ်စာရင်းထဲ ထည့်လိုက်ပါ။ အသီးအရွက်တွေ၊ ချိစ်တွေ၊ ဆော့စ်တွေ ရောထည့်ထားတဲ့ Tacco ဟာ လက်ကနေကိုင်ပြီး စားနေချိန်အတွင်းမှာ အရည်တွေဟာ လက်ချောင်းတွေနဲ့ လက်ဖ၀ါးပေါ်ကို အချိန်မရွေး စီးကျလာနိုင်ပါတယ်။ အဲလိုသာ ဖြစ်လာရင် သင်ဘယ်လိုလုပ်မလဲ ...။

ပြောင်းဖူးပြုတ်

ပြောင်းဖူးပြုတ်လေးကိုက်စားပြီး ချစ်သူနဲ့ လမ်းလျှောက်ရတာ ကြည်နူးစရာ
ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့လည်း သတိထားရမယ့် အချက်တွေကိုလည်း မမေ့သင့်ပါဘူး။ ပူပူနွေးနွေး ချစ်သူရှေ့မှာ ပြောင်းဖူးကြီးကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး ကြွက်ကိုက်သလို ကိုက်စားရဲလား။ လုပ်ရဲတယ်ဆိုရင်တော့ လုပ်ကြည့်ပါ။ ဒါမှမဟုတ် ဣနြေ္ဒရရနဲ့ တစ်လုံးချင်းစီ ခြွေစားမလား၊ ပြောင်းဖူးတစ်ဖူးလုံးကုန်ဖို့ အချိန် ဘယ်လောက်ပေးရမယ်လို့ ထင်ပါသလဲ။ စားလို့ ကုန်ပြီပဲ ထားပါတော့ ...။ လက်နှစ်ဖက်ကို နမ်းကြည့်လိုက်ပါ။ အဲဒီအနံ့လေးကို သင့်အဖော်က ကြိုက်၊ မကြိုက်ဆိုတာကတော့ ကိုယ့်ဟာကိုယ်သာ စဉ်းစားကြည့်ပါတော့။

မို့မို့သော်

Credit: mmtimes


"သင့်ရဲ့ချစ်သူဆိုတာ"

"သင့်ရဲ့ချစ်သူဆိုတာ"

ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်ပါစေ သူဟာ သင့်ရဲ့ဂရုစိုက်မှုကို လိုချင်တဲ့သူပါ။

ဘယ်လောက်ပဲ ရပ်တည်နိုင်တဲ့လူဖြစ်ပါစေ သူဟာ သင့်ပခုံးကို မှီခိုချင်တဲ့သူပါ။

ဘယ်လောက်ပဲ နားလည်ပေးတတ်သူဖြစ်ပါစေ တခါတရံ သူဟာ သင့်ကို စိတ်ကောက်ချင်သူပါ။

ဘယ်လောက်ပဲ ရင့်ကျက်တဲ့လူဖြစ်ပါစေ တခါတရံ သူဟာ သင့်အပေါ် ကလေးဆန်ချင်သူပါ။

လူကြီးတယောက်လို ဘယ်လိုပဲရပ်တည်နိုင်ပါစေ ချစ်သူဆိုတာ သင် ဂရုမစိုက်ပဲထားတဲ့အခါ ကလေးတယောက်လို ဝမ်းနည်းကြေကွဲနေတတ်သူပါ…။

Credit: Hnin Nandar