Wednesday, May 4, 2016

"အဆုတ်ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ကြမလဲ"


"အဆုတ်ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ကြမလဲ"

လူတွေ ကျန်းမာစွာ ရှင်သန်နေထိုင်နိုင်မှုမှာ သန့်ရှင်းတဲ့လေထုကို ရှုရှိုက်ရမှုဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လူတစ်ဦးချင်းစီမှာ ရှုသွင်းလိုက်တဲ့ အောက်ဆီဂျင်ဟာ ဆဲလ်တွေ ရှင်သန်မှုကို များစွာ အထောက်အကူပြုပါတယ်။  အခုခေတ် လူတွေမှာ အဆုတ်နဲ့ပတ်သက်ပြီး ရောဂါ ခံစားလာကြရရာ တရားခံတွေထဲမှာ  လေထုမသန့်ရှင်းတာလည်း ပါဝင်ပါတယ်။  ဒါကြောင့် လူတစ်ယောက်ရဲ့ ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်ဖို့အပိုင်းမှာ လေထု သန့်ရှင်းရေးဟာလည်း တိုက်ရိုက် ဆက်စပ်နေပါတယ်။  ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုကလည်း ပိုလို့များလာရာ လူတွေအတွက် နေထိုင်မှုစနစ်ဟာ ပိုလို့ ဂရုစိုက်ဖို့ လိုလာပါပြီ။

အဆုတ်ကို ထိခိုက်စေမယ့် အရာတွေကို ရှောင်ရှားပါ

ဒါကြောင့် ပထမအချက်အနေနဲ့ အဆုတ်ကို ထိခိုက်စေမယ့် အရာမှန်သမျကို ရှောင်ရှားတတ်ဖို့ လိုပါတယ်။ လူတွေအနေနဲ့ အဆုတ်ကျန်းမာရေးအတွက် ရှောင်ရှားသင့်တဲ့ အရာတွေထဲမှာ ဆေးလိပ်သောက်တာဟာ ထိပ်တန်းက ပါဝင်ပါတယ်။ ဆေးလိပ်သောက်တာဟာ အဆုတ်ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ လူတိုင်း သိရှိပါတယ်။ ဒါပေမယ့် ရှောင်ရှားနိုင်တာ နည်းတဲ့အခါ ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာ ဖြစ်ပွားတာ များပါတယ်။

ဆေးလိပ်က သောက်သုံးသူကိုရော အနီးရှိ ရှုရှိုက်မိသူတွေကိုပါ ထိခိုက်စေရာ တစ်ချို့ ဆေးလိပ်မသောက်ပါဘဲ အဆုတ်ကင်ဆာ ဖြစ်ကြတယ်ဆိုတာ ဒီလို အခြေအနေမျိုးကြောင့် ဖြစ်နိုင်တာတွေ ရှိပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ရင် လူတွေနဲ့ဝေးရာမှာ သောက်ကြဖို့၊ ကလေးတွေနဲ့ ဝေးရာမှာ သောက်ကြဖို့ တိုက်တွန်း ဆော်သြမှုတွေ ပေါ်လာခဲ့တယ်။

နောက်တစ်ချက်က လေထု ညစ်ညမ်းမှုကြောင့် မသန့်ရှင်းတဲ့ လေထုကို ရှုရှိုက်မိရာက အဆုတ်ကျန်းမာရေးကို ထိခိုက်စေတယ်။ လူတွေအနေနဲ့ အစပိုင်းလောက်မှာ မသိသာလောက်ပေမယ့် တစ်ဖြည်းဖြည်း နှစ်ကာလ ကြာရှည်လာတဲ့အခါ အဆုတ်က ခံနိုင်ရည်မရှိတော့ဘဲ အဆုတ်ကို ပျက်စီးကာ အသက်ဆုံးရှုံးကြရပါတယ်။ မကောင်းတဲ့ အနံ့အသက်တွေ၊ အခန်းတွင်း လှောင်ပိတ်နေတဲ့ အနံ့အသက်တွေ၊ လေထဲမှ လွင့်ပါလာတဲ့ အမှုန်အမွှားတွေ၊ ပြင်းထန်တဲ့ အနံ့အသက်တွေကို ရှုရှိုက်မိဖန်များလာတဲ့အခါ ရေရှည်မှာ အဆုတ်ကို ဆိုးရွားစွာ ထိခိုက်စေတော့တာပါဘဲ။ ဒါကြောင့် အိမ်တွေမှာ အခန်းတွေကို လှောင်ပိတ်မထားဘဲ မကောင်းတဲ့ အနံ့အသက်တွေ ထွက်သွားအောင် ပြတင်းတံခါး ဖွင့်ပေးရတာတွေ၊ အပြင်မှ လတ်ဆတ်တဲ့ လေကောင်းလေသန့်တွေကို ဝင်ရောက်စေတာတွေက လူတွေ ရှုရှိုက်နေတဲ့ အောက်ဆီဂျင်ကို သန့်ရှင်းစေဖို့အတွက်ကြောင့် ဖြစ်ပါတယ်။

အဆုတ်ကျန်းမာစေဖို့ ဆောင်ရွက်သင့်တဲ့အရာ

လူတွေ ပုံမှန် အသက်ရှုနှုန်းတွေဟာ တစ်ကိုယ်လုံးကို အောက်ဆီဂျင်တွေ ရာနှုန်းပြည့်ရောက်ဖို့ အလွန် နည်းပါးပါတယ်။  ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီဟာ အောက်ဆီဂျင် ထောက်ပံ့မှုနဲ့ လည်ပတ်တာ ဖြစ်ပါတယ်။ တစ်ကိုယ်လုံးကို အောက်ဆီဂျင် အပြည့်အဝ မရောက်တာဟာ အဆုတ်သာမက အခြားအဂါင်္ အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် လေကို တစ်ဝကြီး ရှုသွင်းရှုထုတ် လုပ်ဖို့လိုတာ အမှန်ပါ။ ဒါမှ တစ်ကိုယ်လုံးကို အောက်ဆီဂျင် အပြည့် ရောက်ရှိနိုင်ကာ သွေးလည်ပတ်မှု ကောင်းစေမှာ ဖြစ်ပါတယ်။

တစ်ခါတစ်ရံ လွတ်လွတ်လပ်လပ် အားရပါးရ ရယ်မောတာဟာလည်း  အဆုတ်ထဲကို အောက်ဆီဂျင် အပြည့်အဝရောက်စေတဲ့ နည်းလမ်းတစ်မျိုး ဖြစ်ပါတာယ်။ အားရပါးရ ရယ်ဖြစ်တဲ့အခါ လေကို အားနဲ့ ရှုသွင်းဖြစ်ပြီး အောက်ဆီဂျင်အပြည့် ရရှိစေတယ်။   တစ်ကိုယ်လုံးအနှံ့ အောက်ဆီဂျင်ရောက်ရှိကာ ပေါ့ပါး လန်းဆန်းသွားစေတယ်။ ဒါကြောင့် အဆုတ်ကို ကျန်းမာစေဖို့ လုပ်ဆောင်ရာမှာ ရယ်မောတာကလည်း နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အားကစားလုပ်တဲ့အခါလည်း လူတွေမှာ အသက်ကို ပြင်းပြင်းရှုကြရရာ အဆုတ်ကျန်းမာစေဖို့ နည်းလမ်းတစ်ခုမှာ အားကစားလုပ်တာလည်း ပါဝင်ပါတယ်။

အစားအသောက်ကလည်း အဆုတ်ကျန်းမာရေးကို များစွာ အထောက်ကူပြုစေတာ ရှိပါတယ်။ အစာကြေညက်လွယ်စေတဲ့ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေနဲ့ ငါးတွေမှာ အဆုတ်ကျန်းမာရေးကို ကောင်းစေတဲ့ အကျိုးကျေးဇူးတွေ များစွာ ပါဝင်ပါတယ်။ ဥပမာ အစိမ်းရောင် ဂေါ်ဖီထုပ်တွေဆိုရင် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေ အန္တရာယ်ကို များစွာ လျော့ချနိုင်စွမ်း ရှိတယ်လို့ သိရှိရပါတယ်။

အသက်ရှုတဲ့အခါ နှာခေါင်းနဲ့ အသက်မရှုဘဲ ပါးစပ်နဲ့ အသက်ရှုတာဟာ အဆုတ်ကို ထိခိုက်စေတယ်လို့ ဆေးပညာရှင်တွေက ပြောဆိုထားကြပါတယ်။ လေထဲက ပါလာတဲ့ အမှုန်လးတွေဟာ နှာခေါင်းမွှေးမှာ တွယ်ကပ်ကျန်ခဲ့တဲ့အတွက်  အဆုတ်ထဲကို ရောက်ရှိတဲ့လေတွေဟာ အမှုံအမွှားပါဝင်မှု နည်းပါးပါတယ်။ ပါးစပ်နဲ့ ရှုကြရတဲ့အခါ အမှုန်အမွှားလေးတွေကို စစ်ယူထားနိုင်တဲ့ အမွှေးလေးတွေ မရှိတာကြောင့် အဆုတ်ထဲကို အမှုံအမွှားတွေ အများကြီး ရောက်ရှိစေကာ အဆုတ်ကို ထိခိုက်စေတာ ဖြစ်ပါတယ်။

အိမ်ထဲမှာ လေထုကို သန့်ရှင်းစေဖို့ အပင်တွေ စိုက်ပျိုးထားတာဟာလည်း လတ်ဆတ်တဲ့လေကို ရရှိစေကာ အဆုတ်ကျန်းမာစေဖို့ များစွာ အထောက်အကူပြုပါတယ်။ ဒါကြောင့် အဆုတ်ကို ကျန်းမာစေဖို့ ဂရုစိုက်ကြရာမှာ အစားအသောက် အနေအထိုင် ပတ်ဝန်းကျင်ဟာ များစွာ အရေးကြီးကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Credit: Yangon Life

No comments:

Post a Comment