" ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စိတ်ကြိုက်မြန်မာစာဖြေဆိုသူ ယမန်နှစ်ကလို နှစ်ဦးသာရှိ "
ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ စိတ်ကြိုက်မြန်မာစာဘာသာရပ် ဖြေဆိုမည့်သူ နှစ်ဦးသာရှိနေပြီး ယခင်နှစ်များက ဝင်ရောက်ဖြေဆိုခဲ့သူများဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သတင်းရရှိသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲတွင် သက်ဆိုင်ရာ ဘာသာတွဲများအလိုက် ဖြေဆိုရန် စာရင်းပေးသူ ခြောက်သိန်းသုံးသောင်းကျော် အနက် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဖြေဆိုမည့်သူ နှစ်ဦးသာ စာရင်းပေးထားခြင်းဖြစ်သည်။
ကော့သောင်းမြို့နယ်မှ ကျောင်းသားတစ်ဦးနှင့် စမ်းချောင်းမြို့နယ်မှ ကျောင်းသူတစ်ဦးတို့သည် ယခင်နှစ်က စိတ်ကြိုက်မြန်မာစာဘာသာရပ် ပါဝင်သော ဘာသာတွဲကို ဖြေဆိုခဲ့သော်လည်း ကျရှုံးခဲ့ပြီး ယခုနှစ်တွင် ပြန်လည်ဖြေဆိုမည်ဖြစ်သည်။
‘‘မနှစ်က ဖြေဆိုတဲ့နှစ် ယောက်ပါပဲ။ ဘာသာတွဲ ရွေးချယ်တဲ့နေရာမှာ ဝိဇ္ဇာဘာသာရပ်တွေ ယူပြီး ဖြေဆိုတဲ့ အရေအတွက်က ပိုနည်းနေပါတယ်’’ ဟု မြန်မာနိုင်ငံစာစစ် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မတ်လ ၁၄ ရက် (စနေနေ့) တွင် စစ်ဆေးမည့် စိတ်ကြိုက် မြန်မာစာဘာသာရပ်၌ အဆိုပါဖြေဆိုသူနှစ်ဦး မရှိပါက တစ်နိုင်ငံလုံးမှ ယင်းဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ မရှိသော အခြေအနေနှင့် ကြုံတွေ့နိုင်သည်။
နှစ်စဉ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘောဂဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒဘာသာတို့ ပါဝင်သော ဘာသာတွဲဖြေဆိုသူ အများဆုံး ဖြစ်နေပြီး ပထဝီဝင်နှင့် သမိုင်းဘာသာရပ်ဖြေဆိုသူ ရာခိုင်နှုန်းလည်း သိသိသာသာ နည်းပါးနေသည်။
ယခင်နှစ်က တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူ ငါးသိန်း ရှစ်သောင်းကျော်ရှိခဲ့ပြီး ယခု ပညာသင်နှစ်၌ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ ငါးသောင်းကျော် မြင့်တက်သွား ခြင်းဖြစ်သည်။
7Day Daily
စမ်းချောင်းမြို့နယ်မှ ဖြေဆိုသူကို ပြီးခဲ့သည့်နှစ်က တွေ့ရစဉ်(ဓာတ်ပုံ - ကျော်ဇင်သန်း)
Wednesday, February 25, 2015
" ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စိတ်ကြိုက်မြန်မာစာဖြေဆိုသူ ယမန်နှစ်ကလို နှစ်ဦးသာရှိ "
Labels:
ပြည်တွင်း သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment