" တရားရှာ နေရာမရွေး "
လွန်ခဲ့သော သုံးနှစ်ခန့်ကာလက ဘူပင်ဒါဆင်းဆိုသူ အသက် (၂၃) နှစ်အရွယ် လူထွားလူကြမ်းကြီး တစ်ဦးသည် နယူးဒေလီမြို့ ဆင်ခြေဖုန်းတွင် တည်ရှိသော တီဟာ အကျဉ်းထောင်သို့ အပို့ခံရပါသည်။ အဆိုပါပုဂ္ဂိုလ်မှာ လူသတ်မှုဖြင့် အပြစ်ပေးခံရခြင်းဖြစ်ပါသည်။ ဘူပင်ဒါဆင်းသည် အကျဉ်းထောင်သို့ရောက်ခါစ၌ အလွန်ဒေါသကြီးပြီး အကြမ်းဖက်လိုသူ တစ်ဦးဖြစ်ပါသည်။
နောင်အခါ ၁၉၉၉ ခုနှစ်၌ သူသည် အကျဉ်းထောင်အတွင်း စီစဉ်ပေးထားသော တရားထိုင်ခြင်း အစီအစဉ်၌ ပါဝင်လာရာ “အခုဆိုရင်ခင်ဗျားတို့ ဘူပင်ဒါဆင်းကို မှတ်တောင်မှတ်မိမှာ မဟုတ်တော့ဘူး။ သူဟာ စိတ်နေစိတ်ထား သိမ်မွေ့လာရုံတင်မကဘူး တခြားလူတွေအပေါ်မှာလည်း ကူညီရိုင်းပင်းလာတာကို တွေ့ရတယ်” ဟူ၍ အကျဉ်းထောင်ပိုင်ဖြစ်သူ ဆူနီဂုပတေးက ပြောပြပါသည်။
အကျဉ်းသားဦးရေ တစ်သောင်းခန့်ရှိသော တီဟာအကျဉ်းထောင်သည် အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးသော အကျဉ်းထောင်တစ်ခု ဖြစ်ရုံသာမက အန္တရာယ်အကြီးဆုံးသော ရာဇ၀တ်သားများကို ချုပ်နှောင်ရာဌာနကြီးလည်း ဖြစ်ပါသည်။ ဤအကျဉ်းထောင်သည် မူးယစ်ဆေးဝါး သယ်ယူ တင်သွင်းသည့် ရာဇ၀တ်သားများ၊ မုဒိမ်း မှုကျူးလွန်သူများ၊ ဂိုဏ်းဖွဲ့၍ ဆိုးသွမ်းလုယက်သူများ၏ စံမြန်းရာ ဂေဟာလည်း ဖြစ်ပါသည်။
သို့ရာတွင် များမကြာမီကစတင်၍ တီဟာ အကျဉ်းထောင်ကြီးသည် ယခင်ကကဲ့သို့ အန္တရာယ် မကြီးမားတော့ဘဲ ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာခဲ့ပါသည်။ ကီရန်ဘီဒီအမည်ရှိသော ရဲအရာရှိတစ်ဦး၏ ကျေးဇူးကြောင့် ဖြစ်ပေါ်လာခဲ့ရပေသည်။ တစ်ချိန်က အန္တရာယ်ကြီးသော ဆိုးသွမ်း ရာဇ၀တ်သားများသည် ယခုအခါ ငြိမ်းချမ်းရေး၊ မေတ္တာတရားနှင့် နားလည်စာနာတတ်မှု တရားများကို အလေးထား မြတ်နိုးလာကြပါပြီ။
အကျဉ်းသား ရာပေါင်းများစွာသည် နေ့စဉ် တရားရှုမှတ်နေကြပြီး ပြောင်းလဲတိုးတက်လာသော လူများ ဖြစ်လာနေကြပါသည်။ သူတို့၏ အကြမ်းဖက်လိုသော စရိုက်ဆိုးများနေရာ၌ ချမ်းမြေ့ တည်ငြိမ်မှုများက အစားဝင်ရောက်ရှိလာပါသည်။ များစွာသော အကျဉ်းသားတို့သည် တိုက်ခိုက် သတ်ဖြတ်လိုစိတ်များ ပျောက်ကွယ်ကာ အကျဉ်းထောင်တွင်း၌ ပန်းပင်၊ ပန်းခင်းများ စိုက်ပျိုး လာကြပါသည်။
တရားရှုမှတ်ခြင်းဟာ အကျဉ်းသားတွေရဲ့ စိတ်ကို တည်ငြိမ်အေးချမ်းလာစေတယ်။ လောကကြီးကို မြင်တဲ့သူတို့ရဲ့အမြင်တွေကိုလည်း ပြောင်းလဲလာစေခဲ့တယ် ဟူ၍ တီဟာအကျဉ်းထောင် အရာရှိတစ်ဦးဖြစ်သူ ဗွီပီဂါ့ဂ်ျက ပြောပြပါသည်။
ပရာဗင်ချောင်လားဆိုသူ အကျဉ်းသားသည် အသက် (၂၈) အရွယ်ရှိပြီး ၄င်းနှင့်ရည်းစားဖြစ်ခဲ့ဖူးသူ မိန်းမပျိုတစ်ဦးအား အလိုမတူဘဲ မုဒိမ်းမှုပြုကျင့်ခဲ့သဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရသူဖြစ်ပါသည်။ သူသည်လည်း တီဟာ အကျဉ်းထောင်၏ လူသစ်စိတ်သစ် မွေးမြူရေး အစီအစဉ်၌ စံပြအကျဉ်းသား ဖြစ်လာခဲ့ပါပြီ။
၎င်းကပြောပြရာတွင် သူသည်အကျဉ်းထောင်သို့ ရောက်စက အလွန်စိတ်ကျဉ်းကျပ်နေခဲ့ကြောင်း မိမိအပေါ် မတရားဖမ်းဆီး အပြစ်ပေးနေသည်ဟု စိတ်မှာ ခံစားနေမိကြောင်း၊ သို့သော် တရားရှုမှတ်မှု ကျင့်စဉ်များကို ကျင့်ကြံလာခဲ့ပြီးနောက် စိတ်ပြောင်းလဲလာပုံကို အောက်ပါအတိုင်း ပြောပြပါသည်။
“ကျွန်တော် ကိုယ့်ကိုယ်ကိုလည်း မကျေမနပ် မဖြစ်တော့ဘူး။ သူများတွေနဲ့လည်း ရန်မဖြစ်တော့ဘူး။ သူသည်ယခုအခါ တရားထိုင်တရားနည်းပြဆရာတစ်ဦး ဖြစ်လာခဲ့ပါပြီ။ ဒီအကျဉ်းထောင် ၀င်းထဲတွင်မှာပဲ ငြိမ်းချမ်းမှုနဲ့ အလွန်လေးနက်တဲ့ လွပ်လပ်မှုအရသာကို ခံစားရရှိနိုင်တာကို ကျွန်တော်သိလာရတယ်။ တရားရှုမှတ်ခြင်းဟာ လွတ်မြောက်မှုကို ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် အရင်တုန်းက တစ်ခါမျှမတွေး ထင်ခဲ့မိဘူးဗျာ” ဟု သူကပြောပြပါသည်။
တီဟာ အကျဉ်းထောင်အတွင်း၌ တရားရှုမှတ်မှုဆိုင်ရာ ယောဂီကျင့်စဉ်လေးမျိုးကို စေတနာ့ဝန်ထမ်း သင်တန်းဆင်း ပုဂ္ဂိုလ်များက လာရောက်ပို့ချ လေ့ကျင့် သင်ကြားပေးခဲ့ကြပါသည်။ ယင်းကျင့်စဉ်လေးမျိုးအနက် ၀ိပဿနာကျင့်စဉ်မှာ လူကြိုက်အများဆုံးဖြစ်ပါသည်။ ၀ိပဿနာ ဟူသော ဝေါဟာရ၏အဓိပ္ပါယ်မှာ အကြောင်းအရာတို့ကို သူ့အရှိအတိုင်း သဘာဝအတိုင်း ရှုမြင်သုံးသပ်ခြင်း ဟူ၍ အဓိပ္ပါယ်ဆောင်ပါသည်။
ဤကျင့်စဉ်မှာ အိန္ဒိယရှေးဟောင်း ကျင့်စဉ်များ အနက်မှ ရှေးအကျဆုံး ကျင့်စဉ်များထဲတွင် တစ်ခုအပါအ၀င် ဖြစ်ပေသည်။ နီးကပ်စွာ အပြန်အလှန် ဆက်သွယ်နေမှုကို မြင်အောင် ရှုမှတ်ရန် သင်ကြားပေးခြင်း ဖြစ်ပါသည်။
တီဟာ အကျဉ်းထောင်က (၁၀) ရက်တရားစခန်းများ ပြုလုပ်စီစဉ်ပေးပါသည်။ ထိုကာလအတွင်း တရားရှုမှတ်သူ အကျဉ်းသားတို့သည် စကားပြောဆိုခြင်း လိင်ကိစ္စပြုမူခြင်း၊ မူယစ်ဆေး သုံးဆောင်ခြင်း စသည်တို့ကို မပြုလုပ်တော့ဘဲ မိမိစိတ်ကို မိမိထိန်းချုပ်သည့် အလေ့အကျင့်ကို ရယူကြပါသည်။
သူတို့သည် တရားစခန်းဝင်နေသည့် ကာလအတွင်း စိတ်ငြိမ်သော အခန်းအတွင်း၌ အချိန် ကြာနိုင်သမျှကြာကြာ နေ့စဉ်ထိုင်ကြရပါသည်။ သူတို့၏ စိတ်အာရုံကို အသက်ရှုရှိုက်မှုအပေါ်၌ စူးစိုက်ထားကြရပါသည်။ စတုတ္ထမြောက်နေ့တွင် စခန်းဝင်တရားထိုင်သူသည် စိတ်၏ဆန္ဒ၊ ကိုယ်ခန္ဓာ၏ဆန္ဒတို့ကို တုံ့ပြန်မှုမပြုကြရသည့် နည်းလမ်းများ လေ့ကျင့်ကြရပါသည်။ ထိုသို့ ကျင့်ကြံခြင်းအားဖြင့် စိတ်တည်ကြည်ငြိမ်သက်မှု ၀ိပဿနာတရားက ဖွင့်ဆိုထားပါသည်။
အိန္ဒိယအစိုးရသည် တီဟာ အကျဉ်းထောင်မှ ရလဒ်ကောင်းများကို အလေးဂရုပြုမိသဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင်များအားလုံး၌လည်း အလားတူတရားစခန်းများ ဖွင့်လှစ်ဖို့ ညွှန်ကြားခဲ့ပါသည်။
တီဟာ အကျဉ်းထောင်မှ အရာရှိများက ဤသို့တရားစခန်းများ ဖွင့်လှစ်တည်ထောင်စေခြင်းဖြင့် အခါခပ်သိမ်း အကျိုးဖြစ်ထွန်းလိမ့်မည်ဟူ၍ကား မိမိတို့မဆိုလိုကြောင်း၊ အချို့သော အကျဉ်းသားများသည် စိတ်ကျဉ်းကျပ်မှုဒဏ် မခံနိုင်သဖြင့် တရားရှုမှတ်မှုကို လျင်မြန်စွာ လက်လျော့သွားတတ်ကြသည့် အဖြစ်များလည်း ရှိတတ်ပါသေးသည်။ သို့သော် စိတ်ကျဉ်းကျပ်မှုကို ကြံကြံခံနိုင်သူများကား အကျိုးတရား ခံစားကြရမည်သာ ဖြစ်ပါသည်။
ကျွန်တော့ရဲ့အမှုအယူခံလွှာကို တရားရုံးက ထပ်မံပြီးရွေ့ဆိုင်းထားလိုက်ပြန်ပြီလို့ ကျွန်တော်ကြားရတဲ့ အချိန်မှာ မတုန်လှုပ်တော့ပါဘူးဟု ဘူပင်ဒါဆင်းက ပြောပြပါသည်။
တကယ်တော့ ဘူပင်ဒါဆင်း တစ်ယောက် ထောင်ထဲမှာ အချိန်ကြာကြာနေရခြင်းကို ကံကောင်းသည်ဟု မှတ်ယူထားပါသည်။ သူသည် မိမိစိတ်ကို မိမိထိန်းနိုင်ဖို့အတွက် ခရီးရှည်ကြီးကို ဆက်လက်ချီတက်နိုင်သည် မဟုတ်ပါလား။
ဘာသာပြန်သူ မောင်မောင်ထွေး
မူရင်း
Nirvana Behind Bars
By Studip Mazumdar
Newsweek Seotember 18,2000.
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း၊ အတွဲ(၃)၊ အမှတ်(၁၀)
Wednesday, February 25, 2015
" တရားရှာ နေရာမရွေး "
Labels:
တရားတော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment