Tuesday, May 3, 2016

"လူတွေကို ဆွဲဆောင်ချင်ရင် ဆဲလ်ဖီပုံတွေ မသုံးပါနဲ့"


"လူတွေကို ဆွဲဆောင်ချင်ရင် ဆဲလ်ဖီပုံတွေ မသုံးပါနဲ့"

ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းကျ ဓာတ်ပုံရိုက်ထားတဲ့ ဆဲလ်ဖီပုံတွေက အကောင်းဆုံး အလှဆုံး ဖြစ်မယ်လို့ လူတွေက ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တိုရွန်တိုတက္ကသိုလ်မှ ပညာရှင်တွေရဲ့ သုတေသနရလဒ်အရ လူတွေကို စွဲဆောင်နိုင်တဲ့ ဓာတ်ပုံကောင်း လိုချင်ရင် ကိုယ့်ဘာသာ ဆဲလ်ဖီရိုက်တာထက် အခြားသူတစ်ယောက် ဓာတ်ပုံရိုက်ပေးတာက ပိုပြီးကောင်းမွန်ကြောင်း သိရပါတယ်။

ပညာရှင်တွေက သုတေသနမှာ ပါဝင်တဲ့ ဆဲလ်ဖီဝါသနာအိုးတွေရဲ့ အကောင်းဆုံးလို့ ယူဆထားသော ဆဲလ်ဖီဓာတ်ပုံတွေနဲ့ ၎င်းတို့ကို အခြားသူက ရိုက်ကူးပေးထားတဲ့ ဓာတ်ပုံတွေကို အွန်လိုင်းမှာ လွှင့်တင်စေခဲ့ပါတယ်။ ထို့နောက် အဆိုပါ ဓာတ်ပုံတွေကို လူ ၁၇၈ ဦးပါ အုပ်စုတစ်စုကို အွန်လိုင်းမှာ မြင်တွေ့နိုင်အောင် စီစဉ်ပေးထားပါတယ်။

သုတေသီတွေက ဆဲလ်ဖီဓာတ်ပုံနဲ့ အခြားသူက ရိုက်ပေးထားတဲ့ ဓာတ်ပုံတွေကို နှိုင်းယှဉ်စေပြီး စွဲဆောင်မှု မည်မျှရှိကြောင်း အမှတ်ပေးစနစ်နဲ့ စမ်းသပ်ခဲ့ပါတယ်။ ဒီလို စမ်းသပ်မှုအရ ဆဲလ်ဖီဓာတ်ပုံတွေထက် အခြားသူတစ်ဦးက ရိုက်ပေးထားတဲ့ ဓာတ်ပုံတွေက မြင်တွေ့ရသူကို ပိုမို စွဲဆောင်နိုင်ကြောင်း ကောက်ချက်ချနိုင်ခဲ့ကြောင်း သိရပါတယ်။

ဖေ့စ်ဘွတ်ကဲ့သို့ ဆိုရှယ်မီဒီယာတွေ ခေတ်စားလာမှုနဲ့ စမတ်ဖုန်းအသုံးပြုမှု များပြားလာမှုကြောင့် ဆဲလ်ဖီရိုက်ကာ အွန်လိုင်းမှာ လွှင့်တင်မှု များပြားလာပေမဲ့ လူတွေကို စွဲဆောင်နိုင်တဲ့ ဓာတ်ပုံမှာ ဆဲလ်ဖီဓာတ်ပုံထက် အခြားသူက ရိုက်ကူးပေးထားတဲ့ ဓာတ်ပုံဖြစ်ကြောင်း ပညာရှင်တွေက ဆိုပါတယ်။

Source & Photo: Daily Mail

Credit: duwun

No comments:

Post a Comment