Wednesday, May 4, 2016

"Best Friend နဲ့ ချစ်သူဖြစ်ရင် ရလာနိုင်တဲ့ အကျိုးကျေးဇူးများ"


"Best Friend နဲ့ ချစ်သူဖြစ်ရင် ရလာနိုင်တဲ့ အကျိုးကျေးဇူးများ"

ဘယ်သူ့ကို လက်ထပ်ရမလဲ ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး အဖြေတွေ အကြောင်းပြချက်တွေ အများကြီး ရှိပါတယ်။ လက်ထပ်မယ်ဆိုရင် အချစ်ဆုံးသူငယ်ချင်းကိုသာ လက်ထပ်ဖို့ အောက်ပါအကြောင်းပြချက်လေးတွေနဲ့ မျှဝေလိုက်ပါတယ်။

(၁) ချစ်မေတ္တာ

သာမာန်သူငယ်ချင်းအပေါ်မှာ ချစ်ခြင်းမေတ္တာမရှိဘဲ ယုံကြည်ရတဲ့ အကောင်းဆုံးသူငယ်ချင်းဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ အကောင်းဆုံး သူငယ်ချင်းဖြစ်ဖို့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာ လိုပါတယ်။ ဒီ ရှိရင်းစွဲ ချစ်ခြင်းမေတ္တာကပင်လျှင် သင်တို့ကို အဆုံးအစွန်သော နားလည်မှု ပေးမှာပါ။

(၂) ယုံကြည်မှု

အကောင်းဆုံးသူငယ်ချင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ရတဲ့သူတွေ အချင်းချင်းမှ ဖြစ်နိုင်တာပါ။ ဒီယုံကြည်မှုဟာ ခိုင်မာတဲ့ အိမ်ထောင်ရေးရဲ့ သော့ချက်ဖြစ်ပါတယ်။

(၃) တူညီသော ရည်မှန်းချက်

အချစ်ဆုံးသူငယ်ချင်းတွေမှာ တူညီတဲ့ ရည်မှန်းချက်တွေ ရှိကြပါတယ်။ သို့တည်းမဟုတ် တစ်ယောက်ရဲ့ ရည်မှန်းချက်ကို တစ်ယောက်က အပြည့်အ၀ နားလည် လက်ခံကြပါတယ်။ ဒါကလည်း သာယာတဲ့အိမ်ထောင်ရေးကို ဦးတည်စေတဲ့ အချက်ပါဘဲ။

(၄) တူညီသော ကိုယ်ကျင့်တရား

အကျင့်စရိုက် တူတဲ့သူအချင်းချင်းမှာ ပေါင်းသင်းလို့ ရပါတယ်။ တစ်ယောက်ရဲ့ အကျင့်စရိုက်ကို တစ်ယောက်က သဘောမကျပါဘဲ လက်ခံ ပေါင်းသင်းလို့ မရပါဘူး။ ဒါဟာ အိမ်ထောင်ရေးတစ်ခုမှာ အရေးပါပါတယ်။

(၅) ဘာသာရေးအမြင် တူညီတယ်

ဘာသာရေးအမြင်နဲ့ပတ်သက်ပြီး ၀ိဝါဒကွဲစရာ မရှိပါဘူး။ ဘာသာမတူတဲ့သူအချင်းချင်း အကောင်းဆုံး သူငယ်ချင်းဖြစ်နေရင်တောင် တစ်ယောက်ရဲ့ ကိုးကွယ်မှုကို တစ်ယောက်က အပြည့်အ၀ လက်ခံထားပြီးသားပါ။

(၆) ပုဂ္ဂိုလ်ရေး ရင်းနီးပြီးသား

ပွင့်လင်းတဲ့ ဆက်ဆံရေးဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနီးမှုက ပြောစရာမလိုပါဘူး။ ဒီရင်းနီးမှုကြောင့် တူညီတဲ့ လမ်းတစ်ခုကို လျှောက်တဲ့အခါ နားလည်မှု၊ ဖေးမကူညီမှု၊ အချင်းချင်း ဝေဖန်ထောက်ပြမှုတွေနဲ့ သာယာလှပပါလိမ့်မယ်။

(၇) သစ္စာရှိခြင်း

တစ်ယောက်ကို တစ်ယောက် သစ္စာစောင့်သိတဲ့နေရာမှာ အချစ်ဆုံးသူငယ်ချင်းတွေကို ဘယ်သူမှ လိုက်မမီပါဘူး။ တစ်ယောက်အပေါ် တစ်ယောက် ကွက်ကျော်ရိုက်ဖို့ မဆိုထားနဲ့ ဘေးပတ်ဝန်းကျင်က နစ်နာစေမှုတစ်ခုခု လုပ်တဲ့အခါ စိတ်လိုက်မာန်ပါ ကန့်ကွက်တတ်တာ အချစ်ဆုံးသူငယ်ချင်းတွေမှာပဲ ရှိတာပါ။

နတ်စည်တော် (Shwemom)

Credit: Shwemom

No comments:

Post a Comment