Monday, February 23, 2015

" နွားနို့သည် အရိုးများကို သန်မာစေခြင်းမရှိဘဲ အသက်အရွယ်ကြီးရင့်စေကြောင်း အသစ်လေ့လာတွေ့ရှိ "

" နွားနို့သည် အရိုးများကို သန်မာစေခြင်းမရှိဘဲ အသက်အရွယ်ကြီးရင့်စေကြောင်း အသစ်လေ့လာတွေ့ရှိ "

နွားနို့သည် အရိုးများကို ကြီးထွားသန်မာစေသည်ဟု မူလကယုံကြည်ထားချက်သည် မှားယွင်းနေပြီး နွားနို့တွင် ပါရှိသော သကြားဓါတ်များက အသက်အရွယ်ကြီးရင့်မှုကို မြန်ဆန်စေကြောင်း ဆွီဒင်နိုင်ငံ အပ်ပဆာလာတက္ကသိုလ်မှ သုတေသီများက အသစ်လေ့လာတွေ့ရှိ ထုတ်ပြန်ကြေငြာထားသည်။

ဆွီဒင်နိုင်ငံတွင် လူပေါင်း (၁) သိန်းထက်မနည်း တို့၏ နွားနို့နှင့်နို့ထွက်ပစ္စည်း စားသုံးခြင်းကို သုတေသီများက စောင့်ကြည့်လေ့လာခဲ့ကြသည်။ ၁၉၈၇ ခုနှစ်မှ ၁၉၉၀ အတွင်း အမျိုးသမီး ၆၁၄၀၀ ဦး ကိုလည်းကောင်း၊ ၁၉၉၇ နောက်ပိုင်းတွင် အမျိုးသား ၄၅၃၀၀ ဦးကိုလည်းကောင်း နွားနို့ ၊ ဒိန်ခဲနှင့် နို့ချဉ် မည်ရွေ့မည်မျှသောက်သုံးသည်ကို မေးမြန်း စာရင်းပြုစုထားရှိခဲ့ပြီး အမျိုးသမီးများကို နောက်ထပ် (၂၀) နှစ်၊ အမျိုးသားများကို နောက်ထပ် (၁၁) နှစ် စောင့်ကြည့်လေ့လာခဲ့ကြရာ တစ်ရက်လျင် နွားနို့ (၃) ခွက်ထက်ပို၍ သောက်သော အမျိုးသမီးများသည် နွားနို့ အသောက်နည်းသော အမျိုးသမီး များထက် အရိုးကျိုးသည့်နှုန်း ပိုသည်ကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

နွားနို့ အသောက်များတဲ့ အမျိုးသမီးတွေက အရိုးကြွပ်ပြီး ပိုကျိုးလွယ်ပါတယ်။ နွားနို့အသောက်များတဲ့ အမျိုးသား တွေရော၊ အမျိုးသမီးတွေပါ သေဆုံးချိန်ပိုစောတာကို တွေ့ရပါတယ်။ တစ်ရက်ကို နွားနို့ (၃) ခွက်နဲ့အထက် သောက်တဲ့ အမျိုးသမီးတွေဟာ တစ်ရက်ကို နွားနို့ တစ်ခွက်ပဲသောက်တဲ့ အမျိုးသမီးတွေထက် အချိန်မတိုင်မှီ သေဆုံးနိုင်ခြေ ၂-ဆ ပိုပါပြီး တင်ပဆုံရိုးကျိုးဖို့ ရာနှုန်း (၅၀) ပိုပါတယ် ဟု သုတေသီတစ်ဦးက ပြောပြသည်။

သို့သော် နို့ချဉ်ကဲ့သို့ နို့ထွက်ပစ္စည်းများကို စားသုံးသူများတွင်မူ အရိုးခိုင်မာလာသည်ကို တွေ့ရှိရသည့်အတွက် နွားနို့တွင်ပါရှိသော လက်ခတို့စ်နှင့် ဂလက်တို့စ် သကြားဓါတ်ပါဝင်မှုသည် နို့ချဉ်တွင် လျော့နဲသွားခြင်းကြောင့် ဖြစ်နိုင်ကြောင်း၊ သို့သော် နွားနို့ဖြစ်စေ၊ နို့ချဉ်ဖြစ်စေ အိုမင်းရင့်ရော်ခြင်းကို မြန်ဆန်စေနိုင်ကြောင်း ဤသုတေသန စာတမ်းတွင် ဖော်ပြပါရှိသည်။

သို့သော် နွားနို့သောက်သုံးသူများသည် အယ်လကိုဟောသောက်သုံးခြင်း၊ ကျန်းမာသော ကိုယ်အလေးချိန် မရှိခြင်း တို့ကြောင့်လည်း အရိုးကြွပ်ဆတ်ပြီး အိုမင်းရင့်ရော်မှု မြန်ဆန်ခြင်းတို့  ဖြစ်နိုင်သေးသည်ဟု သုတေသီများ က ယူဆသည့်အတွက် နွားနို့နှင့်နို့ထွက်ပစ္စည်းတို့ကို အလွန်အကျွံသောက်သုံးခြင်းကြောင့် အရိုးကြွပ်ဆတ်ပြီး အသက်တိုစေသည်ဟူသည့် အဆိုပြုချက်ကို သိပ္ပံပညာရှင်များ အတည်မပြုနိုင်သေးပေ။

နွားနို့က အရိုးကိုသန်မာစေပြီး တင်ပဆုံရိုးကို ပိုမိုခိုင်မာလာစေသလို နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါကိုလည်း အထိုက်အလျောက် အကျိုးပြုတယ်လို့  ကမ္ဘာပေါ်မှာ ကျယ်ပြန့်စွာ သိရှိယုံကြည်ထားတဲ့အတွက် ဆန့်ကျင်ဘက် သဘောဆန်နေတဲ့ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်ကို အခုထက်ပိုပြီး ခိုင်မာပြည့်စုံလာအောင် ဆက်လက်လေ့လာ နေပါတယ်ဟု ဦးဆောင်သုတေသီတစ်ဦးက ပြောပြသည်။


Credit : Lashio News Diary


No comments:

Post a Comment