Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts
Saturday, June 20, 2015
" အဖေများနေ့ " အမှတ်တရ
" အဖေများနေ့ " အမှတ်တရ
ဇွန်လရဲ့ တတိယမြောက် တနင်္ဂနွေနေ့ကို အဖေများနေ့အဖြစ် သတ်မှတ်ပြီး နိုင်ငံအတော်များများမှာ အဖေနေ့ (အဖေများနေ့) အထိမ်းအမှတ် အခမ်းအနားလေးတွေ ကျင်းပပြုလုပ်ကြလေ့ ရှိပါတယ်။ အဖေများနေ့ဆိုတဲ့အတိုင်း အဖေတွေကို တစ်နည်း ဖခင်တွေကို ဂုဏ်ပြုတာပေါ့လေ။ အများအားဖြင့်တော့ အမေတွေရဲ့ ကျေးဇူး၊ အမေတွေရဲ့ မေတ္တာကို ခမ်းခမ်းနားနား၊ တခုတ်တရ ဖော်ကျူးပြောဆို တတ်ကြပေမယ့် အဖေတွေရဲ့ အခန်းကဏ္ဍကိုတော့ မေ့လျော့နေတတ်ကြပါတယ်။
ကျွန်တော်တို့မြန်မာ့ယဉ်ကျေးမှုမှာတော့ မိဘနှစ်ပါးလုံးကို အနန္တောအနန္တငါးပါးထဲမှာ ထည့်သွင်းဂုဏ်ပြုထားပါတယ်။ အမေတွေမှာ မွေးကျွေးဇူးရှိသလို၊ အဖေတွေမှာလည်း ကျွေးကျေးဇူးရှိတယ်လို့ အလွယ်ပြောတတ်ကြပါတယ်။ ကျွန်တော့်အမြင်ပြောရရင်တော့ အဖေတွေရဲ့ ကျေးဇူးတွေဟာ ကျွေးကျေးဇူးဆိုတာထက် ပိုပါတယ်။ အနောက်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေအရ အဖေတွေကို နေရာမပေးတတ်ကြတာကို နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အရှေ့တိုင်း ယဉ်ကျေးမှုမှာကတော့ အဖေနဲ့အမေရဲ့ ကျေးဇူးဟာ အတူတူပါပဲ။ ကျွန်တော်တို့တွေကို လူသားတစ်ယောက်အဖြစ် ဖြစ်တည်မှုပေးလိုက်ပြီဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် သူတို့ရဲ့ကျေးဇူးတွေဟာ ကျွန်တော်တို့တစ်ကိုယ်လုံးမှာ လွှမ်းခြုံထားပြီလို့ ကျွန်တော်က ဆိုချင်ပါတယ်။ အဖေနဲ့အမေရဲ့ သွေးသားတွေ ပေါင်းစပ်ပြီးမှသာ ကျွန်တော်တို့တွေ လူဖြစ်ခွင့် ရလာကြတာပါ။ အဲဒါကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ အဖေရဲ့သွေးရော၊ အမေ့ရဲ့သွေးပါ ပေါင်းစပ်ဖွဲ့စည်းထားတာသာဖြစ်လို့ နှစ်ဦးစလုံးရဲ့ ကျေးဇူးတရားတွေ ကျွန်တော်တို့အပေါ်မှာ ရှိနေတယ်ဆိုတာ ပြောစရာလိုအံ့မထင်ပါ။
ကျွန်တော့်ခံစားချက်အရ "အမေ" ဆိုတဲ့ စကားလုံးမှာ အေးချမ်းခြင်း၊ ချစ်ခင်ခြင်း၊ နှစ်လိုဖွယ်ရာရှိခြင်း၊ ရွှင်ပြုံခြင်း၊ နွေးထွေးခြင်း စတဲ့ ချစ်ခြင်းမေတ္တာတရားတွေ လွှမ်းခြုံနေတယ်လို့ ခံစားရပါတယ်။ ဒါဆိုရင် "အဖေ" ဆိုတဲ့ စကားလုံးမှာရော။ အားကိုးခြင်း၊ ယုံကြည်ခြင်း၊ လေးစားခြင်း၊ ရဲရင့်ခြင်း၊ ခွန်အားရှိခြင်းဆိုတဲ့ အရာတွေအားလုံး လွှမ်းခြုံနေတယ်လို့ ဆိုချင်ပါတယ်။
ပြောတတ်ကြတဲ့ စကားလေးတစ်ခွန်း ရှိပါတယ်။ အဖေက "နေ"၊ အမေက "လ" တဲ့။ အများစုက သိပ်သဘောကျတဲ့ စကားလေးပါ။ ကျွန်တော်လည်း သဘောကျပါတယ်။ သေသေချာချာ တွေးကြည့်လေ၊ နှစ်ခြိုက်မိလေပါပဲ။ ကျွန်တော်တို့တွေ အချစ်ပိုနေကြတဲ့ အမေတွေဟာ အဖေဆိုတဲ့ နေမင်းကြီးကြောင့် အေးအေးချမ်းချမ်း၊ ငွါးငွါးစွင့်စွင့်နဲ့သာ နေနိုင်တာပါ။ ကျွန်တော်တို့တွေကို ပေးနေတဲ့ ချစ်ခြင်းမေတ္တာလရောင်တွေဟာ အဖေဆီကနေလာတဲ့ အရာတွေဆိုတာ ကျွန်တော်တို့တွေ ဘာကြောင့်များ မေ့လျော့နေခဲ့ကြပါသလဲ။
အဖေများနေ့ဆိုတာ သတ်မှတ်ချက်တစ်ခုပါ။ ဒီနေ့တစ်နေ့တည်းမှာပဲ အဖေတွေကို သတိရကြဖို့၊ အဖေတွေရဲ့ ကျေးဇူးတွေကို အောက်မေ့ကြဖို့ မဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်း သတိရနေမယ်၊ အလေးအမြတ် ပြုနေမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ မိမိရင်ထဲမှာ အဖေနဲ့ အမေဆိုတဲ့ မိဘနှစ်ပါး အမြဲတမ်းရှိနေဖို့ အရေးကြီးပါတယ်။ အဖေနဲ့ အမေဆိုတာ ခွဲခြားလို့ မရစကောင်းပါ။
၂၀၁၅ ပြည့်နှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ အဖေများနေ့မှာ ကမ္ဘာပေါ်က ဖခင်များအားလုံးကို ဂုဏ်ပြုလိုက်ရပါတယ်။
Subscribe to:
Posts (Atom)
