Monday, August 31, 2015

"ထာဝရလက်တွဲချင်သူ ချစ်သူတို့ လိုက်နာသင့်တဲ့ ကျင့်ဝတ်များ"


"ထာဝရလက်တွဲချင်သူ ချစ်သူတို့ လိုက်နာသင့်တဲ့ ကျင့်ဝတ်များ"

(1) တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးပါ။
(2) မလိမ်ပါနဲ့။
(3) ပွင့်ပွင့်လင်းလင်း ဆက်ဆံပါ။
(4) ချိုချိုသာသာ ဆက်ဆံပါ။
(5) ရန်ဖြစ်ပြီးတိုင်း ခွင့်လွှတ်ဖို့ ကြိုးစားပါ။
(6) တကယ်မရည်ရွယ်ပဲ ဘယ်တော့မှ လမ်းခွဲဖို့ သွားမပြောပါနဲ့။
(7) ကိုယ်တကယ်အဆင်မပြေဘဲ ကိုယ့်ချစ်သူကို အဆင်ပြေပါတယ်လို့ လိမ်မပြောပါနဲ့။
(8) ကိုယ့်မာနကို ဘေးဖယ်ထားဖို့ သင်ယူပါ။
(9) ကိုယ် မှားတယ်ဆိုရင် ချက်ချင်းတောင်းပန်ဖို့ ကြိုးစားပါ။
(10) အရင်က ကိစ္စတွေနဲ့ အခုကိစ္စတွေကို နှိုင်းမယှဉ်ပါနဲ့။
(11) အရင် ရည်းစားအကြောင်းကို ဘယ်တော့မှ ထုတ်မပြောပါနဲ့။
(12) အပေးနဲ့အယူ မျှအောင် လေ့ကျင့်ပါ။
(13) ကိုယ့်ချစ်သူရဲ့ ခံစားချက်ကို အမြဲဂရုစိုက်ပါ။
(14) ကိုယ်ချစ်သူနဲ့တွေ့ရင် သူ့ကို တစ်မိနစ်လောက် အမြဲ ဖက်ထားပေးပါ။
(15) လောကမှာ ပြီးပြည့်စုံတဲ့ချစ်သူဆိုတာ မရှိပင်မယ့် ကိုယ့်အတွက် ပြီးပြည့်စုံအောင် ကြိုးစားပေးချင်တဲ့ ချစ်သူဆိုတာတော့ အမြဲရှိပါတယ်။

ဒီအချက် ၁၅ချက်လေးကိုပဲ ၁၀၀ ရာခိုင်နှုန်းလောက်
ကြိုးစားအားထုတ်မယ်ဆိုရင် သယ်ချင်းတို့လိုချင်တဲ့
ရေရှည်ခိုင်မြဲမယ့် ၁၅၀၀ အချစ်လေးကို ရရှိလာမှာပါ။

နင်သိစေချင်လို့ပါချစ်သူ....


Credit: la min

"စိတ်ပျိုကိုယ်နုစေတဲ့ ဂျာရတ်လီတိုရဲ့ လျှို့ဝှက်ချက်"


"စိတ်ပျိုကိုယ်နုစေတဲ့ ဂျာရတ်လီတိုရဲ့ လျှို့ဝှက်ချက်"

Dallas Buyers Club ဇာတ်ကားမှာ မင်းသား ဒေးဗစ်မက္ကာနေးလိုပဲ အော်စကာဆု ရရှိခဲ့တဲ့ မင်းသားနဲ့ အဆိုတော် ဂျာရတ်လီတိုဟာ လက်ရှိမှာ အသက် ၄၃ နှစ်အရွယ် ရှိပြီဖြစ်ပေမယ့် သူ့ပုံစံကို ကြည့်ရတာ ရှိရင်းစွဲ အသက်ထက် ၁၀ နှစ် ပိုငယ်တယ်လို့ ထင်ရသူပါ။

Dallas Buyers Club ဇာတ်ကားမှာ မက္ကာနေးလိုပဲ အေအိုင်ဒီအက်စ်ရောဂါ စွဲကပ်နေပြီး လိင်တူနှစ်သက်သူတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Thirty seconds to Mars အဖွဲ့ရဲ့အဆိုတော် ဂျာရတ်ဟာ သြဂုတ်လ ၅ ရက်နေ့မှာ ထွက်ရှိလာတဲ့ Suicide Squad ဇာတ်ကားမှာလည်း ဂျိုကာအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဆံပင်ကို အစိမ်းရောင် ဆိုးထားခဲ့ပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ ၂၀၁၅ ဂီတဗီဒီယို ဆုပေးပွဲမှာတော့ ဂျာရတ်က သူ့ရဲ့ဆံပင်ကို ပန်းရောင်အဖြစ် ပြောင်းလဲခဲ့ပါတယ်။

“အရက်သောက်တာ တစ်ခုတည်းက ကျွန်တော့်ကို ပျက်စီးစေတာ မဟုတ်ပါဘူး။ ကျွန်တော်ကို ကြည့်ကောင်းတယ်လို့ ပြောကြတာတွေက အိပ်ရေး၀၀ အိပ်တာနဲ့ စနစ်ကျတဲ့ စားသောက်တဲ့ ပုံစံတွေကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက် ယောဂ ကျင့်တာတွေလည်း လုပ်ပါတယ်။ အိပ်ရေးမ၀ဘူးဆိုရင် လူ့ခန္ဓာကိုယ်က ကြာရှည်ရပ်တည်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ အိမ်ထဲကနေ အပြင်ထွက်ပြီး တောင်တက်ရတာမျိုးနဲ့ ခြုံပုတ်ထဲမှာ တွားသွားရတာမျိုးကို နှစ်သက်ပါတယ်။ အိုင်ပေါ့တစ်ခုနဲ့ သီချင်းနားထောင်တာထက် အပြင်လောကရဲ့ အသံတွေကို နားထောင်ရတာကိုပဲ ကြိုက်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ စားပြီး ကျန်းမာရေးအတွက် ကျွန်တော် စနစ်တကျ နေထိုင်လာခဲ့တာ နှစ် ၂၀ လောက် ရှိပါပြီ” လို့ ဂျာရတ်က သူ့ရဲ့လျှို့ဝှက်ချက်ကို ဖွင့်ဟခဲ့ပါတယ်။

Ref - yoganonymous

Credit: Planet

"လက်က ထူလား၊ ပါးလား"


"လက်က ထူလား၊ ပါးလား"

အကူအညီတောင်းရင် မငြင်းနိုင်သူ။ ကိုယ့်အတွက်ထက် သူတပါးအတွက် ကူညီပေးချင်သူ။ ဒီလိုလူမျိုးကို စိတ်ခံစားမှုနဲ့ ဆုံးဖြတ်သူပါ။ သူနဲ့ပြောင်းပြန် ဘာပဲလုပ်လုပ် စနစ်တကျ တွေးပြီးမှ ဆုံးဖြတ်သူ ရှိပါတယ်။ ကဲ နှစ်ယောက်တည်းက ဘယ်လိုလူမျိုးဖြစ်လိမ့်မလဲ။ ကိုယ့်ရဲ့လက်ကို ကြည့်လိုက်ကြရအောင်နော်။

လက်ဖဝါး ကြည့်နည်း
လက်ဖဝါးက ထူလား၊ ပါးလားကို ကြည့်ပါ။ လက်ဖဝါးက ထူရင်တော့ စိတ်ခံစားမှုနဲ့ ဆုံးဖြတ်သူ၊ လက်ဖဝါးက ပါးရင်တော့ စနစ်တကျတွေးပြီးမှ ဆုံးဖြတ်သူပါ။

လက်ဖဝါးက ထူရင်တော့ စိတ်ခံစားမှုနဲ့ ဆုံးဖြတ်သူ
သူကတော့ ကိုယ်ချင်းစာတရား အပြည့်နဲ့ လူတွေနဲ့လည်း လေးလေးနက်နက် ဆက်ဆံတတ်သူပါ။ ဒုက္ခရောက်နေသူကို မြင်ရင် ပြစ်မထားနိုင် ချက်ချင်းဆိုသလို အကူအညီပေးချင်သူပါ။ လူအများကို ကူညီချင်သောစိတ်ဓါတ် ရှိတာကြောင့် သူ့ပတ်ဝန်းကျင်မှာ အမြဲတမ်းဆိုသလို သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ ပြည့်နေမှာပါ။ သူတို့တွေက ကံကောင်းသောသူများဖြစ်ပြီး ပိုက်ဆံရှာကောင်းသော သူများလည်း ဖြစ်ပါတယ်။

လက်ဖဝါးက ပါးရင်တော့ စနစ်တကျတွေးတော ဆုံးဖြတ်သူ
သူကတော့ လောကကြီးကို အေးအေးဆေးဆေး သုံးသပ်ပြီး ဘယ်ကိစ္စမဆို သိပ်မပါချင်ပါ။ သူက ဘာကိုတွေးနေသလဲဆိုတာကို မသိနိုင်တဲ့အတွက် လူတွေက သူ့ကို တည်ငြိမ်သောသူလို့ သတ်မှတ်လိမ့်မယ်။ လူတွေနဲ့ ပတ်သက်တာထက် ကိုယ့်ရဲ့ဘဝလေးထဲမှာ နေရတာကို ပိုပြီး ခုံမင်သူပါ။ ဒါကြောင့်လည်း အထီးကျန်ပါလိမ့်မယ်။ လောဘမရှိတာကြောင့် သာမန်ဘဝကိုသာ ခုံမင်တတ်သူ ဖြစ်ပါလိမ့်မယ်။


Credit: ChelmoTeam

"လမ်းလျှောက်ခြင်းက သင့်ကို အစဉ်နုပျိုစေနိုင်ပြီး သင့်သက်တမ်းကို ၇ နှစ် ထပ်ပေါင်းပေးနိုင်"


"လမ်းလျှောက်ခြင်းက သင့်ကို အစဉ်နုပျိုစေနိုင်ပြီး သင့်သက်တမ်းကို ၇ နှစ် ထပ်ပေါင်းပေးနိုင်"
 
ဥရောပ နှလုံးရောဂါကုထုံးဆိုင်ရာ အသင်း (ESC) ညီလာခံကို တင်သွင်းခဲ့တဲ့ လေ့လာမှုတစ်ခုမှာ တစ်နေ့ကို ပုံမှန်လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးရင် နှလုံးဖောက်နိုင်ခြေ တစ်ဝက်တိတိ လျော့ကျသွားကြောင်း ဖော်ပြခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ ဘယ်တော့မှ အိုမင်းခြင်းကို ရှောင်ရှားနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် နှောင့်နှေးအောင်တော့ လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့ အသက် ၇၀ လောက်မှာ ပိုမို နုပျိုတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်နိုင်သလို အသက် ၉၀ လောက်အထိ အသက်ရှင်နေနိုင်ပါတယ်” လို့ အဆိုပါ လေ့လာမှု ပရောဂျက်ကို လုပ်ဆောင်ခဲ့သူ ပါမောက္ခ Sanjay Sharma က ပြောကြားပါတယ်။

“လေ့ကျင့်ခန်းပြုလုပ်ခြင်းက အသက် ၃ နှစ်ကနေ ၇ နှစ်အထိ ပိုရှည်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းဟာ စိတ်ကျမှုကို တိုက်ဖျက်ပေးတဲ့ဆေးပါပဲ။ မှတ်ဥာဏ်စွမ်းရည်လည်းကောင်းမွန်ပြီး dementia ခေါ် ဦးနှောက်ထိခိုက် ချို့ယွင်းမှုကြောင့် စိတ်ဖောက်ပြန်မှုရောဂါ စတင်ဖြစ်ပွားမှုကိုလည်း ဟန့်တားပေးနိုင်ကြောင်း အခုအခါ သက်သေအထောက်အထားတွေ ရှိနေပြီဖြစ်ပါတယ်။”

“နှလုံးကျန်းမာရေးမကောင်းတဲ့ လူတွေအနေနဲ့တော့ မပြေးသင့်ပါဘူး။ ဒါပေမယ့် အမောမဆို့သေးဘဲ စကားပြောနိုင်သေးတဲ့အချိန်အထိ လမ်းလျှောက်ပေးသင့်ပါတယ်” အသံတိတ် လူသတ်သမားလို့ နာမည်ကြီးတဲ့ atrial fibrillation (နှလုံးခုန်မူမမှန်မှု) ဖြစ်နိုင်ခြေကိုလည်း လေ့ကျင့်ခန်းလုပ်ပေးခြင်းက လျော့ကျစေပါတယ်။

ye wint

Credit: Trend Myanmar

"မိန်းကလေးတစ်ယောက်ကို လက်ထပ်ခွင့်တောင်းဖို့ အကောင်းဆုံး ပုံစံ"


"မိန်းကလေးတစ်ယောက်ကို လက်ထပ်ခွင့်တောင်းဖို့ အကောင်းဆုံး ပုံစံ"
   
အသေးစိတ်ကျကျ စီစဉ်ထားတဲ့ ရင်ခုန်ဖွယ်ရာ လက်ထပ်ခွင့်တောင်းတဲ့ ဇာတ်လမ်းတွေကို ကြားဖူး၊ ဖတ်ဖူး ကြမှာပေါ့။ ရဟတ်ယာဉ်ပေါ်မှာ လက်ထပ်ခွင့်တောင်းတာ၊ လေယာဉ်မီးခိုးတန်းနဲ့ စာတန်းဖော်ပြီး လက်ထပ်ခွင့်တောင်းတာ၊ အမျိုးမျိုးပေါ့။ ဒါပေမယ့် တကယ်တမ်း မိန်းကလေးတွေ လိုချင်တာ ဘယ်လိုမျိုး ဖြစ်မလဲ။

ကြင်စဇနီးမောင်နှံအတွဲ ၄၀၀ ကို သူတို့ မျှော်လင့်တဲ့ စိတ်ယူးယဉ် လက်ထပ်ခွင့်တောင်းတဲ့ ပုံစံ၊ တကယ်တောင်းခဲ့တဲ့ ပုံစံနဲ့ ဘယ်အချက်က အရေးကြီးဆုံးလဲဆိုတာ စစ်တမ်းကောက်ယူခဲ့ရာမှာ အောက်ပါအဖြေ ထွက်လာခဲ့ပါတယ်။ လူသိထင်ရှား လက်ထပ်ခွင့်တောင်းတာမျိုးက အကောင်းဆုံး စံပြပုံစံမျိုး မဟုတ်ဘဲ  စုံတွဲ ၆၉ ရာခိုင်နှုန်းဟာ နှစ်ကိုယ်ကြား သီးသန့် လက်ထပ်ခွင့်တောင်းမှုကို ပိုမိုနှစ်သက် လိုလားကြတယ်လို့ ဆိုပါတယ်။

ဒီ့အပြင် တကယ်တမ်း လက်ထပ်ခွင့်တောင်းမှုဟာလည်း မျှော်လင့်ထားသလောက် စိတ်ကူးယဉ်မဆန်ပါဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ နောက်ထပ် တွေ့ရှိချက်အရ လက်ထပ်ခွင့်တောင်းဖို့ အကောင်းဆုံးအချိန်က ညနေခင်းနဲ့ နေ၀င်ရီတရော အချိန်လေးမှာ ဖြစ်ပြီး အသင့်တော်ဆုံးနေရာက ပင်လယ်ကမ်းခြေ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ် က ပြုလုပ်ခဲ့တဲ့ လေ့လာစစ်တမ်းတစ်ခုမှာ လူသုံးပုံတစ်ပုံဟာ လက်ထပ်ခွင့်တောင်းဖို့ အကောင်းဆုံးရက်က ခရစ်စမတ် အကြိုနေ့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နှစ်တစ်နှစ်ရဲ့ စိတ်ကူးယဉ်အဆန်ဆုံး ရက်တွေဖြစ်တဲ့ ချစ်သူများနေ့နဲ့ နှစ်သစ်ကူးအကြိုနေ့ တို့ကလည်း အကောင်းဆုံးရက်တွေ ဖြစ်ပါတယ်။

ye wint

Credit: Trend Myanmar

"သူတို့ပြောတဲ့ အချစ်"


"သူတို့ပြောတဲ့ အချစ်"

ဘာကို ရိုမန်တစ်ဖြစ်တယ်လို့ ခေါ်သလဲ?
ကောင်မလေးက သူ့ကို မချစ်မှန်းသိရက်နဲ့ ကောင်မလေးကို နှင်းဆီပန်း ၉၉၉ ပွင့် လက်ဆောင်ပေးတာကို ခေါ်တယ်။

ဘာကို ဖြုန်းတီးတယ်လို့ ခေါ်သလဲ?
ကောင်မလေးက သူ့ကိုချစ်မှန်း သိရက်နဲ့ နှင်းဆီပန်း ၉၉၉ ပွင့် လက်ဆောင်ပေးတာကို ခေါ်တယ်။

လူသတ္တ၀ါဆိုတာ ငှက်နဲ့တူတယ်။ အတောင်တစ်စုံစီ ရှိကြတယ်။ တောင်ပံတစ်ခုက ယောက်ျား၊ တစ်ခုက မိန်းမ။ တူညီတဲ့ အင်အားနဲ့ သန်မာတဲ့ အတောင်နှစ်ခုကို တက်ညီလက်ညီ ခပ်ပေးမှ ကောင်းကင်အမြင့်ကို ပျံသန်းနိုင်မှာဖြစ်တယ်။

လက်ထပ်ခြင်းဆိုတာ အချစ်ရဲ့သင်္ချိုင်းတဲ့။ ဒါပေမဲ့ လက်မထပ်ခဲ့ရင် အချစ်က မြုပ်နှံရာ နေရာမရှိဘဲ သေဆုံးသွားလိမ့်မယ်။

မိန်းမတစ်ယောက်ကို လက်ထပ်လိုက်ပြီးနောက် အဲဒီယောက်ျားဟာ သူ့ရှေ့ရေးကို ဘယ်တော့မှ စိတ်မပူတော့ဘူး။ ယောက်ျားတစ်ယောက်ကို လက်ထပ်ပြီးနောက် အဲဒီမိန်းမဟာ သူ့ရှေ့ရေးကို အမြဲ စိတ်ပူနေတတ်တယ်။

ဇနီးမောင်နှံဆိုတာ တူတစ်စုံနဲ့တယ်။ တစ်ချောင်းနဲ့တစ်ချောင်း မခွဲမခွါ အတူနေရပြီး ချို၊ ချဉ်၊ ဖန်၊ စပ်.... ဟင်းအရသာတွေလို ဘ၀ရဲ့ ချိုမြိန်မှု၊ ခါးသီးမှုတွေကို အတူတကွ ခံစားကြရတယ်။ ဒီလိုတူက တစ်ခါသုံးတူ မဟုတ်ဘဲ ကြာရှည်အသုံးခံ၊ အကြမ်းခံတဲ့ ဆင်စွယ်တူဖြစ်ရမယ်။

ယောက်ျားလေး ပိုက်ဆံထုတ်ရှင်းတာ ချစ်သူကြောင့်မို့၊ မိန်းကလေး ပိုက်ဆံထုတ်ရှင်းတာ လင်မယားကြောင့်မို့၊ ယောက်ျားလေးရော၊ မိန်းကလေးရော ပိုက်ဆံလုရှင်းကြတာ သူငယ်ချင်းတွေမို့လို့။

လက်ထပ်တယ်ဆိုတာ ၁+၁=၂ မဟုတ်ဘူး။ ၀.၅+၀.၅= ၁ ပဲဖြစ်တယ်။ ကိုယ်စီမှာရှိတဲ့ ဥပဓိရုပ်တွေကို ခွာချ၊ အတ္တမာနတွေ ခွာချ၊ အပြစ်အနာအဆာတွေ ခွာချပြီး တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်လိုက်တာဖြစ်တယ်။

အကောင်းဆုံး ကုန်ပစ္စည်းက ကြော်ငြာထဲမှာပဲ ရှိတယ်။ လုံးဝ ပြီးပြည့်စုံတဲ့လူက ကဗျာထဲမှာပဲ ရှိတယ်။ လုံးဝ အပြစ်ကင်းတဲ့ အချစ်က ၀တ္ထုထဲမှာပဲ ရှိတယ်။ ချွတ်ယွင်းချက်မရှိတဲ့ အိမ်ထောင်ဆိုတာ အိပ်မက်ထဲမှာပဲရှိတယ်။
အကောင်းဆုံးကို လူတိုင်းလိုချင်ကြတယ်။ အကောင်းဆုံးကိုရဖို့ မျှော်ကိုးနေလို့ မဖြစ်ဘူး။ ကိုယ်တိုင်ရှာဖွေ ကျင့်သုံးမှ ရမယ်။


Credit: ဖြိုးဇာနည်

"ဦးဦးတို့ချစ်တဲ့ မိန်းကလေးကတော့ ..."


"ဦးဦးတို့ချစ်တဲ့ မိန်းကလေးကတော့ ..."

မိန်းကလေးတွေထဲမှာလည်း ရွယ်တူ ယောင်္ကျားလေးတွေထက် အသက်နည်းနည်းကြီးသူတွေနဲ့မှ စွန်တဲ့သူတွေလည်း ရှိတယ်နော်။
ဘယ်လို မိန်းကလေးက ဦးဦးတို့ ချစ်တဲ့သူ ဖြစ်မှာလဲ။

လှလှ ဝဝလေး ဖြစ်နေသူ
ဦးဦးတို့က မော်ဒယ်လို ပိန်ပိန်ပါးပါးလေးတွေထက် မမလှလှ ဝဝလေးကို ပိုပြီး ချစ်တတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ထမင်းစားနေတဲ့ပုံလေးကို ကြည့်ရင်းတောင် ဦးဦးတို့ ရင်တွေခုံနေပြီပေါ့။ ဦးဦးတို့က မော်ဒယ်လို အရမ်းလှနေတဲ့ မိန်းကလေးကျတော့ ဘယ်လို ချင်းကပ်ရမလဲဆိုတာကို တွေးပြီး ကြောက်တတ်တယ်။

ရယ်စရာပြောရင်လည်း ပြုံးပြီးနားထောင်နေတတ်သူ
ဦးဦးတို့ရဲ့ ရယ်စရာကဏ္ဍမှာ ပြောစကားတွေက နည်းနည်း ကြမ်းတတ်ပင်မဲ့လည်း ဘာမှနားမလည်သလို ဟန်ဆောင်ပြီး နားထောင်နေတတ်သူလေးကို ချစ်တတ်ပါတယ်။

ချွဲတော်သောသူ
အလုပ်ထဲမှာ မသိနားမလည်တာကို ချက်ချင်း အထက်အရာရှိ ဦးဦးတွေကို မေးတတ်တဲ့သူလေးက အဖြေကိုရလျှင် ချက်ချင်း ကြိုးကြိုးစားစား လုပ်နေတာကို မြင်ရတဲ့ ဦးဦးတို့က ပီတိဖြစ်နေတာပါ။

အမြဲတမ်း ပြုံးပြုံးလေးနေသူ
ချောလှတာထက် အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် နေတတ်သူလေးဆိုရင် ဦးဦးတို့ ရင်ထဲလဲ အေးတယ်လေ။

ကျေးဇူးတင်စကားကို လက်ကိုင်ထားသူ
ဦးဦးတို့က ကိုယ့်ထက်အသက်ငယ်တဲ့သူတွေကို ကိုယ့်လက်အောက်ငယ်သားတွေကို ကျွေးမွေးရတာတွေလည်း ရှိတတ်ပါတယ်။ ဒီလိုအချိန်မှာ အလိုက်သိသိ ကျေးဇူးတင်စကား ပြောတတ်သူလေးကိုလည်း လေးစားပါတယ်။

ကဲ ဦးဦးတို့အကြိုက်တော့ မနေနိုင်ဘူးလို့ မပြောလိုက်ပါနဲ့နော်။ ဦးဦးတို့တောင် ကြိုက်တဲ့ မိန်းကလေးဆိုတာ ဘယ်မိန်းကလေး၊ ယောင်္ကျားလေးမဆို ချစ်ခင်ဖို့ကောင်းတဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်သူ ဖြစ်မှာပါ။

Credit: ChelmoTeam

"မေမေ့ဆီကို ဖုန်းဆက်သင့်ပါတယ်"


"မေမေ့ဆီကို ဖုန်းဆက်သင့်ပါတယ်"

အမေကတော့ ကိုယ့်ရဲ့ အရင်းနီးဆုံးသော သူငယ်ချင်းဆိုရင်လည်း မမှားပါဘူး။
စိတ်ညစ်နေရချိန်၊ ပျော်စရာကောင်းသော အချိန်တွေမှာ အမြဲအတူတူရှိနေပင်မဲ့လည်း တချိန်မှာတော့ ရှိချင်မှရှိတော့မှာပါ။ ဒီလို နောင်တတွေ မရအောင် အမေဆီ ဖုန်းဆက်သင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲ။

၁။ အမေ့အတွက် အရေးကြီးဆုံးက သား (သို့) သမီးပါ။
၂။ ကိုယ့်အကြောင်းကို မိနစ် ၃၀ လောက် ပြောရင်လည်း အမြဲနားထောင်ပေးသူပါ။
၃။ မနက် အိပ်ယာနိုးလာရင် အပြုံးနဲ့ကြိုဆိုနေတာ အမေကလွဲရင် ဘယ်သူရှိမလဲ။
၎။ စိတ်ညစ်စရာတွေကို ဖယ်ရှားပေးတာလည်း အမေပါပဲ။
၅။ ၉လလွယ် ၁၀လအထိ အပင်ပန်းခံပြီး မွေးပေးတဲ့ အကြွေးတွေရှိသေးတယ်နော်။
၆။ အကောင်းဆုံး အကြံဥာဏ်တွေကို ပေးသူပါ။
၇။ အမေရှိလို့သာ အသက်ရှင်နေတာ မဟုတ်လား။
၈။ အမှားကို မှားတယ်လို့ ထောက်ပြပြီး ဆုံးမပေးသူပါ။
၉။ အမြဲတမ်း ကိုယ့်ဘက်ကပဲ ရပ်တည်ပေးနေသူပါ။
၁၀။ အမြဲတမ်း အမေက အနားမှာ ရှိနေတယ်လို့ ခံစားရတယ်။
၁၁။ အပြင်မှာဖြစ်လာတဲ့ ပြသာနာတွေအားလုံးကို သေသေချာချာနားထောင်ပေးပြီး ဖြေရှင်းပေးတယ်။
၁၂။ သူငယ်ချင်းတွေရဲ့ အတင်းကိုလည်း သူငယ်ချင်းတစ်ယောက်လို ပြောလို့ရတယ်။
၁၃။ မိန်းကလေး ကိစ္စတွေကိုလည်း မိန်းကလေးအချင်းချင်းဖြစ်တာကြောင့် လွတ်လွတ်လပ်လပ် တိုင်ပင်နိုင်တယ်။
၁၄။ ဘဝအတွက် ယုံကြည်ရဆုံးသော သူငယ်ချင်းတစ်ယောက်ဆိုလည်း မမှားပါ။
၁၅။ ကိုယ့်ရဲ့ထင်မြင်ချက်၊ ယုံကြည်ချက်တွေကို အမြဲတန်း အားပေးနေသူပါ။
၁၆။ အိမ်မှုကိစ္စတွေကို အမြဲတမ်း လုပ်ပေးနေသူပါ။
၁၇။ အားလုံးထက် မင်းအကြောင်းကို ကောင်းကောင်းနားလည်သူပါ။
၁၈။ အမေက ဘယ်လို Msg ပို့ရမှာကို မသိတဲ့အတွက် ဖုန်းဆက်သင့်ပါတယ်။
၁၉။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် မင်းအနားမှာ အမြဲ ရှိနေသူပါ။
၂၀။ အမြဲတန်း အမှန်ကို အမှန်အတိုင်း ပြောနိုင်သူပါ။
၂၁။ မင်းက အဝေးမှာရှိတာကြောင့် စိတ်ထဲမှာ ဝမ်းနည်းမိတယ်။
၂၂။ မင်းဆီက ဖုန်းကို မျှော်နေတတ်တယ်။ ဖုန်းလာရင် တနေ့လုံး စိတ်ထဲမှာ ပျော်နေတတ်တယ်။
၂၃။ လိုအပ်တဲ့အခါ ပိုက်ဆံထုတ်ပေးဖို့ မနှမြောပါ။
၂၄။ မိန်းကလေးအချင်းချင်းဖြစ်ရင်လည်း မိန်းကလေးစကားပြောလို့ရတော့ ပျော်ပါတယ်။
၂၅။ ဘယ်နှယ်နာရီစကားတွေ ပြောပြော အချိန်တွေကုန်မှန်းတောင် မသိလိုက်ပါ။
၂၆။ အမေ့ကို ချစ်တဲ့အကြောင်းကို ပြောသင့်ပါတယ်။

Credit: ChelmoTeam

"တစ်နေ့ကို ငါးနာရီကြာ တီဗီ ထိုင်ကြည့်ခြင်းက အဆုတ်သွေးကြောပိတ်ရောဂါ ဖြစ်နိုင်ခြေ များပြား"


"တစ်နေ့ကို ငါးနာရီကြာ တီဗီ ထိုင်ကြည့်ခြင်းက အဆုတ်သွေးကြောပိတ်ရောဂါ ဖြစ်နိုင်ခြေ များပြား"
 
တစ်နေ့ကို ပျှမ်းမျှ ငါးနာရီနဲ့ ငါးနာရီအထက် တီဗီထိုင်ကြည့်ခြင်းက အသက်အန္တရာယ်စိုးရိမ်ရတဲ့ အဆုတ်သွေးကြောပိတ်ရောဂါ ဖြစ်နိုင်ခြေ များတယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံ၊ အိုဆာကာတက္ကသိုလ်က သုတေသန ပညာရှင်တွေဟာ လူပေါင်း ၈၆၀၀၀ ကို ၁၈ နှစ်ကြာ လေ့လာခဲ့ပြီးနောက် တီဗီကြည့်သူတွေဟာ မကြာခဏ မတ်တပ်ထရပ်ပေးသင့်ပြီး သွေးခဲမှု မဖြစ်နိုင်အောင်လို့ ရေသောက်ပေးဖို့ လိုအပ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

အဆုတ်သွေးကြောပိတ်ခြင်းဆိုတာ နှလုံးကနေ အဆုတ်ဆီကို သွေးသယ်ပို့ပေးတဲ့ အဆုတ်သွေးလွှတ်ကြောအတွင်းမှာ သွေးခဲပိတ်ဆို့မှု ဖြစ်တာဖြစ်ပြီး ဗြိတိန်တစ်နိုင်ငံတည်းမှာတင် နှစ်စဉ် လူပေါင်း ၆၀၀၀၀ အထိ ဒီရောဂါကြောင့် သေဆုံးနေရပါတယ်။ တစ်နေ့ကို ငါးနာရီနဲ့အထက် တီဗီကြည့်သူတွေဟာ အဆုတ်သွေးကြောပိတ်နိုင်ခြေ နှစ်ဆကျော် ပိုများပြီး အသက် ၄၀ နဲ့ ၅၉ နှစ်အကြား လူကြီးတွေမှာဆိုရင် ရောဂါဖြစ်နိုင်ခြေ ပိုမို များပြားကြောင်း သိရှိရပါတယ်။

တီဗီကြည့်ချိန်မှာ ခဏနားပေးခြင်း၊ မတ်တပ်ထရပ်ပေးခြင်း၊ တီဗီကြည့်နေရင်းနဲ့ လမ်းလျှောက်ပေးခြင်း အပြင် ရေဓာတ်ခန်းခြောက်မှု ကာကွယ်ဖို့အတွက် ရေသောက်ပေးခြင်း စတဲ့ အပြူအမူတွေအတိုင်း လိုက်နာသင့်တယ်လို့ သုတေသန ပညာရှင်တွေက သတိပေး ထုတ်ပြန်ခဲ့ပါတယ်။  အဆုတ်သွေးကြောပိတ်ရောဂါ ဖြစ်ပွားရခြင်းရဲ့ လူသိများတဲ့အကြောင်းရင်းဟာ လေယာဉ်နဲ့ ခရီးဝေးပျံသန်းမှုကြောင့် ဖြစ်ပေမယ့်  လူတွေဟာ လေယာဉ်စီးတာထက် တီဗီကြည့်တာကို ပုံမှန်ပြုလုပ်လေ့ ပိုမိုရှိတာမို့ သတိထားသင့်ကြောင်း အိုဆာကာတက္ကသိုလ် လူထုဆေးပညာဌာနက ယခုလေ့လာမှုကို ဦးဆောင်ခဲ့သူ ဒေါက်တာ Toru Shirakawa က ပြောကြားခဲ့ပါတယ်။

ye wint

Credit: Trend Myanmar

Sunday, August 30, 2015

"ဒေါက်ဖိနပ်စီးတာကို ရပ်တန့်လိုက်တဲ့အခါ သင့်ခန္ဓာကိုယ်ကို ပေးနိုင်တဲ့ အကျိုးဆက်များ"


"ဒေါက်ဖိနပ်စီးတာကို ရပ်တန့်လိုက်တဲ့အခါ သင့်ခန္ဓာကိုယ်ကို ပေးနိုင်တဲ့ အကျိုးဆက်များ"

မိန်းကလေးတိုင်းရဲ့ဘ၀မှာ ဒေါက်မြင့်ဖိနပ်ကို မစီးချင်တော့တဲ့ အချိန်မျိုး တစ်ကြိမ်တစ်ခါတော့ ကြုံတွေ့ဖူးပါတယ်။ ဒေါက်မြင့်ဖိနပ်စီးခြင်းကနေ အနားယူလိုက်တာဟာ သင့်ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့ အကျိုးဆက်တွေ ဖြစ်လာစေတယ်ဆိုတာ သင်သိပါသလား။

၁။ သင့်ခြေထောက်တွေ ပိုရှည်သွယ်စေတယ်

ဒေါက်မြင့်ဖိနပ်စီးတာကြောင့် သင့်ခြေထောက်တွေ ပိုရှည်နေသလို ထင်ရပါတယ်။ ဒါပေမယ့် ဒေါက်မြင့်ဖိနပ်တွေကို ချောင်ထိုးလိုက်တာက သင့်ခြေထောက်ကို တကယ်ပိုရှည်စေပါတယ်။ အသုံးချဇီဝကမ္မဗေဒ ဂျာနယ်မှာ ဖော်ပြခဲ့တဲ့လေ့လာမှုအရ ဒေါက်ဖိနပ် စီးလေ့ရှိသူတွေဟာ ခြေလှမ်းစိတ်စိတ် လျှောက်လေ့ရှိပြီး ခြေသလုံးကြွက်သားတွေလည်း မာကျစ်တယ်လို့ ဆိုပါတယ်။ သင့်ရဲ့ခြေဖနောင့်ဟာ ခြေကျင်းဝတ်ကို အချိန်အတော်ကြာ အားစိုက်ထားရပြီး ခြေထောက်ရဲ့ ပုံမှန်အရှည်အတိုင်း ဆန့်တန်းဖို့ ခဲယဉ်းပါတယ်။ ခြေလက်ဆန့် လျှောက်တာ၊ foam rolling ခေါ် ရိုလာနဲ့ ခြေသလုံးကြွက်သား နှိပ်နယ်တာအပြင် ပြားချပ်တဲ့ဖိနပ်တွေကို စီးတာက ခြေသလုံးကြွက်သားတွေ ပိုမို လှပစေပါတယ်။

၂။ ခါးနာတာ သက်သာတယ်

ဒေါက်ဖိနပ်က တင်ပါးဆုံရိုးကို ပင့်တင်ပေးထားပြီး တင်ပါးကို နောက်ကို ပိုရောက်စေပါတယ်။ ဒီအဖြစ်ကြောင့် ကျောရိုးရဲ့ခါးဆစ်ပိုင်းမှာ ဖိအားများသလို ကြွက်သားတွေကလည်း ထိန်းမတ် ပေးထားရတဲ့အတွက် ပိုမိုနာကျင်စေပါတယ်။ ဒေါက်ဖိနပ်ချွတ်လိုက်တဲ့အခါ သင့်ရဲ့ကျောရိုးဟာ အလိုအလျောက် မူလပုံစံကို ပြန်ရောက်ရှိသွားပြီး ဖိအားတွေ လျော့နည်းသွားကာ နာကျင်မှု သက်သာသွားပါတယ်။

၃။ ခြေဖနောင့်နာတယ်

ရုတ်တရက် ပြန့်ပြူးတဲ့ဖိနပ်ကို ပြောင်းစီးလိုက်မယ်ဆိုရင် သင့်ရဲ့ခြေချောင်းဟာ ၉၀ ဒီဂရီ ပြန်ဖြစ်သွားပြီး ဒေါက်ဖိနပ်ကြောင့် တင်းမာနေတဲ့ ဖနောင့်ကြောတွေကို ခန္ဓာကိုယ်က အဓိကအားစိုက်လိုက်ရပါတယ်။ တင်းမာနေတဲ့ ဖနောင့်ကြောကြွက်သား တစ်သျှူးတွေကြောင့် ခြေဖနောင့်နာတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရက်အနည်းငယ်ကြာရင်တော့ ဖနောင့်ကြောဟာ သာမန်ပြန်ဖြစ်သွားပြီး နာကျင်မှုလည်း ပျောက်သွားပါလိမ့်မယ်။

၎။ ဒူးအရွတ်နာတာ သက်သာသွားတယ်

ဒေါက်ဖိနပ်ချွတ်လိုက်ရင် ဖနောင့်ကြောနဲ့ ဒူးအရွတ်တွေမှာ အားစိုက်ထားရမှုကနေ လွတ်ကင်းသွားပြီး ဒူးခုံညင်း လည်တာ၊ ချောင်တာ မဖြစ်စေတော့ဘူးလို့ ဆိုပါတယ်။

၅။ ခန္ဓာကိုယ်မျှခြေ ပိုကောင်းလာတယ်

ဒေါက်မြင့်ဖိနပ်စီးသူတွေဟာ ခြေကျင်းဝတ်ဘေးက ကြွက်သားတင်းရင်းမှု မညီမျှဖြစ်စေပြီး ခြေပွတ်တိုင် တည်ငြိမ်မှုမရှိ ဖြစ်စေနိုင်ပါတယ်။ ခြေဖ၀ါးအပြည့် ဖိနပ်စီးတာက ခြေကျင်းဝတ်တစ်ဝိုက်က ကြွက်သားတွေကို ပုံမှန်အတိုင်း အလုပ်လုပ်စေပြီး ခြေကျင်းဝတ် တည်ငြိမ်ခိုင်မြဲမှုရှိကာ ခန္ဓာကိုယ်မျှခြေလည်း ရှိပါတယ်။

ye wint

Credit: Trend Myanmar

"ခေါင်းမှာ ချိုပေါက်နေတဲ့ အဘွားအို"


"ခေါင်းမှာ ချိုပေါက်နေတဲ့ အဘွားအို"

တရုတ်နိုင်ငံက အဘွားအိုတစ်ယောက်ဟာ ရှားပါးတဲ့ရောဂါရပ် တစ်ခုကို ခံစားနေရပြီး ဦးခေါင်းထိပ်မှာ ချိုတစ်ခု ဖြစ်ပေါ်နေပါတယ်။

ချိုဟာ လွန်ခဲ့တဲ့ ၈ နှစ်ကစပြီး ယားယံတဲ့ မှဲ့နက်တစ်လုံးကနေ စတင်ဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ Liang Xiuzhen နေ အဘွားအိုက ပြောပြပါတယ်။ ဆေးဖက်ဝင် အပင်ကုထုံးတွေနဲ့ အစပထမ ကုသခဲ့သေးတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်လောက်မှာ မှဲ့ဟာ ပေါက်ထွက်ပြီး လက်သန်းအရွယ်လောက်သာ ရှိတဲ့ ချိုတစ်ခု အရေပြားပေါ်မှာ စတင်ထွက်ပေါ်လာခဲ့ပါတယ်။  အဘွားအိုရဲ့ သားဖြစ်သူ Wang Zhaojun က အခုလိုပြောပြပါတယ်။ “ကျွန်တော်တို့ ဆေးရုံသွားခဲ့ကြပေမယ့် ဆရာဝန်တွေဟာ ဒီချိုကြီးထွားမှု ဘာကြောင့် ဖြစ်လဲဆိုတာ ရောဂါမရှာနိုင်ခဲ့ကြပါဘူး။ ကျွန်တော့်အမေကလည်း သူဆေးရုံတက်ရင် အိမ်ကိုပြန်မလာနိုင်တော့ဘူး ထင်ပြီး ဆေးရုံသွားရတာကို မကြိုက်ဘူး” ဒီလိုနဲ့ သူတို့ဟာ ဒီချိုကို လျစ်လျူရှုထားခဲ့ကြပါတယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ Zhaojun ဟာ အမေကို ခေါင်းလျှော်ပေးနေရင်း ချိုလေးကို မတော်တဆ ပဲ့ထွက်သွားစေခဲ့ပါတယ်။ ထိုအချိန်ကစပြီး ချိုဟာ မြန်မြန်ဆန်ဆန် ဆက်ကြီးထွား လာခဲ့တာဖြစ်တယ်လို့ ပြန်လည်ပြောပြပါတယ်။ အခုအခါမှာ ချိုဟာ ငါးလက်မ အရှည်ရှိပြီး အချင်း ၂ လက်မ ရှိနေပြီဖြစ်ပါတယ်။ တစ်ချို့လန်နေတဲ့ နေရာတွေမှာ သွေးတွေ စထွက်လာခဲ့ပါတယ်။ အဖွားအိုဟာ တစ်ခါတစ်ရံ နာကျင်မှုကြောင့် အိပ်စက်လို့တောင် မရဘူးလို့ ဆိုပါတယ်။

အခုအခါမှာတော့ အဘွားအိုရဲ့ ရှားပါးရောဂါဟာ အရေပြားက ချိုပေါက်တဲ့ ရောဂါဖြစ်ပြီး ဆရာဝန်တွေက အဖြေရှာနိုင်ခဲ့ပါပြီ။ ဆံပင်နဲ့ လက်သည်းတွေမှာတွေ့ရတဲ့ keratin ပရိုတိန်းဓာတ်က ချိုကြီးထွားမှုမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။  အဘွားအိုကိုသာ ဆေးရုံဆီ ရအောင်ခေါ်နိုင်မယ်ဆိုရင် ချိုကို ခွဲစိတ်ဖယ်ရှားနိုင်ကြောင်း ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။

ye wint

Credit: Trend Myanmar

"ဆရာတော် နာရီကြီးဘယ်ရောက်


"ဆရာတော် နာရီကြီးဘယ်ရောက်သွားသလဲ ဘုရား"
"ညက ဒကာ ( ၂ ) ယောက် လာယူသွားကြတယ်ကွ"
"ဆရာတော် သူခိုးလာခိုးသွားတာဖြစ်မှာပါ။ ဆရာတော် မသိလိုက်ဘူးလား ဘုရား"
"သိပါတယ်ကွ။ သူတို့က မမှီမကမ်းနဲ့ ဖြုတ်နေသံကြားလို့ မတော် လွတ်ကျလို့ မင်းတို့နိုးကုန်ရင် နာရီလဲအကောင်းမရ ဒုက္ခလည်း ရောက်ကြမှာစိုးလို့ ပလ္လင်နောက်မှာ ခွေးခြေရှိတယ်လို့တောင် ပြောလိုက်သေးတယ်"
"ဆရာတော့်နှယ် သူခိုးပဲ ဘာလို့ပြောလိုက်ရတာလဲ။ လှူပစ်လိုက်တယ်ဆိုတာကမှ ဟုတ်သေးတယ်"
"ထူးပါဘူးကွ။ သူတို့လာယူတော့လဲ ကိုယ်က သွားလှူရ သက်သာသွားတာပေါ့။ ညကြီးမင်းကြီး သူများမသိအောင် လာယူတော့ ပုဂ္ဂိုလ် အယုတ်၊ အမြတ်ကလဲ မရွေးရတော့ဘူးပေါ့"
(အောင်ခြင်းရှစ်ပါး ဆရာတော်) အမရပူရမြို့……။

"ဆရာတော် တပည့်တော်တို့လှူထားတဲ့ ရေဒီယိုကြီးလဲ မမြင်ပါလား။ ဘယ်နေရာ သွားထားပါသလဲ ဘုရား"
"ဘယ်မှ သွားမထားပါဘူး သူ့ပိုင်ရှင်က ယူသွားတယ်"
"အို… ဆရာတော်ကလည်း ဘယ်ကလာ ပိုင်ရှင် ရှိအုန်းမှာလဲ။ တပည့်တော်တို့က ဆရာတော်ကို လှူထားတာပဲ။ ဆရာတော်ပိုင်တဲ့ ပစ္စည်းပေါ့"
"ငါမပိုင်လို့ပေါ့ကွာ။ ငါပိုင်ရင် ပစ္စည်းက ငါ့အနားမှာ ရှိနေမှာပေါ့။ ခုတော့ သူ့ပိုင်ရှင်အနား ရောက်သွားပြီ"
"ဆရာတော်ကလည်း ဝေ့လည်လည်ပြောနေပြန်ပါပြီ။ သူခိုးခိုးသွားတာ မဟုတ်လားဘုရား။ ဒါဆို ဆရာတော့် ရေဒီယို ဆုံးပြီပေါ့"
"မဆုံးပါဘူးကွာ ဆုံးတယ်ဆိုတာ မီးလောင်သွားတာတို့ မြစ်ထဲ၊ ပင်လယ်ထဲ ကျသွားတာတို့လို ဘယ်သူမှ သုံးခွင့်မရတာမှ ဆုံးတာ ခုဟာက တစ်နေရာမှာ သုံးလို့ ရနေအုန်းမှာပါ"
(တောင်တွင်းကြီးမြို့ နတ်မှီတောရ ဆရာတော်ဘုရားကြီး)

"ဆရာတော် လုပ်ပါအုန်းဘုရား။ ဒုက္ခတော့ ရောက်ကုန်ပြီ။ ရဲ တိုင်မှ ဖြစ်တော့မယ်"
"ဘာတုန်းဟ ကပ္ပိယရဲ့။ မင်းဟာ အရင်းမပါ အဖျားမပါ ပြူးတူးပြဲတဲနဲ့။ တိုးတိုးသက်သာ ပြောစမ်းပါ"
"ဆရာတော့် ပစ္စည်းတွေ ညက သူခိုး ခိုးသွားပြီဘုရား။ ဒါကြောင့် ပုလိပ် (ရဲ) ကို တိုင်မှ ဖြစ်မယ်လို့ ပြောတာပါဘုရား"
"ကပ္ပိယ ကိုယ့်ပစ္စည်း သူများအခိုးခံရတယ်ဆိုတာ ကိုယ်ကလည်း သူများပစ္စည်း ခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့။ သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ တစ်ချိန်ချိန်မှာ တူသောအကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ။ အသာနေပါ ကပ္ပိယရယ်။ မင်းလုပ်လိုက်မှ ငါ သံသရာမှာ သူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ်"
(ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရား)

တရားမသိသူများအတွက် ဥစ္စာပျောက်လျှင် ငရဲရောက်ရ၏။ တရားသိသူများအတွက်ကား ဥစ္စာပျောက်တိုင်း ကုသိုလ်ရရ၏ ဟူသော အတွေးတစ်ချက်လေး ရနိုင်ကြပါစေ ..…

(မထေရ်မြတ်တို့၏ စကားဝိုင်းမှ)

"ကလေးဖျားနေစဉ် မိဘအချို့၏ မှားယွင်း လုပ်ဆောင်နေမှုများ"


"ကလေးဖျားနေစဉ် မိဘအချို့၏ မှားယွင်း လုပ်ဆောင်နေမှုများ"

"ကလေးငယ်ကို ဆေးတိုက်လိုက်ရင် အဖျားက ကျသွားပေမယ့် ပြီးရင် ပြန်တက်လာတာပဲ ဆရာ" လို့ ကလေးမိဘ အတော်များများက ပြောတတ်ကြတယ်။ ဒါ အမှန်ပါပဲ၊ ဒီအတိုင်းပဲ ဖြစ်နေမှာပဲ။ ကလေးကို ပါရာစီတမောတိုက်ရင် ဆေးရဲ့ အာနိသင်က ငါးနာရီ၊ ခြောက်နာရီလောက်ပဲ ခံပါတယ်။ ဆေးအာနိသင် ကုန်သွားရင် အဖျားက ပြန်တက်လာပါတယ်။ နောက်တစ်ခါ ဆေးပြန်တိုက်လိုက်ရင် ကလေးက အဖျား ပြန်ကျသွားပြန်ရော။ အဲဒါက ဝင်တဲ့ ဗိုင်းရပ်စ်ပိုး အမျိုးအစားပေါ်မူတည်ပြီး (ဥပမာ တစ်ရက် ဖျားမှာလား၊ သုံးရက်ဖျား မှာလား) အဖျားကျတာ၊ မကျတာက အရေးမကြီးဘူး။ ကလေးကို ဘာပိုးဝင်ပြီး ဘယ်လိုဒုက္ခပေးနိုင်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်။

ပိုးဝင်ခြင်း

ပိုးတွေကြောင့် ရုတ်တရက် ကိုယ်ပူကြီးလာတဲ့ အချိန်မှာ ကလေးတွေက ရုတ်တရက် တက်တတ်ပါတယ်။ အဲဒါမျိုးတွေဖြစ်ရင် အမေတွေက ပိုပြီးတော့တောင် စိတ်ပူကြပါတယ်။ အဲဒီလို ကိုယ်ပူပြီး တက်တတ်တဲ့ ကလေးတွေနဲ့ မျိုးရိုးထဲမှာ အဲဒီလိုမျိုး တက်ဖူးတဲ့သူတွေ ရှိတတ်ပါတယ်။ ဥပမာ-အဖေ၊ အမေတို့က သူတို့ငယ်ငယ်တုန်းကလည်း တက်တတ်တယ်ဆိုရင် သူရဲ့ သားသမီး၊ မြေး၊ မြစ်တွေမှာ တက်တတ်တာကို တွေ့ရပါတယ်။ ဖျားမှတက်တယ်။ အသက်အရွယ် အပိုင်းအခြားကလည်း အနည်းဆုံး ခြောက်လကနေ ငါးနှစ်-ခြောက်နှစ်အထိပဲ။ အဲဒီအသက်အပိုင်းအခြားထက် ကျော်သွားရင်တော့ အဖျားကြီးပြီး တက်တယ်ဆိုတာ သိပ်မရှိတော့ဘူး။

ကိုပှုကြီးပြီး တက်လျှင်

အရေးကြီးတာက ကိုယ်ပူကြီးပြီး ရုတ်တရက်တက်တယ်ဆိုရင် အဖျားကို ပြန်ကျအောင် လုပ်လိုက်ရင် တက်တာလည်း ပြန်ကျသွားပါတယ်၊ သတိကောင်းတယ်၊ နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ အဖျားကတော့ ဆက်ရှိရင် ရှိနေမယ်။ နဂိုပုံမှန်နဲ့ ထူးမခြားနား ဖြစ်ရင်လည်း ဖြစ်နေမယ်။ အဲဒါမျိုးဆိုရင် အဖျားကြီးလို့ တက်တာမျိုးက ဘာမှ ကြောက်လန့်စရာအကြောင်း မရှိပါဘူး။ ဆေးတစ်မျိုးတည်းနဲ့ ကိုယ်ပူကြီးတာကို ချမရရင်၊ နှစ်မျိုးတွဲပေးပြီး ချချင်လည်း ချရမယ်။ ရေပတ်တိုက်တာ ဒါမှမဟုတ် အေးတဲ့အခန်း (Air-condition) ထဲ ထားတာ စတဲ့ ရောဂါပေါ်မှာ မူတည်ပြီး အဖျားကို ကျအောင် လုပ်ရတာတွေလည်း ရှိပါတယ်။ ကလေးက ဖျားတာ၊ မဖျားတာထက်စာရင် အစာစားလား၊ မစားဘူးလား၊ အရည်ဝင်လား မဝင်ဘူးလား၊ လန်းလန်းဆန်းဆန်းရှိလား၊ မလန်းဘူးလား၊ အဲဒါတွေက ပိုပြီး အရေးကြီးပါတယ်။

ရေပတ်တိုက်သင့်၊ မသင့်

တချို့မိဘတွေက အဖျားကြီးရင် အနွေးထည် မဝတ်ရဘူး၊ စောင်မခြုံရဘူး၊ ရေပတ်တိုက်ရမယ်လို့ ပြောတတ်ကြပါတယ်။ အကြမ်းဖျင်းတော့ မှန်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အအေးမိပြီး နမိုးနီးယားဝင်နေတဲ့ လူနာဆိုရင်တော့ နွေးနွေးထွေးထွေးထားဖို့ လိုအပ်ပါတယ်၊  ပါရာစီတမောတို့၊ ဘာတို့ တိုက်ပြီးတော့ အဖျားကျအောင် လုပ်တာက ပိုသင့်တော်ပါတယ်။ မိဘတွေအနေနဲ့ လုပ်သင့်တာက တတ်နိုင်သမျှ ကလေးကို အစာဝင်အောင် ကျွေးရမယ်။ အဖတ်မဝင်ရင်တောင်မှ အရည်ဝင်အောင် တိုက်ရပါမယ်။

အစားအစာ ကျွေးသင့်၊ မသင့်

မိဘအတော်များများက ကလေးတွေ ဖျားပြီဆိုတာနဲ့ ဆန်ပြုတ်ပဲ တိုက်တာ၊ ကြက်ပေါင်းရည်လေးပဲ တိုက်တာမျိုးတွေ တွေ့ရပါတယ်။ တကယ်တမ်း ကလေးက ထမင်းစားချင်စိတ်ရှိရင် ကျွေးလို့ရပါတယ်။ အဲဒီအခါမှာ ပထမအစောပိုင်း ခုနစ်ရက်လောက် ဖျားရင် ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် သာမန်အားဖြင့် အစာဖြတ်ထားစရာ မလိုပါဘူး။ ထမင်း ကျွေးလို့ရပါတယ်၊ ထမင်းမဝင်ရင် အရည်တစ်ခုခုဝင်အောင် တိုက်လို့ရပါမယ်။ ရေချည်းပဲတော့ မဟုတ်ပါဘူး။ ဖျားတိုင်း ဓာတ်ဆားရည် သောက်ရမယ်ဆိုတာလည်း မဟုတ်ပါဘူး။ ရောဂါပေါ်မှာ မူတည်ပြီး ဓာတ်ဆားရည် သောက်သင့်တဲ့ ရောဂါရှိသလို၊ ဓာတ်ဆားရည် မသောက်သင့်တဲ့ ရောဂါတွေလည်း ရှိပါတယ်။

မက်ကလောင်ဖောက်ခြင်း

မှားယွင်း လုပ်ဆောင်တတ်တာတွေကတော့ မြန်မာနိုင်ငံမှာ တွေ့ရများတာက မက်ကလောင် ဖောက်တယ်ဆိုတဲ့ ဓလေ့ရှိကြပါတယ်။ ကလေးတွေ တော်တော်နဲ့ အဖျားမကျရင် မက်ကလောင် ဖောက်ရတယ်ဆိုပြီး လက်ထိပ်တွေဖောက်၊ ခြေထိပ်တွေဖောက် လုပ်တတ်ကြပါတယ်။ ဒီထက်ပိုဆိုးတာကတော့ စအိုနားကိုပါ ဖောက်တတ်ကြပါတယ်။ အဲဒီလိုဖောက်တဲ့အခါ တချို့က ဘူးလို့ပဲ ပြောချင်ပါတယ်။ အညစ်အကြေးစွန့်တဲ့ စအိုနားမှာ ပိုးတွေက အများကြီးပဲ။ သူ့ဘာသာသူ အပြင်မှာ နေနေတဲ့ ပိုးတွေက အပ်နဲ့ဖောက်လိုက်တော့မှ သွေးထွက်ပြီး အဲဒီအပေါက်ကနေ ခန္ဓာကိုယ်ထဲ ပိုးတွေ ဝင်သွားပါတယ်။ သွေးက တစ်ကိုယ်လုံးကို လှည့်ပတ်နေတာဆိုတော့ အဲဒီကျမှ သွေးဆိပ်တက်ပြီး ကလေးက ကိုယ်ပူနေရာက အေးသွားတတ်ပါတယ်။ အဲဒါကို လူကြီးတွေက အဖျားကျသွားပြီ ထင်နေကြတာ။ တကယ်က အဖျားကျတာမဟုတ်ဘူး၊ သွေးဆိပ်တက်ပြီး မကြာခင် အသက်အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။ ဒါကြောင့် မက်ကလောင် ဖောက်တယ်ဆိုတာ မလုပ်သင့်ဘူးလို့ပဲ အကြံပြုချင်ပါတယ်။

Credit: Dr.Kyaw Zin Aung

Saturday, August 29, 2015

"အမျိုးသားတစ်ဝက်၊ အမျိုးသမီးတစ်ဝက်"


"အမျိုးသားတစ်ဝက်၊ အမျိုးသမီးတစ်ဝက်"

ရိုမေးနီးယား နိုင်ငံသားတစ်ဦးဟာ မိတ်ကပ်ပညာကို အသုံးပြုပြီး အမျိုးသားနဲ့ အမျိုးသမီးပုံစံကို တစ်ပြိုင်တည်း ဖန်တီးခဲ့ပါတယ်။ အလွန် အံ့အားသင့်စရာ ကောင်းတဲ့ ဖန်တီးမှုဖြစ်ပြီး မျက်နှာတစ်ခုတည်းမှာ အမျိုးသားတစ်ဝက်၊ အမျိုးသမီးတစ်ဝက်ပုံစံ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

ရုတ်တရက်ကြည့်ရင် သိပ်မတူသလို ရှိနေပေမယ့် ဓာတ်ပုံထဲက မျက်နှာတစ်ဖက်စီကို လက်နဲ့အုပ်ပြီး ကြည့်ပါက အမျိုးသမီး တစ်ဦးအဖြစ်ရော၊ အမျိုးသား တစ်ဦးအဖြစ်ပါ ကွဲပြားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုဖန်တီးမှုကို အသက် (၂၁) နှစ်အရွယ်ရှိ ပိုပက်စကူက ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ပိုပက်စကူဟာ မိတ်ကပ်ပညာကို ငယ်စဉ်ကတည်းက စိတ်ဝင်စားခဲ့သူ ဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ မိတ်ကပ် လိမ်းခြယ်ခြင်းကို လေ့လာခဲ့သလို သူငယ်ချင်း မိတ်ဆွေတွေထံကနေ လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။ နောက်ပြီး You Tube ကနေ မိတ်ကပ်ပညာကို လေ့လာသင်ယူမှု ပြုလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပိုပက်စကူဟာ ပြင်သစ်နိုင်ငံကို သွားရောက်ပြီး မိတ်ကပ်ပညာကို လေ့လာ သင်ယူနေကြောင်း သိရပါတယ်။ ပိုပက်စကူဟာ တေလာဆွစ်ဖ်နဲ့ လေဒီဂါဂါတို့ကို အားကျသူဖြစ်ပြီး သူတို့လိုဖြစ်အောင် မိတ်ကပ်ပညာဖြင့် ကိုယ်ကိုယ်ကိုယ် ဖန်တီးနိုင်ကြောင်း သိရပါတယ်။

Credit: messenger